Top News

Avengers: Endgame ဇာတ်ကား တရုတ်၌ ပွဲဦးထွက် ဖြန့်ချိသည့်နေ့တွင် လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာသန်း ၁၀၀ ကျော်အထိ စံချိန်တင်ရရှိ
24htopnews | November 28, 2024 5:12 PM CST

မာဗယ်၏ စူပါဟီးရိုးဇာတ်ကားသစ် Avengers: Endgame သည် Monster Hunt 2 ဇာတ်ကားကို ကျော်တက်ပြီး တရုတ်ရုပ်ရှင်သမိုင်းတွင် ပွဲဦးထွက်ပြသသည့်ရက်၌ ဝင်ငွေအများဆုံး ဇာတ်ကားသစ်အဖြစ် စံချိန်တင်ခဲ့သည်ဟု China Box Office ၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်၌ ဧပြီ ၂၂ ရက်က ဖြန့်ချိခဲ့သည့် ယင်းဇာတ်ကားသည် လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ၁၀၇.၂ သန်းအထိ စံချိန်တင်ရရှိခဲ့သည်ဟု ဝေါဒစ္စနေကုမ္ပဏီက ဧပြီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Endgame ဇာတ်ကားသည် တရုတ်တွင် စုစုပေါင်း လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ၅၂၁ သန်းခန့် ရရှိနိုင်ခြေရှိသည်ဟု အွန်လိုင်းလက်မှတ်ရောင်းချသည့် ဝက်ဘ်ဆိုက် Maoyan က ခန့်မှန်းခဲ့သည်။ ယင်းဇာတ်ကားသည် တရုတ်တွင် လက်မှတ်ရောင်းချမှု ဝင်ငွေအများဆုံးရရှိသည့် ပထမဆုံး နိုင်ငံခြားဇာတ်ကား ဖြစ်လာနိုင်ခြေရှိသည်ဟုလည်း ခန့်မှန်းချက်များ ထွက်ရှိခဲ့သည်။

Iron Man, Thor နှင့် Black Widow အစရှိသည့် နာမည်ကြီးဇာတ်ကောင်များပါဝင်သည့် Marvel Cinematic Universe (MCU) ၏  ၂၂ ကားမြောက် စူပါဟီးရိုးဇာတ်ကား Endgame သည် ရုပ်ရှင်ဝေဖန်ရေးသမားများ၏ ချီးမွမ်းမှုရရှိခဲ့သည်။ ဧပြီ ၂၄ ရက်တွင် Rotten Tomatoes က စုစည်းခဲ့သည့်  Endgame ဇာတ်ကားအတွက် သုံးသပ်မှု ၉၇ ရာခိုင်နှုန်းသည်  အကောင်းမြင်သည့် သုံးသပ်ချက်များဖြစ်သည်။

ယင်းဇာတ်ကားသည် ရုပ်ရှင်သမိုင်းတစ်လျှောက်တွင် စံချိန်များစွာ ချိုးဖျက်နိုင်ခြေရှိသည်ဟုလည်း ပညာရှင်များက ခန့်မှန်းခဲ့ကြသည်။

Avengers: Infinity War ၏ နောက်ဆက်တွဲဖြစ်သည့် Endgame ဇာတ်ကားကို အမေရိကန်နှင့် ကနေဒါတွင် ဧပြီ ၂၆ ရက်၌ ဖြန့်ချိမည်ဖြစ်သည်။


READ NEXT
Cancel OK