Top News

အခွန်ရှောင်မှု အရှုပ်တော်ပုံအပြီး ဖန်ပင်းပင်း လူမြင်ကွင်းရှေ့ပြန်ထွက်
24htopnews | November 28, 2024 5:12 PM CST

အခွန်ရှောင်မှု အရှုပ်တော်ပုံပေါ်ပေါက်ခဲ့ပြီးနောက် တစ်နှစ်ကြာပျောက်ကွယ်နေသည့် တရုတ်ထိပ်တန်းသရုပ်ဆောင် ဖန်ပင်းပင်းသည် လူမြင်ကွင်းရှေ့ တစ်ဖန်ပြန်လည် ထွက်ရှိလာခဲ့သည်။

ဖန်ပင်းပင်းသည် တရုတ်အွန်လိုင်း ဗီဒီယိုဝက်ဘ်ဆိုက် iQiyi အတွက် ဧပြီ ၂၂ ရက်တွင် ပေကျင်း၌ပြုလုပ်ခဲ့သည့် ကော်ဇောနီ အခမ်းအနားတစ်ခုကို  တက်ရောက်ခဲ့ခြင်းဖြင့် လူမြင်ကွင်းရှေ့ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။  Alexander McQueen တံဆိပ် ပန်းရောင်ကုတ်အကျႌနှင့် အနက်ရောင်ဘောင်းဘီဝတ်ဆင်ပြီး  Louis Vuitton အိတ်ကိုင်လျက် ယင်းအခမ်းအနား တက်ခဲ့သည့် ဓာတ်ပုံများကို ဖန်ပင်းပင်းက Instagram တွင် ဖော်ပြခဲ့သည်။

အသက် ၃၇ နှစ်အရွယ် သရုပ်ဆောင်၊ မော်ဒယ်၊ အဆိုတော်၊ ထုတ်လုပ်သူ ဖန်ပင်းပင်းသည် တရုတ်နိုင်ငံတွင် ထင်ရှားသော သရုပ်ဆောင်တစ်ဦးဖြစ်ပြီး  ၂၀၁၄ ခုနှစ်က ဖြန့်ချိခဲ့သည့်  X-Men:Days of Future Past ဇာတ်ကားဖြင့် ဟောလိဝုဒ်တွင် အောင်မြင်မှု ရရှိခဲ့သည်။

ဖန်ပင်းပင်းသည်  ရုပ်ရှင်လုပ်ငန်းမှရရှိသည့် ဝင်ငွေများအပေါ် အခွန်ရှောင်ခဲ့သည် ဆိုသော စွပ်စွဲချက်များထွက်ရှိခဲ့ပြီးနောက်  ပြီးခဲ့သည့်နှစ် မေတွင် စစ်ဆေးမေးမြန်းခံခဲ့ရပြီး ဒဏ်ငွေ ဒေါ်လာ ၁၂၉ သန်း ချမှတ်ခံခဲ့ရသည်။

အခွန်အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ပြီးနောက် အနုပညာအလုပ်များ ရပ်နားခဲ့သည့် ဖန်ပင်းပင်းသည် ဟောလိဝုဒ်ဇာတ်ကား  355 တွင် ပါဝင်မည်ဟု သတင်းရင်းမြစ်များက Variety မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။

ဖန်သည် ၂၀၁၇ ခုနှစ်တွင် ဝင်ငွေ ဒေါ် လာ ၄၄ သန်းဖြင့်  Forbes မဂ္ဂဇင်း၏ ဝင်ငွေ အများဆုံးရ တရုတ်အမျိုးသမီးသရုပ်ဆောင်စာရင်းတွင် နံပါတ် (၁) ၌ဖော်ပြခံခဲ့ရသည်။


READ NEXT
Cancel OK