အစ္စရေး-ဂါဇာစစ်ပွဲ လွှမ်းမိုးမှုအောက်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ထိပ်သီးအစည်းအဝေးအတွက် နိုင်ငံပေါင်း ၁၃၀ မှ ကိုယ်စားလှယ်များကို ကြိုဆိုရန် တရုတ်က အောက်တိုဘာ ၁၆ ရက်တွင် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။
တရုတ်၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း(BRI)ဖိုရမ်တက်ရောက်ရန် ဖိတ်ကြားထားသည့် ထိပ်တန်းဧည့်သည်တော်စာရင်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်လည်း ပါဝင်သည်။ ယူကရိန်းစစ်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း ပူတင်သည်ပြည်ပသို့ သွားရောက်မှု မရှိသလောက်နည်းပါးခဲ့ပြီး လာမည့်တရုတ်ခရီးစဉ် သည် ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုသို့ ပထမဆုံးသွားရောက်မှု ဖြစ်လာမည်ဖြစ်သည်။
BRI ဖိုရမ်သည် ကမ္ဘာ့ထိပ်တန်း နိုင်ငံတစ်နိုင်ငံအဖြစ် ၎င်း၏ရပ်တည်မှုကို မြှင့်တင်ပေးနိုင်မည်ဟု တရုတ်က မျှော်လင့်ထားစဉ် အစ္စရေးနှင့် ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမာ့စ်တို့ ဖြစ်ပွားနေသည့် စစ်ပွဲသည် ၎င်း ဖိုရမ်ကို ဆက်လက်လွှမ်းမိုးထားလိမ့်မည်ဖြစ်သည်။
အောက်တိုဘာ ၇ ရက်က အစ္စလာမ္မစ် စစ်သွေးကြွအုပ်စုဖြစ်သည့် ဟားမာ့စ်တိုက်ခိုက်ရေးသမားများသည် အခိုင်အမာခံစစ် ပြင်ဆင်ထားသည့် နယ်စပ်ကို ထိုးဖောက်၍ အစ္စရေးပိုင်နက်ထဲသို့ ဝင်ရောက်ကာအရပ် သားအများစု အပါအဝင် လူပေါင်း ၁,၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီးနောက် အစ္စရေးက ဟားမာ့စ်အဖွဲ့ကို စစ်ကြေညာထားသည်။
အစ္စရေးက ဟားမာ့စ်တို့ ထိန်းချုပ်ထားသည့် ဂါဇာကမ်းမြောင်ဒေသကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဂါဇာဒေသခံ တစ်သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည်။
အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာတွင် အရပ်သားအများစုအပါအဝင် လူပေါင်း ၂,၆၇၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူနေရပ်ကွက်များ အလုံးစုံဖျက်ဆီးခံခဲ့ရသည်။
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ လုပ်ဆောင်ချက်များသည် မိမိကိုယ်ကိုယ်ကာ ကွယ်မှုအတိုင်းအတာထက် ကျော်လွန်နေကြောင်းနှင့် အစ္စရေးအစိုးရအနေနှင့် ဂါဇာဒေသခံများကို ရောနှောအပြစ်ပေးနေမှုကို ရပ်တန့်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့ကြောင်း အောက်တိုဘာ ၁၅ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
အစ္စရေး-ဂါဇာ စစ်ပွဲနှင့်ပတ်သက်၍ တရုတ်၏ထုတ်ပြန်ချက်များတွင် ဟားမာ့စ်အဖွဲ့ကို တိတိကျကျ အမည်တပ်ပြောဆိုခြင်း မရှိသည့်အတွက် အနောက်နိုင်ငံများ၏ တာဝန်ရှိသူများက ဝေဖန်ထားသည်။
အောက်တိုဘာ ၁၅ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်တို့ ဆွေးနွေးစဉ်အတွင်း တရုတ်အနေဖြင့် ၎င်း၏သြဇာကို အသုံးပြု၍ အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ရေးအတွက် တွန်းအားပေးလုပ်ဆောင်ရန် ဘလင်ကင်က တရုတ်ကိုတိုက်တွန်းခဲ့သည်။
အောက်တိုဘာ ၁၇ ရက်တွင် စတင်မည်ဖြစ်ကာ နှစ်ရက်ကြာပြုလုပ်မည့် BRI ဖိုရမ်တက်ရောက်ရန် ကမ္ဘာ့နိုင်ငံများ၏ ခေါင်းဆောင်များ တဖွဲဖွဲရောက်ရှိလာခဲ့သည်။ ဟန်ဂေရီဝန်ကြီးချုပ်၊ ချီလီသမ္မတ၊ ၊ ကင်ညာ သမ္မတ၊ အီသီယိုပီးယား ဝန်ကြီးချုပ်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့သည်လည်း ပေကျင်းသို့ ရောက်ရှိလာခဲ့သည်။
Ref: AFP
-
လက်စတာအသင်း၏ နည်းပြသစ်လျာထားစာရင်းတွင် နစ္စတယ်ရွိုင်း ပါဝင်နေ
-
အသင်းလက်မဲ့ ဖြစ်နေသည့် ရီးယဲလ်နောက်ခံလူဟောင်း ရာမို့စ်ကို (၁၈)လစာချုပ်ဖြင့် ခေါ်ယူရန် နယူးကာဆယ်အသင်း စီစဉ်နေ
-
■ ဂျက်ဆင်ရဲ့အသွင်ပြောင်းဇာတ်လမ်း
-
အနာဂတ်မရေမရာဖြစ်နေခြင်းက ဆာလာကို စိတ်အနှောင့်အယှက်မဖြစ်စေဘဲ ပိုကောင်းအောင်တွန်းအားပေးခြင်းဖြစ်နိုင်ကြောင်း လီဗာပူးလ်နည်းပြ အာနယ်ဆလော့ ပြောကြား
-
ချန်ပီယံလိဂ်သမိုင်းတွင် ပွဲချိန် (၇၅) မိနစ်အထိ (၃-၀) ဂိုးဖြင့် ဦးဆောင်နေပြီးမှ ပွဲအပြီးတွင် အနိုင်မရသည့် ပထမဆုံးအသင်းအဖြစ် မန်စီးတီးအသင်း မှတ်တမ်းဝင်