Top News

ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ရောင်းချမှုကို တိုးမြှင့်ရန် တောင်ကိုရီးယားက ၎င်း၏အကြီးမားဆုံး စစ်လက်နက်ပြပွဲကို ကျင်းပမည်
24htopnews | November 26, 2024 4:13 PM CST

တောင်ကိုရီးယားသည် ၎င်းတို့၏ စစ်လက်နက်ရောင်းချမှုကို တိုးမြှင့်ရန်ကြိုးပမ်းနေစဉ် ယခုသီတင်းပတ်အတွင်း ၎င်း၏အကြီးဆုံး စစ်လက်နက်နှင့် ကာကွယ်ရေးနည်းပညာဆိုင်ရာပြပွဲကို စတင်ကျင်းပသွားမည်ဖြစ်ပြီး အမေရိကန်၏ နျူကလီးယားဗုံး သယ်ဆောင်နိုင်သည့် ဗုံးကြဲလေယာဉ်တစ်စင်းကလည်း ကြုံတောင့်ကြုံခဲအဖြစ် ပါဝင်မည်ဖြစ်သည်။

နှစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည့် ဆိုးလ်နိုင်ငံတကာ အာကာသနှင့်စစ်လက်နက်ပြပွဲ(ADEX)ကို အောက်တိုဘာ ၁၇ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ပါဝင်ပြသမည့် ကုမ္ပဏီများ ယခင်ထက်ပိုမိုများပြားလာ သည်ဟု ပြပွဲစီစဉ်သူများက ပြောဆိုထားပြီးမကြုံစဖူးအဖြစ် အမေရိကန်၏ B-52 ဗုံးကြဲ လေယာဉ်တစ်စင်းကလည်း သရုပ်ပြပျံသန်းမည်ဖြစ်ကာ ၎င်းလေယာဉ်သည် ကိုရီးယားကျွန်းဆွယ်ရှိ လေတပ်စခန်းတစ်ခုတွင် ဆင်းသက်မည်ဖြစ်သည်။

ယခုနှစ်တွင်ကျင်းပမည့် စစ်လက်နက်နှင့် ကာကွယ်ရေးနည်းပညာဆိုင်ရာပြပွဲသည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် စစ်လက်နက်တင်ပို့ရောင်းချမှုအများဆုံးနိုင်ငံ ဖြစ်လာရေးမျှော်မှန်းချက် ပြည့်မီအောင် တောင်ကိုရီးယားကို အထောက်အကူပေးနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း ပြပွဲစီစဉ်ရေးရုံး အကြီးအကဲ လီဂျောင်ဟိုက အောက်တိုဘာ ၁၆ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၎င်းပြပွဲသို့ နိုင်ငံ ၅၄ နိုင်ငံမှ ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့်တာဝန်ရှိသူ ၄၅၀ ကျော်နှင့် ကျွမ်းကျင်ပညာရှင်များ၊ ပရိသတ်များအပါအဝင် လူသိန်းချီတက်ရောက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒါဟာ တောင်ကိုရီးယားရဲ့ စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းကို နိုင်ငံတကာက အာရုံစိုက်လာအောင်နဲ့ အရှိန်အဟုန်နဲ့ ရှေ့ဆက်နိုင်အောင် လုပ်ဆောင်ရာမှာ အခွင့်အလမ်းတစ်ခုဖြစ်တယ်”ဟု လီက ထပ်မံပြော ကြားသည်။

ယမန်နှစ်က တင့်ကားများ၊ ဟောင်ဝစ်ဇာအမြောက်များ၊ စစ်လေယာဉ်များနှင့် ဒုံးကျည်များအပါအဝင် ဒေါ်လာ ၁၇ ဒသမ ၃ ဘီလျံတန်ကြေးရှိ စစ်လက်နက်ပစ္စည်းများကို ပိုလန်အားစံချိန်တင်ရောင်းချနိုင်ခဲ့ပြီးနောက် ယခုဘဏ္ဍာနှစ်တွင် စစ်လက်နက်ပစ္စည်းတင်ပို့ရောင်းချမှုမှ ဒေါ်လာဘီလျံ ၂၀ ရရှိရန် တောင်ကိုရီးယားအစိုးရက ရည်မှန်းထားသည်။

မကြာသေးမီနှစ်များအတွင်း တောင်ကိုရီးယားသည် ကမ္ဘာ့စစ်လက်နက်တင်ပို့မှုတွင် နဝမနေရာသို့ ရောက်ရှိလာသော်လည်း ၎င်းကိုထပ်မံမြှင့်တင်ရန် သမ္မတယွန်းဆော့ယိုက တိုက်တွန်းထားသည်။

သမ္မတယွန်းသည် ယူအေအီးအား တောင်ကိုရီးယား၏ စစ်လက်နက်ပစ္စည်းများရောင်းချမှုကို တိုးမြှင့်နိုင်ရန် မျှော်လင့်လျက် ဇန်နဝါရီ ၁၅ ရက်က ယူအေအီးနိုင်ငံသို့ သွားရောက်ခဲ့ပြီး အိမ်ရှင်ယူအေအီးနိုင်ငံက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။

အဆိုပါ ခရီးစဉ်တွင် သမ္မတယွန်းနှင့်အတူ Hyndia Motor Group ၏ ဥက္ကဋ္ဌ အွီဆန်ချုံး၊ ဆမ်ဆောင်း အီလက်ထရောနစ်၏ အမှုဆောင်ဥက္ကဋ္ဌ လီဂျေယောင်းနှင့် SK Group ၏ ဥက္ကဋ္ဌ ချေထယ်ဝမ်တို့ အပါအဝင် တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်များ လိုက်ပါသွားခဲ့သည်။

စက်တင်ဘာ ၂၆ ရက်က တောင်ကိုရီးယားသည် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အကြီးစား စစ်ရေးပြအခမ်းအနား ပြုလုပ်ခဲ့ပြီး ပဲ့ထိန်းဒုံးကျည်များမှသည် တင့်ကားများအထိ စစ်လက်နက်ပစ္စည်းအမျိုး မျိုးအား ဆိုးလ်မြို့ကိုဖြတ်သန်း၍ လှည့်လည်အင်အားပြခဲ့သည်။

သမ္မတယွန်းဆော့ယို လက်ကထ်တွင် တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် မြောက်ကိုရီးယားကို တန်ပြန်ရန်အတွက် အမေရိကန်၏ နျူကလီးယားလက်နက် တင်ဆောင်နိုင်သည့် စစ်လက်နက်ပစ္စည်းများကို ဖြန့်ကြက်ကာ အင်အားပြမှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။             

Ref: Reiters


READ NEXT
Cancel OK