Top News

တောင်အာဖရိကတွင်တွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်သည် နိုင်ငံပေါင်း ၄၆ နိုင်ငံသို့ ပျံ့နှံ့နေပြီး ယင်းနိုင်ငံများအနက် ပြည်တွင်းကူးစက်မှု ထပ်မံဖြစ်ပွားခဲ့သည့် နိုင်ငံ ၁၂ နိုင်ငံရှိ
24htopnews | November 26, 2024 3:13 PM CST

တောင်အာဖရိကတွင် တွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်သည်နိုင်ငံပေါင်း ၄၆ နိုင်ငံသို့ ပျံ့နှံ့နေပြီး ယင်းနိုင်ငံများအနက် ပြည်တွင်းကူးစက်မှု ထပ်မံဖြစ်ပွားခဲ့သည့် နိုင်ငံ ၁၂ နိုင်ငံရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

 တောင်အာဖရိကတွင် ပေါ်ပေါက်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်သည် အမေရိကန်ဆေးကုမ္ပဏီ Pfizer နှင့် တွဲဖက်ဂျာမန်ဆေးကုမ္ပဏီ BioNTech တို့၏ဗိုင်းရပ်စ် ကာကွယ်ဆေးမှ ပဋိပစ္စည်းကာကွယ်မှုကို သုံးပုံနှစ်ပုံ လျှော့ချနိုင်ဖွယ်ရှိကြောင်း ဓာတ်ခွဲခန်းသုတေသနရလဒ်တစ်ခုအရ တွေ့ရှိခဲ့သော်လည်း ယင်းကာကွယ်ဆေးသည် ဗိုင်းရပ်စ်မျိုးကွဲသစ်ကူးစက်ခံရမှုမှ ထိရောက်စွာ ကာကွယ်ပေးနိုင်ခြင်း ရှိ၊ မရှိ ရှင်းလင်းစွာ မသိရှိသေးကြောင်း Pfizer/BioNTech ကုမ္ပဏီများက ဖေဖော်ဝါရီ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

ကာကွယ်ဆေးသည် ဗိုင်းရပ်စ်ကို အာနိသင်လျော့ပါးစေနိုင်သည်ဟု သုတေသပြုလုပ်မှုတွင် တွေ့ရှိခဲ့သော်လည်း လူသားများဖြင့်စမ်းသပ်မှုများ၌ ဗိုင်းရပ်စ်မျိုးကွဲသစ်သည် ကာကွယ်ဆေး၏ ကာကွယ်နိုင်စွမ်းကို လျှော့ချနိုင်သည့်အချက်ကို  သက်သေအထောက်အထား မတွေ့ရှိသေးကြောင်း ကုမ္ပဏီများက ဆိုသည်။

ဆေးကုမ္ပဏီများက ကာကွယ်ဆေးများအတွက်ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး လိုအပ်ပါက ဗိုင်းရပ်စ်မျိုးကွဲသစ်အတွက် လက်ရှိထုတ်လုပ်ထားသည့် mRNA ကာကွယ်ဆေး ပထမတစ်လုံးနှင့် ဒုတိယတစ်လုံးအား အဆင့်မြှင့်ရေးနှင့်ပတ်သက်၍ အာဏာပိုင်များနှင့် ဆွေးနွေးသွားမည်ဟု ထုတ်ပြန်ထားသည်။

နိုင်ငံအများအပြားတွင် ဗီဇပြောင်း COVID-19 ပိုးအသစ် တွေ့ရှိလာ၍ မြန်မာနိုင်ငံတွင်လည်း မျိုးဗီဇနွယ် (Lineage) စစ်ဆေးခြင်းနှင့် မျိုးဗီဇဆင်တူမှု (Genetic Clade) စစ်ဆေးခြင်းများကို ဆေးသုတေသန ဦးစီးဌာနက ဆက်လက်လုပ်ဆောင်ခဲ့သည်။

COVID-19 ကို ဖြစ်ပွားစေသော SARS-CoV-2 ဗိုင်းရပ်ပိုးသည် ဗိုင်းရပ်စ်ပိုးတို့၏ သဘောသဘာဝအရ ဗီဇပြောင်းလဲမှုသစ်ဖြစ်ကာ အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုများ တွေ့ရှိနေကြောင်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၄ ရက်၌ အဆိုပါနိုင်ငံမှ ထုတ်ပြန်ကြေညာခဲ့ကြောင်း ဒီဇင်ဘာ ၂၁ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ်ကို VUI-202012/01 ဟု ခေါ်ဝေါ်ထားပြီး အခြား SARS-CoV-2 ဗိုင်းရပ်စ်ပိုးများထက် ပိုမိုကူးစက်ပျံ့နှံ့လွယ်သည်ကို တွေ့ရှိရကြောင်း၊ သို့ရာတွင် ယင်းဗီဇပြောင်း ဗိုင်းရပ်စ်ကြောင့် ရောဂါပြင်းထန်မှုပိုမိုလာသည်ဆိုသော အထောက်အထား မတွေ့ရှိရသေးကြောင်းနှင့် အဆိုပါ SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ ဗီဇပြောင်းလဲမှုအသစ်အား ပညာရှင်ပေါင်းစုံက ပူးပေါင်းကာ စုံစမ်းစစ်ဆေးစမ်းသပ်မှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။


READ NEXT
Cancel OK