Top News

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ် ၁၂၅ ဦး အမည်စာရင်းပေးသွင်းခဲ့သော်လည်း ၄၁ ဦးသာ ဆွေးနွေးခဲ့
24htopnews | November 26, 2024 3:13 PM CST

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံအား ဆွေးနွေးရန် လွှတ်တော်ကိုယ်စား လှယ် ၁၂၅ ဦး အမည်စာရင်းပေးသွင်းခဲ့သော်လည်း ၄၁ ဦးသာ ဆွေးနွေးခဲ့သည်။

အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေ အစီရင်ခံစာနှင့်ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၇၈ ဦး၊ ပြည်ခိုင်ဖြိုး ပါတီမှ ၂၇ ဦး၊ NLD ပါတီမှ ခြောက်ဦး၊ ANP ပါတီမှ ငါးဦး၊ SNLD ပါတီမှ သုံးဦး၊ NUD ပါတီ၊ TNP ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီတို့မှ တစ်ဦးစီနှင့် တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်နှစ်ဦး စုစုပေါင်း ၁၂၅ ဦး ဆွေးနွေးရန် စာရင်းပေးထားခဲ့သော်လည်း ဇူလိုင် ၃၀ ရက်နှင့် သြဂုတ် ၁ ရက်တွင် လွှတ်တော်တွင်း၌ ဆွေးနွေးမှုတွင် တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခြင်း မရှိသကဲ့သို့ နိုင်ငံရေးပါတီအချို့မှလည်း စာရင်းပေးသွင်းထားသည့်အတိုင်း လူဦးရေအပြည့်အဝ ဆွေးနွေးခြင်းမရှိခဲ့ကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီ မြေပုံမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးဖေသန်းက  “သွေးချောင်းစီးတဲ့ စစ်ပွဲတွေကရပ်ပြီး ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ချင်တယ်ဆိုရင် ပြည်နယ်တွေကို မဖြစ်စလောက် လုပ်ပိုင်ခွင့်တွေပေးထားပြီးတော့ လက်ရှိပေးထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ဆက်သွားလို့ မရပါဘူး။ ဖက်ဒရယ်တံခါးကို ရဲရဲဖွင့်ပေးဖို့လိုပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီအစီရင်ခံစာအပိုဒ် ၂၃ မှာ ဖွဲ့စည်းပုံကို အခန်း ၁၂ ပြဋ္ဌာန်းချက်တွေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။ အခန်း ၁၂ ပြဋ္ဌာန်းချက်တွေနဲ့အညီ ပြင်ဆင်ဖို့ကို ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကလည်း အမြဲတမ်းတင်ပြတောင်းဆိုနေတာ ဖြစ်ပါတယ်။ ဒီအတွက်နဲ့ ပြီးခဲ့တာတွေကို မေ့ပစ်ပြီးတော့ ရှေ့ဆက်အတူတူ လက်တွဲဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ အကြွေးလာတောင်းတိုင်း လင်မယားရန်ဖြစ်ချင်ယောင်ဆောင်နေပြီးတော့ အချိန်ဆွဲနေတယ်လို့ တိုင်းရင်းသားတွေက အထင်အမြင်လွဲသွားမှာကို သတိထားသင့်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ တံခါးပေါက်သော့တစ်ချောင်းစီကို ပိုင်ဆိုင်ထားကြတဲ့ NLD ပါတီနဲ့ တပ်မတော်တို့ ညှိညှိနှိုင်းနှိုင်းနဲ့ အစကတည်းက ဒီလမ်းကြောင်း အတိုင်းသွားခဲ့မယ်ဆိုရင် အခုဆိုရင် ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ အတော်ပေါက်နေပြီလို့ ထင်မြင်မိပါတယ်။ ကျန်လွှတ်တော် သက်တမ်းကာလမှာ ၂၀၂၀ ရွေးကောက်ပွဲလည်းရှိလို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလုပ်ငန်းစဉ် အချိန်ဇယားကို တိတိကျကျ ရေးဆွဲဆောင်ရွက်ဖို့လိုပါတယ်” ဟု ဆွေးနွေးခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဆန္ဒရှိခြင်းသည် ဒီမိုကရေစီကို မြတ်နိုးခြင်း၊ ဖက်ဒရယ်ကို ယုံကြည်ခြင်းဖြစ်ကြောင်း၊ ပြည်သူကို သစ္စာရှိခြင်းလည်းဖြစ်ကြောင်း၊ ဖြစ်ချင်တာ၊ ဖြစ်သင့်တာ၊ ဖြစ်နိုင်တာများကို လုပ်ပိုင်ခွင့်ရှိသည့်သော့ပိုင်ရှင်များက ညှိနှိုင်းပြီး အဖြေရှာရမည်ဖြစ်ကြောင်း၊ ထိုသို့မလုပ်နိုင်ပါက ရလဒ်သည် သုညသာဖြစ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ဆွေးနွေးခဲ့သည်။ 

“အခုမြင်တွေ့ရတာက လွှတ်တော်ထဲမှာ ဆွေးနွေးမှုတွေမစရ သေးဘူး။ အပြင်မှာ အစိမ်းရောင်၊ အနီရောင်အုပ်စုတွေက လမ်းပေါ်မှာ ပွဲဆူနေကြပါပြီ။ ပြည်သူ့သဘောထားဆိုတာထက် ပါတီအဖွဲ့အစည်းတွေရဲ့ မဲဆွယ်မှုပုံရိပ်တွေနဲ့ ပိုပြီးတော့ တူနေပါတယ်။ ဒီတော့ ကျွန်တော်တို့ ဆွေးနွေးတဲ့အခါမှာလည်း ပညာရှိသတိဖြစ်ခဲဆိုသလို မီးလောင်ရာ လေပင့်မဖြစ်ရအောင်၊ ဖွတ်မရ ဓားမဆုံးအဖြစ်မျိုး မကြုံရအောင် လွှတ်တော်ကို နိုင်ငံရေးစင်မြင့်၊ မဲဆွယ်စင်မြင့်အဖြစ် အသုံးမချမိကြဖို့ အားလုံးကို သတိပေးတိုက်တွန်းလိုပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဆွေးနွေးခဲ့သည်။

ပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့်ပတ်သက်ပြီး ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်များ ဆွေးနွေးရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၁၂) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်သင့်ကြောင်း၊ ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်၊ သဘောထားမှတ်ချက်အစီရင်ခံစာအား ဥပဒေနှင့်မညီ၊ နည်းလမ်းမကျသည့်အတွက် ကန့်ကွက်ခြင်းဖြစ်ကြောင်း ဆွေးနွေးမှုများ ရှိခဲ့သည်။

ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးစိုင်းသန်းနိုင်က “အခုအချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အလောသုံး ဆယ်ဆောင်ရွက်ခြင်းဟာ ၂၀၂၀ အတွက် ရည်ရွယ်ပြီး တစ်ကောင်ထိုးကျွေး နှစ်ကောင်စား ကင်းပေါက်အတွေးနဲ့ နိုင်ငံရေးကျားကွက် ရွှေ့တယ်လို့ ကျွန်တော်သဘောပိုက်မိပါတယ်။ ဒီလိုဆိုရင်တော့ ကိုယ်ထိုးကျွေးလိုက်တာ တိုင်းပြည်ရဲ့ ကံကြမ္မာဖြစ်နေတယ်ဆိုတာကိုတော့ မမေ့ကြဖို့ အသိပေးလိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အချိန်ယူရန် လိုအပ်နေသေးခြင်း၊ ပြည်သူတစ်ရပ်လုံးအတွက် ကိုယ်စားပြုမှုကို ယခုထက် ပိုမိုကျယ်ပြန့်စွာပါဝင်နိုင်အောင် ဆောင်ရွက်ရန်လိုအပ်နေသေးခြင်း၊၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဌာန်းချက်များကို ကျော်လွန်ဆောင်ရွက်နေတဲ့အတွက် ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို သဘောမတူ ကန့်ကွက်ပါတယ်လို့ တင်ပြလိုပါတယ်” ဆွေးနွေးခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်သော ပြင်ဆင်(ဖြည့်ရန်) ရန် အချက်ပေါင်း ၃၇၆၅ ချက် ပါဝင်သော အစီရင်ခံစာကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက ဇူလိုင် ၁၅ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။        


READ NEXT
Cancel OK