Top News

၂၀၂၀ ရွေးကောက်ပွဲတွင်  မဲစာရင်းအမှားအယွင်းများနှင့် ပတ်သက်၍ တပ်မတော်၏ မဲစာရင်း စိစစ်နေသည့် အခြေအနေများအား တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထည့်သွင်းဆွေးနွေး
24htopnews | November 26, 2024 4:12 AM CST

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်း အမှားအယွင်းများရှိခဲ့ပြီး မဲ မသမာမှုများ ရှိနိုင်သဖြင့် မဲစာရင်းများအား စိစစ်တွေ့ရှိချက်နှင့် စပ်လျဉ်း၍ တပ်မတော်က ထုတ်ပြန်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စည်းကမ်း၊ ဥပဒေများအတိုင်း ဒီမိုကရေစီ မယိမ်းယိုင်အောင် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများအား တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ရိနှင့် တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာ ဝမ်ရိအား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ပြီး အဆိုပါ တွေ့ဆုံမှုတွင် အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် မြန်မာနိုင်ငံ၏ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့သည့် အခြေအနေများ၊ ပါတီစုံ ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးသည် ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် အဓိက တာဝန်ယူ ဆောင်ရွက်နေသည့် အခြေအနေနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးတို့ ဆွေးနွေးခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တည်ငြိမ်အေးချမ်းမှု ရှိမှသာလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် တပ်မတော်အနေဖြင့် နိုင်ငံတော်က အကြမ်းဖက်ဟု သတ်မှတ် ကြေညာထားသော အကြမ်းဖက် အဖွဲ့အစည်းများ ရှိသည့်နေရာများမှအပ ကျန်နေရာများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ရပ်ဆိုင်းပေးခဲ့သည့် အခြေအနေများကိုလည်း အဆိုပါ တွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ဆက်လက်၍ ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများနှင့် ပတ်သက်၍ မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်မည့် အခြေအနေများလည်း အဆိုပါ တွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့အကြား ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အပြန်အလှန် စေလွှတ်မှုများ၊ ဆေးနှင့် ဆေးပစ္စည်းများ အပြန်အလှန် လှူဒါန်းမှုများ၊ လက်ရှိတွင်လည်း မြန်မာနိုင်ငံ၏ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံမှ ဆက်လက် ကူညီပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် COVID-19 ရောဂါ ကာကွယ်ဆေး အလုံးသုံးသိန်း ကူညီပေးသွားမည့် အခြေအနေများကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် တရုတ်နိုင်ငံသမ္မတ၏ ခရီးစဉ်တွင် နှစ်ဖက် သဘောတူညီချက်များအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရာတွင် လိုအပ်သည်များကို အပြန်အလှန် ထောက်ပံ့ကူညီခြင်းသည် အရေးကြီးသည့် အခြေအနေများကိုလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့  ဆွေးနွေးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၊ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ တရုတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။   


READ NEXT
Cancel OK