ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲများအနေဖြင့် စံလုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်မှန်ကန်ကန် ပေါင်းစပ်ညှိနှိုင်းပေးနိုင်ပါက အများပြည်သူအတွက် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု လက်လှမ်းမီရေးကို ရရှိမည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။
ဇန်နဝါရီ ၁၁ ရက်က ပြည်ထောင်စု ရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ပြုလုပ်သည့် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ အဋ္ဌမအကြိမ် အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ်က ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုရှေ့နေချုပ်က တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီး အဖွဲ့၏လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲများကို တိုးချဲ့ ဖွဲ့စည်းခဲ့ကြောင်း၊ ထို့ပြင် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် လိုအပ်သော အကြံဉာဏ်များ ရယူနိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်သည့် အကြံပေးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ကြောင်း၊ အဖွဲ့၏ မဟာဗျူဟာစီမံကိန်း ရေးဆွဲချမှတ်နိုင်ရန် တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ညီလာခံကို ၂၀၁၈ ခုနှစ် မတ် ၇ ရက်နှင့် ၈ ရက်တွင် ကျင်းပခဲ့ကြောင်း၊ ယင်းညီလာခံ ပါဝင်တက်ရောက်သူများ၏ အကြံပြုချက်များနှင့်အညီ ပြည်သူ့အတွက် တရားမျှတမှု (၂၀၁၉-၂၀၂၃) မဟာဗျူဟာစီမံကိန်းကို ရေးဆွဲခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုပေးခဲ့ကြောင်း ပြောကြားသည်။
ယင်းမဟာဗျူဟာစီမံကိန်းတွင် တရားမျှတမှုကဏ္ဍ ပေါင်းစပ်ညှိနှိုင်းမှု၊ အများပြည်သူယုံကြည်မှု၊ တရားမျှတမှုဆိုင်ရာ အသိပညာပေးခြင်း၊ တရားမျှတမှုကဏ္ဍ အစီအမံများ တိုးတက်စေရန် ဆောင်ရွက်ခြင်းစသည့် ပန်းတိုင် လေးရပ် ချမှတ်ခဲ့ကြောင်း၊ စီမံကိန်းပါ လုပ်ငန်းစဉ်များ ဖြစ်သည့် အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများကို ထုတ်ဝေခြင်း၊ အဖွဲ့နှင့် အဖွဲ့ခွဲများ၏ ပုံမှန်အစည်းအဝေးများကို ကျင်းပခြင်း၊ နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းများနှင့် အဖွဲ့ခွဲများ ပူးပေါင်းပြီး လူထုတွေ့ဆုံ ဆွေးနွေးပွဲများနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း စသည်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြည်ထောင်စုရှေ့နေချုပ်က ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ရှေ့နေချုပ်က စီမံကိန်းပါ ကျန်ရှိသည့် လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယင်းစံလုပ်ထုံးလုပ်နည်းများတွင် တိုင်ကြားစာများ လက်ခံဆောင်ရွက်ခြင်း၊ အခင်းဖြစ်ပွားရာ ဒေသသို့ ကွင်းဆင်းလေ့လာစိစစ်ခြင်း၊ ပေါင်းစပ် ဆောင်ရွက်ခြင်း၊ အသိပညာပေးရေး ဆောင်ရွက်ခြင်း၊ အစည်းအဝေး ကျင်းပခြင်းဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းရေးဆွဲခဲ့ကြောင်း၊ သို့ပါ၍ အဖွဲ့ခွဲများအနေဖြင့် စံလုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်မှန်ကန်ကန် ပေါင်းစပ်ညှိနှိုင်း ပေးနိုင်ပါက အများပြည်သူအတွက် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု လက်လှမ်းမီရေးကို ရရှိမည်ဟု ယုံကြည်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများအား ပြည်ထောင်စု အစိုးရအဖွဲ့က ဖွဲ့စည်းခွင့် ပြုထားသည်နှင့်အညီ အဖွဲ့ဝင်အားလုံး ပူးပေါင်းဆောင်ရွက်စေလိုကြောင်းနှင့် အလားတူ အစိုးရဌာနအဖွဲ့ အစည်းများကလည်း ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲများက ၎င်းတို့ ဆောင်ရွက်လျက်ရှိသည့် အသိပညာပေးလုပ်ငန်းများ၊ တိုင်ကြားစာများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမှုများကို ဆွေးနွေးတင်ပြခဲ့ပြီး အစည်းအဝေးသို့ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများ၏ အဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ ပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
-
တရုတ်နိုင်ငံက JMC သို့ အမေရိကန်ဒေါ်လာ သုံးသိန်း လာရောက်လှူဒါန်း ခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက်အားပေး ထောက်ခံကြောင်း အာရှရေးရာ အထူးကိုယ်စားလှယ် ပြောကြား
-
ပြည်သူများက ဌာနဆိုင်ရာ ဝန်ထမ်းများကို ရွံကြောက်ကြောက်နေခြင်းသည် ပြည်သူဘက်ကို မျက်နှာမမူ၍ ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား
-
ကချင်ပြည်နယ် တရုတ်တစ်ရှူးငှက်ပျောခင်းများတွင် အလုပ်သမားများ ပြဿနာဖြစ်ပွားပါက တာဝန်ခံ တာဝန်ယူပြီး မျှတစွာ ဖြေရှင်းသည့်အဖွဲ့မရှိဖြစ်နေ
-
မိုးနဲမြို့တွင် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် ညွှန်ကြားချက် အချိန်မီ ထုတ်ပြန်ခြင်း မရှိသဖြင့် စေတီတစ်ဆူ ဖြိုဖျက်ခံရမှုဖြစ်ပွား
-
မဟာအောင်မြေမြို့နယ်တွင် သိမ်းဆည်းယာမြေအတွင်း ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) က အဆောက်အအုံ ဆောက်လုပ်ရန် ခြံစည်းရိုးကာရံစဉ် တောင်သူအချို့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး တောင်သူခြောက်ဦး ဖမ်းဆီးခံရ