ပြည်ခိုင်ဖြိုးပါတီမှ ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးတို့က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးရန်အတွက် တင်ပြတောင်းဆိုလွှာ တင်ထားခြင်းနှင့် စပ်လျဉ်း၍ အထူးအစည်းအဝေး ခေါ်ယူကျင်းပရန် မရှိကြောင်း ပြည်ထောင်စုလွှတ်တော်က ဇန်နဝါရီ ၁၂ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး အပါအဝင် ရွေးကောက်ခံ ကိုယ်စားလှယ် ၄၃ ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၀ ဦးတို့က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၄ နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၇ တို့ကို ရည်ညွှန်း၍ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေါ်ယူပေးရန် ဇန်နဝါရီ ၁၁ ရက်က တင်ပြတောင်းဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော် အထူးအရေးပေါ် အစည်းအဝေး ခေါ်ယူကျင်းပရေးနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၁၊ ၈၂၊ ၈၃ နှင့် ၈၄ တို့တွင် ပြဋ္ဌာန်းထားပြီး ပုဒ်မ ၈၃ နှင့် ၈၄ တို့ပါ ပြဋ္ဌာန်းချက်များအရ အထူး၊ အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပပေးရန် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အနည်းဆုံး လေးပုံတစ်ပုံက တောင်းဆိုရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၁ ပါ ပြဋ္ဌာန်းချက်များဖြစ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပဆဲကာလဖြစ်လျှင် ယင်းအစည်းအဝေး၌ ဆွေးနွေး ဆုံးဖြတ်ရ မည်၊ ပြည်ထောင်စုလွှတ်တော်ကျင်းပဆဲ ကာလ မဟုတ်လျှင် အနီးကပ်ဆုံး ပြည်ထောင် စုလွှတ်တော်အစည်းအဝေး၌ ဆွေးနွေးဆုံး ဖြတ်ရမည်၊ အများပြည်သူ အကျိုးငှာ အလျင် အမြန်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အ ထူးအစည်းအဝေး သို့မဟုတ် အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပ၍ ဆွေးနွေးဆုံးဖြတ်ရမည် စသည့်အချက်များနှင့် ညီညွတ်ရန်သည် အဓိကလိုအပ်ချက်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
လွှတ်တော်အထူးအစည်းအဝေးခေါ်ယူကျင်းပပေးရန် တင်ပြထားသော စာပါ အ ထူးအစည်းအဝေးအတွက် အဓိကအကြောင်း ပြချက်ကို စိစစ်ရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီ စုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင် ရာ တိုင်ကြား၊ ကန့်ကွက်မှုများအတွက် ပြည် သူ့ကိုယ်စားလှယ်များနှင့် စုပေါင်းတိုင်ပင် အဖြေရှာ ဆုံးဖြတ်နိုင်ရန်ဟု တွေ့ရှိပြီး လက်ရှိ လွှတ်တော်သက်တမ်းကို မှန်ကန်စွာ အဆုံးသတ်ပိတ်သိမ်း၍ သက်တမ်းအသစ် တစ်ခုကို ဥပဒေနှင့်အညီ ညင်သာချောမွေ့စွာ ကူးပြောင်းနိုင်ရန်လည်း တင်ပြထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် နိုင်ငံအတွင်း COVID-19 ကမ္ဘာ့ကူးစက်ရောဂါ ပျံ့နှံ့ဖြစ်ပွားနေဆဲဖြစ်ပြီး လွှတ်တော်များ၏ ဒုတိယ သက်တမ်းကာလ ရက် ၂၀ ခန့်သာ ကျန်ရှိကြောင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေများအရ အထူးအစည်းဝေးကို အနည်းဆုံး ၁၅ ရက် ကြိုတင် ဖိတ်ကြားရမည်ဖြစ်၍ အစည်းအဝေး ပြုလုပ်ရန် သုံးရက်ခန့်သာ ရှိနိုင်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ မဖြစ်မနေ ကျင်းပရန် လိုအပ်သည့် တတိယ အကြိမ် လွှတ်တော်များ၏ ပထမပုံမှန် အ စည်းအဝေးများကိုလည်း ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီ ၁ ရက်တွင် စတင် ကျင်းပရန် သက် ဆိုင်ရာဥပဒေများနှင့်အညီ ၂၀၂၁ ခုနှစ် ဇန် နဝါရီ ၆ ရက်က ခေါ်ယူဖိတ်ကြားထားပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော် ပြပါရှိသည်။
ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ချက်တွင် “အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးရန် တင်ပြတောင်းဆိုစာပါ အကြောင်းပြချက်များမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၈၁ ပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်၊ သဘောတူညီချက်၊ အတည်ပြုချက် ရယူရမည့် ကိစ္စရပ် မဟုတ်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဖွဲ့စည်း ပုံအခြေခံ ဥပဒေပုဒ်မ ၄၀၂ နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၁ တို့ တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် အတည်ဖြစ်စေရမည်ဟု ပြဋ္ဌာန်းထားသည့်အတွက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ စုပေါင်းတိုင်ပင် အဖြေရှာ ဆုံးဖြတ်ရမည့်ကိစ္စ မဟုတ်ခြင်း၊ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်သို့ တိုင်ကြားကန့်ကွက်ခြင်းများအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စများဖြစ်ခြင်းတို့ကြောင့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပပေးရန် မလိုအပ်ပါကြောင်း ပြန်ကြားအပ်ပါသည်။ သို့ပါ၍ အထူးအစည်းအဝေး ခေါ်ယူကျင်းပရန် မရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်” ဟု ဖော်ပြထားသည်။
-
တရုတ်နိုင်ငံက JMC သို့ အမေရိကန်ဒေါ်လာ သုံးသိန်း လာရောက်လှူဒါန်း ခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက်အားပေး ထောက်ခံကြောင်း အာရှရေးရာ အထူးကိုယ်စားလှယ် ပြောကြား
-
ပြည်သူများက ဌာနဆိုင်ရာ ဝန်ထမ်းများကို ရွံကြောက်ကြောက်နေခြင်းသည် ပြည်သူဘက်ကို မျက်နှာမမူ၍ ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား
-
ကချင်ပြည်နယ် တရုတ်တစ်ရှူးငှက်ပျောခင်းများတွင် အလုပ်သမားများ ပြဿနာဖြစ်ပွားပါက တာဝန်ခံ တာဝန်ယူပြီး မျှတစွာ ဖြေရှင်းသည့်အဖွဲ့မရှိဖြစ်နေ
-
မိုးနဲမြို့တွင် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် ညွှန်ကြားချက် အချိန်မီ ထုတ်ပြန်ခြင်း မရှိသဖြင့် စေတီတစ်ဆူ ဖြိုဖျက်ခံရမှုဖြစ်ပွား
-
မဟာအောင်မြေမြို့နယ်တွင် သိမ်းဆည်းယာမြေအတွင်း ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) က အဆောက်အအုံ ဆောက်လုပ်ရန် ခြံစည်းရိုးကာရံစဉ် တောင်သူအချို့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး တောင်သူခြောက်ဦး ဖမ်းဆီးခံရ