စစ်ဘေးရှောင်များ မိမိဒေသသို့ ပြန်လည်သွားရောက်နေထိုင်နိုင်ရေးအတွက် ပိုမိုထိရောက်သော အကူအညီများပေးရေး လွှတ်တော်တွင် ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မြို့နယ်အသီးသီးသို့ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးဒုက္ခသည်များ ကိုယ့်ဒေသ (ကိုယ့်ရပ်ရွာ) သို့ လုံခြုံအေးချမ်းစွာဖြင့် ပြန် လည် သွားရောက်နေထိုင်နိုင်ရေးအတွက် ပိုမိုထိရောက်သော အကူအညီများ ပေးသင့်ကြောင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုအား ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပသော (၁၅) ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် ဦးဦးသန်းနိုင် (ရသေ့တောင်-၁) မှ အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။
ယင်းနှင့်ပတ်သက်ပြီး အဆိုရှင်ဦးသန်းနိုင်က “အခုဆိုရင် တိုက်ပွဲရပ်တန့်နေတာ နှစ်လကျော်လာပါပြီ။ ကိုယ့်နေရပ်သို့ ပြန်သွားကြတဲ့ တိုက်ပွဲရှောင် ရှစ်သောင်းကျော်အထိ ရှိလာပါပြီ။ နောက်ထပ်လည်း ပြန်ချင်တဲ့သူ တစ်သိန်းရှစ်သောင်းကျော်ရှိနေပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အပါအဝင် အစိုးရအဖွဲ့အနေနဲ့လည်း မိုးမကျမီပြန်နိုင်ရေးကို စီစဉ်ပေးဖို့ လိုပါတယ်။ နေရပ်ပြန်ပြီး အိုးအိမ်အသစ် ပြန်လည်ထူထောင်ရာမှာလည်း အစိုးရမှ တာဝန်သိစွာနဲ့ ကူညီပေးမှသာ ဘဝရပ်တည်နိုင်မှာပါ” ဟု ပြောကြားသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း မြောက်မြားစွာသော ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြရပြီး အများစုမှာ ကယ်ဆယ်ရေးစခန်းများတွင် ခက်ခဲစွာနေထိုင်ကြရပြီး နေရပ်သို့ ပြန်သွားသူ အနည်းငယ်သာရှိသေးကြောင်း၊ ယင်းအပြင် လယ်ယာမြေများအပေါ် လုပ်ကိုင်စားသောက်ရေးအတွက်လည်း ဒေသခံများက လိုအပ်နေသည့်အတွက် ထိုသို့အဆိုတင်သွင်းရခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။
ဆက်လက်ပြီး အဆိုရှင်က “ဒါ့အပြင် ဘဝရပ်တည်ရေးအပြင် စစ်ပွဲကာလက ကျန်ရှိနေတဲ့ မြေမြှုပ်မိုင်း အန္တရာယ်တွေက ခြိမ်းခြောက်နေပါတယ်။ မြေမြှုပ်မိုင်းအပါအဝင် မပေါက်ကွဲဘဲကျန်ရှိသေးတဲ့ စစ်ကျန် လက်နက်တွေကြောင့် သေဆုံးဒဏ်ရာရတာတွေကိုလည်း ကြားသိနေရပါတယ်။ ဒါတွေကိုလည်း အထူးဂရုစိုက် ဆောင်ရွက်ပေးရန်လည်း လိုအပ်ပါတယ်” ဟု ထပ်လောင်းပြောကြားသည်။
အဆိုနှင့်ပတ်သက်ပြီး မင်းပြားမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်က ထောက်ခံ ဆွေးနွေးခဲ့ပြီး လွှတ်တော်၏ သဘောထားရယူခဲ့ကာ လက်ခံဆွေးနွေးရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ၂၃၆၀ ဦး၊ ကျောက်တော်မြို့နယ်အတွင်း ၁၅၁၀၂ ဦး၊ မြောက်ဦးမြို့နယ်အတွင်း ၂၁၀၃၈ ဦး၊ မင်းပြားမြို့နယ်အတွင်း ၃၅၅၉ ဦး၊ မြေပုံမြို့နယ်အတွင်း ၄၄၀၄ ဦး၊ အမ်းမြို့နယ်အတွင်း ၁၇၈၂ ဦး၊ ပေါက်တောမြို့နယ်အတွင်း ၂၆၉ ဦး၊ ဘူးသီးတောင်မြို့နယ်အတွင်း ၈၆၈၀ ဦး၊ ရသေ့တောင်မြို့နယ်အတွင်း ၁၄၁၀၂ ဦး၊ စစ်တွေမြို့နယ်အတွင်း ၄၇၂၈ ဦးတို့ ရောက်ရှိနေထိုင်လျက်ရှိရာ စုစုပေါင်း ၇၅၉၂၅ ဦးခန့် ရှိကြောင်းသိရသည်။
အလားတူစွာပင် စစ်ဘေးရှောင်စခန်းပြင်ပတွင် သွားရောက်နေထိုင်ကြသူ ၁၀၉၇၀၆ ဦးရှိကြောင်း၊ ယင်းအတွက် ရခိုင်ပြည်နယ်တွင်း စစ်ဘေးသင့်ပြည်သူပေါင်း ၁၈၅၆၃၁ ဦးရှိကြောင်းလည်း Rakhine-Ethnics-Congress (REC) ၏ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။
-
တရုတ်နိုင်ငံက JMC သို့ အမေရိကန်ဒေါ်လာ သုံးသိန်း လာရောက်လှူဒါန်း ခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက်အားပေး ထောက်ခံကြောင်း အာရှရေးရာ အထူးကိုယ်စားလှယ် ပြောကြား
-
ပြည်သူများက ဌာနဆိုင်ရာ ဝန်ထမ်းများကို ရွံကြောက်ကြောက်နေခြင်းသည် ပြည်သူဘက်ကို မျက်နှာမမူ၍ ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား
-
ကချင်ပြည်နယ် တရုတ်တစ်ရှူးငှက်ပျောခင်းများတွင် အလုပ်သမားများ ပြဿနာဖြစ်ပွားပါက တာဝန်ခံ တာဝန်ယူပြီး မျှတစွာ ဖြေရှင်းသည့်အဖွဲ့မရှိဖြစ်နေ
-
မိုးနဲမြို့တွင် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် ညွှန်ကြားချက် အချိန်မီ ထုတ်ပြန်ခြင်း မရှိသဖြင့် စေတီတစ်ဆူ ဖြိုဖျက်ခံရမှုဖြစ်ပွား
-
မဟာအောင်မြေမြို့နယ်တွင် သိမ်းဆည်းယာမြေအတွင်း ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) က အဆောက်အအုံ ဆောက်လုပ်ရန် ခြံစည်းရိုးကာရံစဉ် တောင်သူအချို့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး တောင်သူခြောက်ဦး ဖမ်းဆီးခံရ