
ပြည်ခိုင်ဖြိုးအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ဒုတိယအကြိမ်လွှတ်တော် အထူးအစည်းအဝေးခေါ်ယူပေးရန် တောင်းဆိုမှုအား ပယ်ချခြင်းသည် “မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာသလိုဖြစ်နေ” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောကြားသည်။
ပြည်ခိုင်ဖြိုးပါတီမှ ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးက ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးရန်အတွက် တင်ပြတောင်းဆိုလွှာ တင်ထားခြင်းနှင့်စပ်လျဉ်း၍ အထူးအစည်းအဝေး ခေါ်ယူကျင်းပရန်မရှိကြောင်း ပြည်ထောင်စုလွှတ်တော်က ဇန်နဝါရီ ၁၂ ရက်တွင် သတင်းထုတ်ပြန်လိုက်ခြင်းနှင့် ပတ်သက်၍ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဦးသောင်းအေးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“သူတို့က မိုးကြိုးပစ်တာ ထန်းလက်နဲ့ ကာနေသလိုပဲ။ ပြည်ထောင်စုအဆင့်လွှတ်တော်က အဲဒီလို ပယ်ချပုံလေးတွေကတော့ ရိုးနေပါပြီ။ သူတို့ရည်ညွှန်းထားတာ ပုဒ်မ ၈၁ ကို ညွှန်းထားတယ်။ ၈၁ က ဘာလဲဆိုတော့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ယူရမယ့်ကိစ္စလေ။ ငါ့ကို ခဏခဏလာမေးတဲ့ ငါ့အဆိုတွေပယ်ချက်တဲ့ ပုဒ်မပါပဲ။ ပြည်ထောင်စုလွှတ်တော်က အဆုံးအဖြတ်ယူရမယ့်ကိစ္စ မဟုတ်လို့ဆိုပြီး ပယ်ချတာမျိုးတွေလေ။ အဓိကက အဲဒီ ၈၁ နဲ့ညီဖို့လိုတယ်ဆိုပြီးပြောတာ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော်က ပြန်ကြားထားသည့်စာတွင် တတိယအကြိမ်လွှတ် တော်အစည်းအဝေး ကျင်းပရန်အတွက် အချိန်နီးကပ်နေပြီဖြစ်ခြင်း၊ အစည်းအဝေး ကျင်းပရန်အတွက် အချိန်သုံးရက်ခန့်သာ ရရှိနိုင်ခြင်း၊ ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ရယူမည့် ကိစ္စမဟုတ်ခြင်းတို့ကြောင့် အစည်းအဝေး ခေါ်ယူကျင်းပပေးရန်မလိုအပ်ကြောင်း ဖော်ပြထားသည်။
ဦးသောင်းအေးက “ကျင်းပဖို့ သုံးရက်ဆိုတော့ သုံးရက်ဖြစ်ဖြစ် တစ်ရက်ဖြစ်ဖြစ် ဟုတ်တယ်မလား၊ လုပ်သင့်လုပ်ထိုက်တာ လုပ်ရမယ်။ ငါတို့က သမ္မတလည်းပြောတယ်။ ရွေးကောက်ပွဲကော်မရှင်ကိုလည်း ပြောတယ်လေ။ ဒီမတရားမှုတွေ။ ဒါတွေကို အဆုံးအဖြတ်မပေးတဲ့အတွက် ငါတို့လွှတ်တော်မဏ္ဍိုင်ကနေ အပြန်အလှန်ထိန်းကျောင်းဖို့အတွက် လုပ်ခိုင်းတာပါ။ ဒါသူတို့ နားလည်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁(က) အရ အပြန်အလှန်ထိန်းကျောင်းပေးရမယ်။ မထိန်းကျောင်းတဲ့အပြင် သူက အဲဒီပုဒ်မ ၄၀၂ ကို ဖတ်ခိုင်းတယ်။ ပုဒ်မ ၄၀၂ က ရွေးကောက်ပွဲကော်မရှင်အဆုံးအဖြတ်က အတည်ဖြစ်တယ်ဆိုတဲ့ ပုဒ်မပေါ့။ အဲဒီပုဒ်မကိုပဲ သွားကိုင်တယ်။ အဲဒါက သာမန်အားဖြင့်တော့ ဟုတ်တာပေါ့။ ရိုးရိုးသားသားသွားနေရင်တော့ သူ့ရဲ့အဆုံးအဖြတ်က အတည်ဖြစ်တာပါ့။ မရိုးမသားလုပ်ရင်တော့ အတည်တာဆိုရင် အဲဒီမရိုးမသားမှုကို သွားပြီး အတည်ပြုပေးသလို ဖြစ်တာပေါ့။ အဲဒါကို ဥပဒေပြုမဏ္ဍိုင်လွှတ်တော်ကနေ ထိန်းကျောင်းဖို့ ပြောတာ။ ဒါကို ဒီလွှတ်တော်ကြီးကိုယ်တိုင်က အဲဒီပုဒ်မတွေကိုကိုင်ပြီး ငါတို့ဟာ ပယ်ချတယ်ဆိုတော့ မရိုးသားဘူးပေါ့ကွယ်” ဟု ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၄ တွင် လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက လက်မှတ်ထိုး၍ တောင်းဆိုလျှင် ပြည်ထောင်စုလွှတ်တော်နာယကသည် အထူးအစည်းအဝေးကို အမြန်ဆုံးခေါ်ယူပေးရမည်ဟု ပြဋ္ဌာန်းထားကြောင်း ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကပြောကြားသည်။
“အခြားအဓိပ္ပာယ်တွေ သွားမကြည့်နဲ့။ အဲဒီအဓိပ္ပာယ်မှာကို ပြည့်စုံနေတာ။ တစ်ချက်လေးပြောစရာရှိတယ်။ အချိန်ကာလ အကန့်အသတ်ပေါ့၊ တခြားလူက သွားပြောလို့မရဘူး။ ဘယ်လိုအကြောင်းကြောင့်ပဲ ခေါ်ခေါ် ဒီပုဒ်မ ၈၄ မှာ တိတိကျကျကို ပြဋ္ဌာန်းထားတာ။ အဲဒီဟာကို အထူးအစည်းအဝေး ဘာညာအဓိပ္ပာယ်ဖွင့်နေစရာ မလိုဘူး။ အဲဒီ ၈၄ က အထူးအစည်းဝေးကို ၂၅ ရာခိုင်နှုန်းက လက်မှတ်ထိုးရင် အထူးအစည်းအဝေးကို ခေါ်ယူပေးရမယ်လို့ ပြောတာ။ အဲဒီအဓိပ္ပာယ်က ပြည့်စုံတယ်။ ဒါပေမဲ့အခက် အခဲက ဥပဒေအတိုင်း ဆောင်ရွက်လို့ ရ မရ အဲဒါအခက်အခဲတော့ နည်းနည်းရှိတာပေါ့။ အချိန်ကာလအားဖြင့် တတိယအကြိမ်လွှတ်တော်နဲ့ နီးကပ်သွားပြီပေါ့။ အဲဒီလိုမျိုးဖြစ် ရတာကလည်း ရွေးကောက်ပွဲနောက်ပိုင်းမှာ လွှတ်တော်ကိုလုံးဝမခေါ်ခဲ့တာရဲ့ အကျိုးဆက်ပဲ” ဟု ဦးဖေသန်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်