
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ကိုယ်စားပြု ဒေါက်တာအောင်မိုးညို ဦးဆောင်သောအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်တွင်းရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီနှင့် တအာင်း(ပလောင်) အမျိုးသားပါတီ(TNP)ပါတီမှ တာဝန်ရှိသူများနှင့် တောင်ကြီးမြို့ NLD ပါတီပြည်နယ်ရုံးတွင် ဇန်နဝါရီ ၁၃ ရက် မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆမ်တို့ပါဝင်သည့် NLD ပါတီကိုယ်စားပြုအဖွဲ့အနေဖြင့် တောင်ကြီးမြို့ရောက်ရှိလာပြီး ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တောင်ကြီးမြို့ ကန်ရှေ့ရပ်ကွက် ချင်းတွင်းလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြည်နယ်ရုံး၌ ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၃ နာရီတွင် ဒေါက်တာအောင်မိုးညိုဦးဆောင်သောအဖွဲ့အနေဖြင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီနှင့် တအာင်း (ပလောင်) အမျိုးသားပါတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီနှင့် တွေ့ဆုံဆွေးနွေးရာတွင် NLD ပါတီဘက်မှ ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးအင်ထုံးခါးနော်ဆမ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးတို့ တက်ရောက်လာပြီး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီမှ ဥက္ကဋ္ဌဦးခွန်စံလွင်၊ အထွေထွေအတွင်းရေးမှူး ဦးခွန်သိန်းဖေ၊ ရုံးအဖွဲ့မှူးစောခွန်ကျော်ဝင်းတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
တအာင်း(ပလောင်) အမျိုးသားပါတီနှင့် တွေ့ဆုံဆွေးနွေးရာတွင် တအာင်း(ပလောင်) အမျိုးသားပါတီဒုဥက္ကဋ္ဌ ဦးညီစိန်၊ အထွေထွေအတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်တို့ တက်ရောက်ခဲ့ပြီး အချက် ၁၅ ချက်ကို တင်ပြခဲ့ကြောင်း တအာင်း(ပလောင်) အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်က ပြောကြားသည်။
“ကျွန်တော်တို့ တင်ပြချင်တာကို တင်ပြပေးလိုက်တယ်။ သူတို့က ဆက်ပြီး ဗဟိုကို တင်ပြမှာပေ့ါ။ ကျွန်တော်တို့က အဓိကတော့ NLD က တိုင်းရင်းသားတွေအပေါ်မှာ ဘယ်လို သဘောထားလဲဆိုတဲ့မူဝါဒတွေ ချပြဆွေးနွေးပေးဖို့ တင်ပြတယ်။ ပြီးရင် ပြည်ထောင်စုအရေးပေါ့။ ဖက်ဒရယ်ပြည်ထောင်စု အရေးပေ့ါ။ ဘယ်လိုပူးပေါင်းညှိနှိုင်းဆောင်ရွက်မလဲဆိုတာ ဆွေးနွေးတယ်။ မျှော်လင့်တာပေ့ါ။ နောက်လည်း ခေါ်ပါဦးလို့ တင်ပြတာပဲရှိတယ်။ ရလဒ်ကတော့ တင်ပြချင်တာကို တင်ပြပြီးပြီ။ ပြည်ထောင်စုအရေးပေ့ါ။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေးကိစ္စမှာ တိုင်းရင်းသားတွေ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲဆိုတာတွေပေ့ါ။ အချက်တွေက ၁၅ ချက် တင်ပြထားတယ်။ နောက်လမ်းကြောင်းတွေ ဘယ်လိုသွားကြမလဲ ဆိုတာတွေပေ့ါ” ဟု ဦးမိုင်းအုဏ်းခိုင်က ပြောကြားသည်။
ယင်းတွေ့ဆုံဆွေးနွေးပွဲနှင့်ပတ်သက်၍ NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက “ခုတွေ့ခဲ့တာက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နဲ့ တွေ့တယ်။ ဒုတိယတွေ့တာ တအာင်း(ပလောင်) အမျိုးသားပါတီနဲ့တွေ့တယ်။ သူတို့ တင်ပြတာတွေထဲမှာ ပြည်ထောင်စုအဆင့်မှ လုပ်ပေးနိုင်မယ့် ကိစ္စတွေလည်းပါတယ်။ ဥပမာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိမ်ယာတွေ စွန့်ခွာထွက်ပြေးတာတို့၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတို့၊ ဖက်ဒရယ်ဒီမိုကရေစီလား၊ ဒီမိုကရေစီ ဖက်ဒရယ်လားဆိုတဲ့ကိစ္စတွေ ဒါတွေက ပြည်ထောင်စုက လုပ်ပေးရမယ့်ကိစ္စတွေ၊ တိုင်းရင်းသားညီအစ်ကိုတွေ တောင်းဆိုတဲ့အထဲမှာ သူတို့ကို ပြည်နယ်အဆင့် အစိုးရမှာသာမက ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့မှာပါ နေရာပေးစေချင်တာပေ့ါ။ ဥပမာဆိုရင် ၈၈ မတိုင်ခင်တုန်းက ပအိုဝ်းအမျိုးသားတစ်ဦးဖြစ်တဲ့ ဦးထွန်းရင်လောဟာ ပြည်ထောင်စုအဆင့်မှာ နိုင်ငံတော်ကောင်စီဝင်ဖြစ်ခဲ့တယ်။ ၈၈ နောက်ပိုင်းမှာ နေရာမရဘူးပေါ့။ ဒါလေးတွေကို ထည့်ပြီးစဉ်းစားစေချင်တယ်။ ညီအစ်ကိုတွေ ပြောတာကို တင်ပြပေးမယ်လို့ ပြောလိုက်တယ်။ နောက်တစ်ခါ တအာင်းပလောင်အမျိုးသားပါတီက တင်ပြတဲ့အထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေသခံတိုင်းရင်းသားပါတီတွေနဲ့ အချင်းချင်းဆက်ဆံရေးသာမကပါဘူး။ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးပါ အရေးကြီးပါတယ်တဲ့။ ဘာလို့လဲဆိုတော့ လက်နက်ကိုင်တွေကြားထဲနေဖူးမှ သိတာပါတဲ့။ လက်နက်ကိုင်ဆိုတာကလည်း တပ်မတော်ရှိတယ်။ တိုင်းရင်းသား EAO တွေရှိတယ်။ ပြည်သူ့စစ်ရှိတယ်။ နယ်ခြားစောင့်တပ်ဆိုတာ ရှိသေးတယ်တဲ့။ အဲဒါတွေနဲ့ တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးကောင်းမှသာလျှင် ပြည်ထောင်စုက ပိုပြီးအေးချမ်းသာယာမယ်ဆိုတာရှိတယ်။ ဒါတွေက ပြည်ထောင်စုက လုပ်ရမယ့်ကိစ္စတွေ၊ ပြည်နယ်မှာကတော့ သူတို့တောင်းဆိုတာကတော့ ပြည်နယ်လွှတ်တော်မှာဖြစ်ဖြစ်၊ ပြည်နယ်အစိုးရ ဖွဲ့စည်းတာဖြစ်ဖြစ်၊ ဒေသခံ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း နေရာပေးသင့်ပါတယ်လို့ ပြောတယ်။ မဖြစ်မနေ နေရာပေးပါ By Force တောင်းဆိုတာမရှိဘူး။ ကျွန်တော်တို့ကလည်း သူတို့ကို ဒါမတောင်းဆိုနဲ့ ဒါပဲတောင်းဆိုသင့်တယ်။ ဒါမဆွေးနွေးနဲ့ ဒါပဲဆွေးနွေးသင့်တယ်ဆိုပြီးတော့ ကန့်သတ်ထားတာ မရှိဘူး။ လာတာကိုက တိုင်းရင်းသားညီအစ်ကိုပါတီတွေ သူတို့ဘာပြောချင်လဲ၊ ဘာခံစားရလဲ၊ ဘာဆန္ဒရှိတုန်း မှတ်သားမယ်။ ဗဟိုအလုပ်အမှုဆောင်ကို ပြန်တင်ပြမယ်။ အားလုံးအဆင်ပြေမယ့် သဘောရှိတယ်” ဟု ပြောကြားသည်။
NLD ပါတီ ကိုယ်စားပြုအဖွဲ့အနေဖြင့် လက်ရှိတွင် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားနိုင်ငံရေးပါတီ နှစ်ခုနှင့်သာ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ဇန်နဝါရီ ၁၄ ရက်တွင် ရှမ်းပြည်နယ်အတွင်းရှိ အခြားသော တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် ထပ်မံတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။
“မနက်ဖြန်မှာလည်း တွေ့ဖို့ရှိပါသေးတယ်။ ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ တိုင်းရင်းသားပါတီတွေ၊ ဒေသခံပါတီတွေပေ့ါ။ တိုင်းရင်းသားပါတီလို့ပြောရင် NLD ပါတီထဲက တိုင်းရင်းသားတွေက မကြိုက်ကြဘူး။ ပြည်နယ်ဒေသခံပါတီလို့ပဲသုံးပါတဲ့။ ဘာလို့လဲဆိုတော့ NLD ထဲက တိုင်းရင်းသားတွေက ကျွန်တော်တို့လည်း တိုင်းရင်းသားပဲတဲ့။ လားဟူတို့ ဘာတို့ “၀” တို့၊ ညကျမှ ချိတ်ရဦးမယ်။ မနက်ဖြန်တွေ့နိုင်မယ် ထင်တယ်။ ရှမ်းလည်း လာမှာပဲ” ဟု ၎င်းက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်