Top News

NLD ပါတီနှင့် SNLD ပါတီ တရားဝင် တွေ့ဆုံမည့် အချိန်နှင့် နေရာကို အလွတ်သဘော ညှိနှိုင်း
24htopnews | November 26, 2024 4:12 AM CST

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) တို့ တရားဝင်တွေ့ဆုံမည့် အချိန်နှင့် နေရာကို နှစ်ဖက်ပါတီ တာဝန်ရှိသူများ ယနေ့ (ဇန်နဝါရီ ၁၄ရက်) နံနက် ၁၀ နာရီက အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

NLD ပါတီမှ ဒေါက်တာအောင်မိုးညို ဦးဆောင်သော အဖွဲ့နှင့် တရားဝင်တွေ့ဆုံမှု မတိုင်မီ SNLD ပါတီမှ ဒုတိယ ဥက္ကဋ္ဌ (၂) ဦးစိုင်းခမ်းပိုင်ခ (ခ) ဦးခင်မောင်ညွန့် ဦးဆောင်သော အဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြခြင်း ဖြစ်သည်။

“ကျွန်တော်တို့ထက် အဆင့်မြင့်တဲ့ ကျွန်တော်တို့ထဲကလူနဲ့ ဒေါက်တာအောင်မိုးညိုတို့ အုပ်စုနဲ့ အလွတ်သဘော တွေ့ဆုံကြတယ်။ ကျွန်တော်တို့နဲ့ သူတို့ သုံးယောက်နဲ့ တွေ့ဖို့အတွက် အချိန်၊ နေရာ ဒါလေးတွေ အကြမ်းဖျဉ်း ညှိကြတာ” ဟု SNLD ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။

ဒေါက်တာအောင်မိုးညို အဖွဲ့နှင့် ယခုကဲ့သို့ အလွတ်သဘော ညှိနှိုင်းမှုမှတဆင့် တရားဝင် တွေ့ဆုံမည့် အနေအထားသို့ ညှိနှိုင်းရရှိလျှင် SNLD ပါတီ အတွင်းရေးမှူးအဖွဲ့က သွားရောက် တွေ့ဆုံမည်ဟု သိရသည်။

“တစ်ကယ်တမ်း တွေ့ဆုံညှိနှိုင်းမယ်ဆိုရင် ကျွန်တော်တို့ အတွင်းရေးမှူးအဖွဲ့ တွေ့ပါမယ်။ အခုက အလွတ်သဘော လူကြီးချင်း တွေ့ဆုံတဲ့ သဘောပါ” ဟု SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဦးဆောင်သော NLD ပါတီကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်နယ်အတွင်း အနိုင်ရ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံမှုကို ဇန်နဝါရီ ၁၃ ရက်က စတင်ပြုလုပ်ခဲ့သည်။

တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် NLD ပါတီရုံးတွင် ပြည်နယ်အတွင်း ရွေးကောက်ပွဲအနိုင်ရ ပအိုဝ့်အမျိုးသား အဖွဲ့ချုပ်ပါတီနှင့် တအောင်း (ပလောင်) အမျိုးသားပါတီတို့ကို တွေ့ဆုံခဲ့ပြီးနောက် SNLD ပါတီ အပါအဝင် ရွေးကောက်ပွဲ အနိုင်ရ ကျန်တိုင်းရင်းသားပါတီ အချို့နှင့် ဇန်နဝါရီ ၁၄ ရက်တွင် တွေ့ဆုံဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

“လားဟူတို့ ဘာတို့ “၀” တို့ ညကျမှ ချိတ်ရဦးမယ်။ မနက်ဖြန် တွေ့နိုင်မယ် ထင်တယ်။ ရှမ်းလည်း လာမှာပဲ” ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တိုင်းရင်းသား ပါတီများနှင့် တွေ့ဆုံဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်မိုးညိုက ဇန်နဝါရီ ၁၃ ရက်က တိုင်းရင်းသားပါတီနှစ်ခုနှင့် တွေ့ဆုံပွဲအပြီးတွင် ပြောကြားခဲ့သည်။

သို့သော် NLD ပါတီနှင့် SNLD ပါတီ နှစ်ဖက်ပါတီခေါင်းဆောင်များ အလွတ်သဘော တွေ့ဆုံညှိနှိုင်းမှုအရ ဇန်နဝါရီ ၁၄ ရက်တွင် တွေ့ဆုံဆွေးနွေးမည့် အနေအထား မရှိသေးကြောင်း ဦးစိုင်းလိတ်က ပြောကြားသည်။

“ဒီနေ့တော့ မဖြစ်တာ သေချာပါတယ်” ဟု ဦးစိုင်းလိတ်က ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။

SNLD ပါတီမှာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၂ နေရာ အနိုင်ရရှိကာ တတိယ အများဆုံး အနိုင်ရပါတီ ဖြစ်ခဲ့သည်။

ဒေါက်တာအောင်မိုးညို ဦးဆောင်အဖွဲ့နှင့် တိုင်းရင်းသားပါတီများ တွေ့ဆုံမှုကို ပြည်နယ်များရှိ NLD ပါတီရုံး များတွင်သာ ပြုလုပ်ခဲ့ရာ နေရာညှိနှိုင်းမရ၍ မွန်ညီညွတ်ရေးပါတီနှင့် ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီတို့နှင့် တွေ့ဆုံပွဲ ပျက်ပြယ်ခဲ့ပြီးဖြစ်သည်။

သို့သော် အစိုးရဖွဲ့ခွင့်ရ NLD ပါတီနှင့် တတိယ အများဆုံးအနိုင်ရ SNLD ပါတီကြား တွေ့ဆုံဆွေးနွေးမည့် အချိန်နှင့် နေရာ ညှိနှိုင်းလျက် ရှိသောကြောင့် တွေ့ဆုံပွဲ ဖြစ်မြောက်ခြင်း ရှိ၊ မရှိမှာ စောင့်ကြည့်ရမည်ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း SNLD ပါတီ အပါအဝင် ပအိုဝ့်အမျိုးသား အဖွဲ့ချုပ်ပါတီ တအောင်း(ပလောင်) အမျိုးသားပါတီ၊ “၀” အမျိုးသားပါတီ၊ လားဟူအမျိုးသား ဖွ့ံဖြိုးတိုးတက်ရေးပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီတို့လည်း အနိုင်ရ မဲဆန္ဒနယ်များ ရှိခဲ့သည်။

 


READ NEXT
Cancel OK