Top News

မဲစာရင်းမှားယွင်းမှုများအပေါ် ဆန္ဒဖော်ထုတ်သူများနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်သူများအား မှန်ကန်မှုမရှိပါက ဥပဒေနှင့်အညီ တရားစွဲနိုင်ကြောင်း ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
24htopnews | November 26, 2024 4:12 AM CST

မဲစာရင်းမှားယွင်းမှုများအပေါ် ဆန္ဒဖော်ထုတ်သူများနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သူများကို မှန်ကန်မှုမရှိပါက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ဥပဒေနှင့်အညီ တရားစွဲနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဦးဝင်းစိုးက ပြောကြားသည်။

ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲဆိုင်ရာရှင်းလင်းပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ်၌ပြုလုပ်ခဲ့ပြီး အဆိုပါရှင်းလင်းပွဲတွင် ဦးဝင်းစိုးက ထိုသို့ ထည့်သွင်းပြောကြားခဲ့သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို တာဝန်ယူကျင်းပပေးခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးလက်ထက်တွင် မဲလက်မှတ်များ၌ ဖယောင်းများသုတ်ထားသည်ဟု ပြောကြားသည့်အတွက် ချက်ချင်းခေါ်ယူ ရှင်းလင်းပေးခဲ့သည်ဟု ဦးဝင်းစိုးက ပြောကြားသည်။

“ကျွန်တော်တို့ ဒီနေ့တိုင်းနဲ့ပြည်နယ် နိုင်ငံအနှံ့အဝှမ်းမှာ နိုင်ငံနဲ့အဝှမ်းမှာ ဆန္ဒထုတ်ဖော်ပွဲတွေ၊ အခုလို သတင်းစာရှင်းလင်းပွဲတွေလုပ်နေတဲ့သူတွေ ကျွန်တော်တို့ကိုခေါ်ပြီးတော့ စစ်လိုက်ပါလားဗျာ။ ကျွန်တော်တို့ကိုခေါ်ပြီး တရားဥပဒေနဲ့အညီ တရားစွဲလိုက်ပါလား။ စွဲလိုက်ရင်ကျွန်တော်တို့ သက်သေနဲ့အတူ ပြန်ရှင်းမှာပေါ့။ မစွဲဘဲနဲ့ပြန်လည်း မပြောဘူး။ နားလည်းမထောင်ဘူး။ လုပ်ချင်ရာ လုပ်နေတာ။ ဒါဟာဒီမိုကရေစီလို့ ခေါ်မလား” ဟု ဦးဝင်းစိုးက ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်တွင် မဲစာရင်းနှင့်ပတ်သက်၍ စိစစ်မှုများပြုလုပ်နေပြီး လက်ရှိအချိန်တွင် မြို့နယ် ၂၈ မြို့နယ် စိစစ်ပြီးစီးပြီဖြစ်ကြောင်း၊ ရန်ကုန်မြောက်ပိုင်းခရိုင် မြို့နယ်ကိုးမြို့နယ်အနက် မြို့နယ်ခြောက်မြို့နယ်မှ မဲစာရင်းများအား စိစစ်မှုများ ပြုလုပ်ပြီးဖြစ်ကာ အကြောင်းအရာငါးမျိုးဖြင့် မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်းတွင် ပါဝင်နေသူ ၁၄၅၁၃၁ ဦးရှိကြောင်း ဦးဝင်းစိုးက ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီက စိစစ်သည့် အကြောင်းအရာငါးမျိုးမှာ အမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်နံပါတ်၊ အဘအမည်နှင့် အမိအမည်တို့ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဥပဒေနဲ့အညီ တောင်းဆိုနေတဲ့ဟာတွေကို ဘူးတစ်လုံးဆောင်ပြီးတော့ မထေမဲ့မြင်ပြုနေတဲ့အရာတွေကို ပြန်လည်ပြီးတော့ ချေပနိုင်ဖို့ ဒီစာရင်းဇယားလုပ်နေခြင်းပဲ ဖြစ်ပါတယ်။ ပြောနေခြင်းပဲ ဖြစ်ပါတယ်” ဟု ဦးဝင်းစိုးက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီက စိစစ်ပြီးသော ရန်ကုန်မြောက်ပိုင်းခရိုင် မြို့နယ်ခြောက်မြို့နယ်တွင် အကြောင်းအရာငါးမျိုးဖြင့် အားလုံးတူနေသည့် ထပ်နေသော မဲစာရင်း ၂၂၉၉၀ ဦး၊ မိခင်နာမည်လွဲသူ ၄၀၉၀ ဦး၊ အဖနာမည်လွဲသူ ၂၄၅၆ ဦး၊ အမည်လွဲသူ ၃၀၄၄ ဦးနှင့် မွေးသက္ကရာဇ်လွဲသူ ၁၃၁၁၆ ဦးရှိကြောင်း ၎င်းက ဆိုသည်။ 

“အဲဒီလိုမျိုး မဲမသမာမှုဖြစ်စေနိုင်တဲ့ မဲစာရင်းပါ။ အဲဒါကြောင့်မို့လို့ မဲရလဒ်တွေ ဖောင်းပွနေတာပေါ့” ဟု ဦးဝင်းစိုးက ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် မဲစာရင်းအမှားများနှင့်ပတ်သက်၍ စိစစ်မှုများပြုလုပ်ခြင်းနှင့် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်နေခြင်းသည် ရှုံးမဲမဲခြင်းမဟုတ်ကြောင်း၊ နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ပါတီစုံဒီမိုကရေစီစနစ်၏တန်ဖိုး ရေရှည်အဓွန့်တည်တံ့ရေးအတွက်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေခြင်းသည် အာဏာလိုချင်၍ လုပ်နေခြင်းမဟုတ်ဘဲ တစ်ပါတီအာဏာရှင်စနစ် မထွန်းကားရေးနှင့် နောက်မျိုးဆက်များအတွက် ဒီမိုကရေစီစနစ် ပီပီပြင်ပြင် လျှောက်လှမ်းနိုင်စေရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဦးဝင်းစိုးက ပြောကြားသည်။

 


READ NEXT
Cancel OK