
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) တို့ ဇန်နဝါရီ ၁၅ ရက် နံနက် ၁၀ နာရီတွင် တောင်ကြီး မြို့ရှိ ရှမ်းပြည်နယ် NLD ပါတီရုံး၌ တွေ့ဆုံဆွေးနွေးကြမည်ဟု SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကပြောကြားသည်။
ယခုကဲ့သို့ တရားဝင်တွေ့ဆုံဆွေးနွေးမှု မတိုင်မီ နှစ်ပါတီတာဝန်ရှိသူများကြား အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုအချို့ ရှိခဲ့ ကြောင်း ၎င်းကဆိုသည်။
ဇန်နဝါရီ ၇ ရက်က ရန်ကုန်မြို့ရှိ SNLD ပါတီရုံးချုပ်သို့ NLD ပါတီ တာဝန်ရှိသူများ လာရောက်ဆွေးနွေးမှုရှိခဲ့သလို ယနေ့ (ဇန်နဝါရီ ၁၄ ရက်) တွင်လည်း ဒေါက်တာအောင်မိုးညို ဦးဆောင်သောအဖွဲ့နှင့် SNLD ပါတီဒုတိယဥက္ကဋ္ဌ (၂) စိုင်းခမ်းပိုင်ဖ ဦးဆောင်သော အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
“အဲဒီဆွေးနွေးသဘောတူညီချက်တွေအပေါ် အခြေခံပြီးတော့မှ မနက်ဖြန်ကို သက်ဆိုင်ရာကိုယ်စားလှယ်အချင်းချင်းတွေ့ဖို့ အကြောင်းပေါ်ပေါက်တာပါ” ဟု SNLD ပါတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သည့် ဦးစိုင်းလိတ်က ပြောကြားသည်။
ဒေါက်တာအောင်မိုးညိုအဖွဲ့သည် တိုင်းရင်းသားပါတီများကို NLD ပါတီ ပြည်နယ်ရုံးများတွင်သာ တွေ့ဆုံဆွေးနွေးမည့် သဘောထားကြောင့် မွန်ပြည်နယ်နှင့် ကယားပြည်နယ်ရှိ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်းမရှိပေ။
အဆိုပါအခင်းအကျင်းများက အမျိုးသားညီညွတ်ရေး သို့မဟုတ် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် ကောင်းသည့်လက္ခဏာမဟုတ်ဟုရှုမြင်ပြီး NLD ပါတီနှင့် တွေ့ဆုံရာတွင် အမျိုးသားညီညွတ်ရေးကိစ္စကို အဓိကထားဆွေးနွေးမည်ဟု ဦးစိုင်းလိတ်က ပြောကြားသည်။
“ရှေ့လျှောက် NLD အစိုးရအနေနဲ့ သွားမယ့်လမ်းကြောင်းမှာ အမျိုးသားညီညွတ်ရေးကို ဦးတည်စေချင်တဲ့ကိစ္စကို အဓိကဆွေးနွေးချင်လို့ ကျွန်တော်တို့အနေနဲ့ သူတို့ဖိတ်ခေါ်တဲ့နေရာကို သွားရောက်ဆွေးနွေးမှာဖြစ်ပါတယ်” ဟု SNLD ပါတီ အထွေထွေအတွင်းရေးမှူ ဦးစိုင်းလိတ်က ပြောကြားသည်။
ထို့ပြင် NLD ပါတီအနေဖြင့်ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများအပါအဝင် အနိုင်ရခြင်းမရှိသည့် တိုင်းရင်းသားပါတီများကိုလည်း တွေ့ဆုံဆွေးနွေးသင့်ကြောင်း အကြံပြုဆွေးနွေးသွားမည်ဟု ၎င်းက ဆိုသည်။
NLD ပါတီကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံမှုတွင် SNLD ပါတီဘက်မှ ပါတီအထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ဦးဆောင်သောအတွင်းရေးမှူးသုံးဦးပါအဖွဲ့ တက်ရောက်ဆွေးနွေးမည်ဖြစ်သည်။
NLD ပါတီကိုယ်စားလှယ်အဖွဲ့အနေဖြင့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုတွင် တိုင်းရင်းသားပါတီများ တင်ပြဆွေးနွေးချက်များအပေါ် ဆုံးဖြတ်ချက်တစ်စုံတစ်ရာပေးမည်မဟုတ်ဘဲ ဆွေးနွေးချက်များကို မှတ်သား၍ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုတင်ပြမည်ဟု ဒေါက်တာအောင်မိုးညိုက ပြောကြားထားသည်။
သို့သော် အပြန်အလှန်ဆွေးနွေးသည့် အခင်းအကျင်းမရှိသည့်တိုင် ဆွေးနွေးချက်များကိုမှတ်သား၍ NLD ပါတီခေါင်းဆောင်များထံ ပြန်လည်တင်ပြမည်ဆိုလျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပိုမိုပုံဖော်နိုင်မည်ဟု ယုံကြည်ကြောင်း SNLD ပါတီမှ ဦးစိုင်းလိတ်က ဆိုသည်။
SNLD ပါတီသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၂ နေရာ အနိုင်ရရှိကာ တတိယအများဆုံး အနိုင်ရပါ တီဖြစ်ခဲ့သည်။
ဒေါက်တာ အောင်မိုးညိုဦးဆောင်အဖွဲ့သည် ရှမ်းပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများအနက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီနှင့် တအာင်း (ပလောင်) အမျိုးသားပါတီတို့ကို ဇန်နဝါရီ ၁၃ ရက်တွင်လည်းကောင်း၊ ကယန်းအမျိုးသားပါတီနှင့် တစ်သီးပုဂ္ဂလက ချင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့ကို ဇန်နဝါရီ ၁၄ ရက်တွင်လည်းကောင်း တွေ့ဆုံထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်