
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဒေါက်တာအောင်မိုးညို ဦးဆောင်သောအဖွဲ့နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီအထွေထွေ အတွင်းရေးမှူး စိုင်းလိတ်ဦးဆောင်သော အဖွဲ့တို့သည် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ NLD ပါတီရုံးတွင် ယနေ့ (ဇန်နဝါရီ ၁၅ ရက်) တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် NLD ပါတီဘက်မှ ဒေါက်တာအောင်မိုးညို အပါအဝင် ဗဟိုအလုပ်အမှုဆောင် သုံးဦးနှင့် SNLD ပါတီဘက်မှ အထွေထွေ အတွင်းရေးမှူး စိုင်းလိတ်၊ တွဲဖက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်၊ တွဲဖက်အတွင်းရေးမှူး (၂) စိုင်းဆမ်ဖွဏ်ဆိုင်တို့ ပါဝင်ခဲ့သည်။
“မူဝါဒအကြောင်းပြောတယ်။ ပြည်ထောင်စုကို ဘယ်လိုလုပ်ချင်တယ် ဆိုတဲ့အကြောင်း ပြောတယ် ဆိုတဲ့အတွက် လုပ်ဆောင်တဲ့အခါ ဘယ်လိုပူးပေါင်း ဆောင်ရွက်နိုင်မလဲ၊ လွှတ်တော်မှာရော အုပ်ချုပ်ရေးမှာရော ဘယ်လိုပူးပေါင်း ဆောင်ရွက်နိုင်မလဲ ဆိုတာ အပြန်အလှန်ဆွေးနွေးတာ ရှိပါတယ်။ အများကြီး အကျိုးသက်ရောက်မှု ရှိမယ်လို့မြင်တယ်။ ၂၀၁၅ ခုနှစ်မှာ NLD က ကမ်းလှမ်းခဲ့တာရှိတယ်။ ကျွန်တော်တို့က ပါတီတည်ဆောက်ရေး လုပ်နေရတာ ဖြစ်တဲ့အတွက် NLD ကို မကူညီနိုင်ခဲ့ဘူးပေ့ါ။ ဒီတစ်ခေါက်ကတော့ ကျွန်တော်တို့ကို တာဝန်ပေးအပ်လာမယ် ဆိုရင်တော့ ကူညီဆောင်ရွက်သွားဖို့ အဆင်သင့်ရှိပါတယ်။ ပူးပေါင်းဆောင်ရွက်တယ် ဆိုရင်တော့ ဒီတိုင်းတော့ ပူးပေါင်းဆောင်ရွက်လို့လည်း ရမယ်မဟုတ်ဘူးပေ့ါ။ တာဝန်တချို့တွေကို ခွဲဝေပေးတာတို့ ဒါမှလည်း ပူးပေါင်းဆောင်ရွက်မှု ပီပြင်မှာဖြစ်တယ်။ အလုပ်လုပ်ချိန်မှာ အင်နဲ့အားနဲ့ လုပ်ဖို့ဆိုရင်ဖြင့် လုပ်နိုင်မယ့် တာဝန်တွေ ပေးမှပဲ ရမယ်ကိုး။ အဲလိုတွေ ဆွေးနွေးခဲ့တာ ရှိပါတယ်။ တည်ဆောက်ရင်လည်း ပါတီမူဝါဒ လမ်းစဉ်ဆိုတာ ရှိပါတယ်။ အားလုံးလည်း အွန်လိုင်းပေါ်မှာ အကုန်ရှိတယ်။ အသေးစိတ် ရေးထားတယ်။ အခြေခံမူတွေက ဘာလဲဆိုတာ ရေးထားပြီးသား ဒီမှာတော့ အတိုချုပ်ပဲ ရှင်းပြရတာပေ့ါဗျာ၊ အတူတူ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တာ ရှိပါတယ်” ဟု SNLD ပါတီ ဗဟိုအလုပ်အမှုဆောင် တွဲဖက်အတွင်းရေးမှူး (၂) ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။
ထို့ပြင် NLD ပါတီအနေဖြင့် တွေ့ဆုံဆွေးနွေးရေး မပြေလည်ခဲ့သည့် မွန်၊ ကယား ကိစ္စရပ်များအား ပြန်လည်တွေ့ဆုံရန် NLD ဘက်မှ တာဝန်ပေးပါက SNLD ပါတီအနေဖြင့် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်မည် ဖြစ်ကြောင်း၊ NLD ပါတီက သီးသန့်တွေ့မည် ဆိုပါကလည်း တွေ့ဆုံရန် တိုက်တွန်းကြောင်းနှင့် ကူညီလုပ်ဆောင်ပေးရန် အသင့်ရှိကြောင်း ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။
“အဓိကအားဖြင့် အမျိုးသား ညီညွတ်ရေး ကိစ္စပေ့ါဗျာ။ အားလုံးလည်း သိတယ်၊ မွန်တို့ ကယားတို့မှာလည်း အဆင်မပြေ ခဲ့တာလည်း ရှိတယ်။ ရှမ်းပြည်နယ် လာချိန်ကျတော့ အဲလိုလည်း မဖြစ်ချင်ဘူး။ NLD ဆိုတာကလည်း ကျွန်တော်တို့ SNLD နဲ့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ထဲက အတူတူ အလုပ်လုပ်ခဲ့တဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ဒီတစ်ခေါက် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်လောက် တုန်းကတော့ အကြောင်းအမျိုးမျိုးကြောင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာ မရှိခဲ့ဖူးပေ့ါလေ။ ဒီတစ်ခေါက်တော့ အမျိုးသားညီညွတ်ရေး တည်ဆောက်တဲ့ ကိစ္စတွေ၊ ငြိမ်းချမ်းရေး လုပ်ဆောင်တဲ့ ကိစ္စရပ်တွေ၊ ပူးပေါင်းဆောင်ရွက် နိုင်မယ်လို့လည်း မြင်တယ်။ အဲဒါကြောင့်လည်း အမျိုးသားညီညွတ်ရေး ကိစ္စတွေ ငြိမ်းချမ်းရေးမှာ ဘယ်လို ပူးပေါင်းဆောင်ရွက် နိုင်တယ်ဆိုတဲ့ ကိစ္စတွေ ကျွန်တော်တို့ SNLD ရဲ့ ပါတီမူဝါဒပေ့ါ၊ ဒီပြည်ထောင်စုကြီး ဘယ်လိုတည်ဆောက်မလဲ ဆိုတဲ့ Union Vision ပြည်ထောင်စု အိပ်မက် ခေါ်မလား၊ ပြည်ထောင်စု မျှော်မှန်းချက်ပဲ ခေါ်မလား၊ ဒီလိုဖြစ်သင့်ပါတယ်ပေ့ါ။ ဒီလိုပြည်ထောင်စုကို သွားတဲ့အချိန်မှာ စံတန်ဖိုးအနေနဲ့ အမျိုးသားတန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့် ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ စုံလင်ကွဲပြားမှုတွေ စုပေါင်းခေါင်းဆောင်မှုတွေ၊ လူနည်းစုကို ကာကွယ်ခြင်းဆိုတဲ့ စံတန်ဖိုးပေ့ါ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီကိုင်စွဲတဲ့ စံတန်ဖိုးတွေကို ဆွေးနွေးတင်ပြတယ်” ဟု စိုင်းကျော်ညွန့်က ပြောကြားသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ် ဆိုသည်မှာ ဒင်္ဂါးပြား၏ ဟိုဘက်ဒီဘက်ကဲ့သို့ပင် အတူတူလုပ်ရမည်၊ ပြိုင်တူလုပ်ရမယ်ဆိုသည့် သဘောဖြစ်ကြောင်း၊ အဆိုပါ မူအတိုင်း ဆက်သွားမည် ဖြစ်ကြောင်း၊ တိုင်းပြည်တွင် ပါတီတစ်ခုထဲ မပြီးဘဲ တိုင်းရင်းသား လက်နက်ကိုင်များလည်း များစွာရှိကြောင်း၊ ပြည်သူများနှင့် နီးနီးစပ်စပ်နေသည့် CSO များရှိကြောင်း၊ အဆိုပါ အစည်းအရုံးများ အားလုံးစည်းရုံး၍ အတူတကွ အလုပ်လုပ်နိုင်မည့် ပလက်ဖောင်း တစ်ခုကို ရှာနိုင်မည်၊ လမ်းခင်းနိုင်မည် ဆိုပါက ယခင် ငါးနှစ်ထက် ပိုသွားနိုင်မည် ဟုမြင်ကြောင်း၊ ခရီးလည်း ရောက်မည်ဟုမြင်ကြောင်း ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။
ယခုတွေ့ဆုံဆွေးနွေးခဲ့မှုနှင့် ပတ်သက်၍ ဒေါက်တာအောင်မိုးညိုက “အဓိက သူတို့ပြောချင်တာ အစ်မကြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့် လက်ထက်ထဲက CRPP ပေါ့။ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ ဘဝထဲက တကယ့်မဟာမိတ်တွေ၊ ဆိုးတူကောင်းဘက် မဟာမိတ်တွေ လက်ရှိ ယုံကြည်မှုက နည်းနည်းလေး လျော့သွားတယ် ထင်ပါတယ်တဲ့၊ ယုံကြည်မှုပြန်ပြီး တည်ဆောက်လိုပါတယ်တဲ့၊ မွန်ပြည်နယ်မှာ မွန်ညီညွတ်ရေးပါတီနဲ့ မတွေ့ခဲ့ရဘူး၊ ကယားပြည်နယ်မှာလည်း ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီနဲ့ မတွေ့ခဲ့ရဘူး။ အဲဒါတွေနဲ့ ပြန်တွေ့ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ကြိုးစားပေးစေချင်ပါတယ်။ စဉ်းစားပေးစေချင်ပါတယ်တဲ့၊ ဒီအဖွဲ့နှစ်ဖွဲ့နဲ့ ပြန်တွေ့ဖို့ ကြားထဲကနေ အောင်သွယ်လုပ်ပေးမယ်၊ ကြိုးပမ်းဆောင်ရွက်ပေးမယ်၊ ဖေဖော်ဝါရီလဆန်းထဲမှာ ပြည်ထောင်စုလွှတ်တော် ခေါ်တော့မယ်၊ သူတို့ပြောတာကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တင်ပြပေးမယ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဘယ်လိုလာဦးမယ်တော့ မသိဘူးပေါ့။ နောက်တစ်ခါ စေတနာအပြည့်နဲ့ SNLD ပြောတဲ့အထဲမှာ တိုင်းရင်းသား အဖွဲ့အစည်းတွေ ကမ်းလှမ်းလိုက်တဲ့ အထဲမှာ ၄၈ ဖွဲ့ရှိတယ်။ ဒီမိုကရေစီအင်အားစု အားလုံး ၄၈ ဖွဲ့ လုံးနဲ့ တွေ့စေချင်ပါတယ်တဲ့၊ နိုင်ငံရေးပါတီတွေရှိမယ်၊ လက်နက်ကိုင် EAO ရှိမယ်။ တိုင်းရင်းသား အရေးကိစ္စတွေ ဆောင်ရွက်နေတဲ့ CSO တွေ ရှိမယ်၊ အဲဒါတွေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တွေ့ဆုံမယ်ဆိုရင် အင်မတန် ကောင်းပါတယ်တဲ့၊ ကြားကနေ ဆောင်ရွက်ပေးမယ်လို့ ပြောတယ်” ဟု ပြောကြားသည်။
ယခုတွေ့ဆုံမှု မတိုင်မီ ဇန်နဝါရီ ၇ ရက်က ရန်ကုန်မြို့ရှိ SNLD ပါတီရုံးချုပ်သို့ NLD ပါတီ တာဝန်ရှိသူများ လာရောက် ဆွေးနွေးမှု ရှိခဲ့သလို ဇန်နဝါရီ ၁၄ ရက်ကလည်း ဒေါက်တာအောင်မိုးညို ဦးဆောင်သောအဖွဲ့နှင့် SNLD ပါ တီ ဒုတိယ ဥက္ကဋ္ဌ (၂) ဦးစိုင်းခမ်းပိုင်ဖ ဦးဆောင်သော အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အလားတူ ဒေါက်တာအောင်မိုးညိုဦးဆောင် အဖွဲ့သည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ပါတီ၊ လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ၀ အမျိုးသားပါတီ တို့နှင့်လည်း ဇန်နဝါရီ ၁၅ ရက်တွင် တွေ့ဆုံခဲ့သည်။
ဒေါက်တာအောင်မိုးညို ဦးဆောင်အဖွဲ့သည် ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲအနိုင်ရ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) ပါတီ၊ တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) ပါတီ၊ ကယန်းအမျိုးသားပါတီ၊ တစ်သီးပုဂ္ဂလ ကချင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇုတ်ဒေါင်တို့အား ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်တွင် တွေ့ဆုံခဲ့ပြီး ၄င်းတို့၏ ရှမ်းပြည်နယ်ခရီးစဉ်တွင် ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးပါတီ ခုနစ်ပါတီ၊ တစ်သီးပုဂ္ဂလ တစ်ဦးတို့အား တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်