Top News

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အဖွဲ့အစည်းအချို့၏ ဆုံးဖြတ်ချက်များကို  အပြီးအပြတ်အတည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားပြီး ရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်သည့် အရေးအသားမှာ ပိုမိုလေးနက်ဟု ကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင် ဆောင်းပါးရေးသား
24htopnews | November 26, 2024 4:12 AM CST

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပါအဝင် အဖွဲ့အစည်းအချို့ ချမှတ်သော ဆုံးဖြတ်ချက်များသည် အပြီးအပြတ်အတည်ဖြစ်သော်လည်း ကော်မရှင်နှင့်သက်ဆိုင်သည့် ဥပဒေပါအရေးအသားမှာ ပိုမိုလေးနက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်သည် နိုင်ငံပိုင်သတင်းစာများတွင် မောင်စာဂ ကလောင်ဖြင့် ဆောင်းပါးရေးသားလေ့ရှိပြီး ဇန်နဝါရီ ၁၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် မောင်စာဂအမည်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပေဒက ပြဋ္ဌာန်းသည့် အပြီးသတ်ဆုံးဖြတ်ချက်များဆိုသည့် ဆောင်းပါးဖော်ပြပါရှိလာသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့်  ဆောင်ရွက်ချက်များသည် အပြီးအပြတ်အတည်ဖြစ်စေရမည်ဟု ပြဋ္ဌာန်းထားချက်အရ ကော်မရှင်၏ ဆုံးဖြတ်ချက်များသာမက ဆောင်ရွက်ချက်များလည်းပါဝင်သည်ကို သတိမူမိသည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ဆောင်းပါးတွင် ရေးသားသည်။

“အပြီးအပြတ် အတည်ဖြစ်စေရမည်ဟူသော အရေးအသားမှာလည်း ကျန်သော အရေးအသားများနှင့် မတူသည်ကို တွေ့ရသည်။ ယင်းအရေးသားသည် ပို၍ လေးနက်သည့် အသွင်သဘောဆောင်သည်ဟု ဆိုနိုင်သည်” ဟု ဦးမြင့်နိုင်က ရေးသားထားသည်။

ထို့အတူ ဖွဲ့အစည်းပုံအခြေခံဥပဒေတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည်ဖြစ်သည်ဟု ပြဋ္ဌာန်းထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ချက်များမှာ အပြီးအပြတ်အတည်ဖြစ်စေရမည်ဟု ပြဋ္ဌာန်းထားရာ စကားရပ်ဆိုင်ရာ အနည်းငယ် ကွဲပြားမှုရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၅ ပုဒ်မခွဲ(ဂ) တွင် ပြည်ထောင်စုလွှတ်တော်ချုပ်၏ စီရင်ချက်များသည် အမှုအားလုံးတွင် အပြီးအပြတ်ဖြစ်၍ အယူခံဝင်ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားပြီး၊ ပုဒ်မ ၃၂၄ တွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည်ဖြစ်သည်ဟု ပြဋ္ဌာန်းထားကာ ပုဒ်မ ၃၄၃ တွင် စစ်ဘက်တရားစီရင်ခြင်းနှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်ဟု ပြဋ္ဌာန်းထားကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။

သို့ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် စပ်လျဉ်း၍ အခြေခံဥပဒေပုဒ်မ ၄၀၂ တွင် ပြဋ္ဌာန်းထားချက်မှာ ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့်ဆောင်ရွက်ချက်များသည် အပြီးအပြတ် အတည်ဖြစ်စေရမည်ဟူ၍ဖြစ်သည်ဟု ဆောင်းပါးတွင် ဖော်ပြသည်။

“အပြီးအပြတ် အတည်ဖြစ်သည်ဟူသော သဘောအဓိပ္ပာယ်ဖြင့် ရေးသားထားသော်လည်း ရေးသားဖော်ပြပုံအရ အနှစ်သာရချင်း မတူညီသည့် သဘောဆောင်နေသည်ကို တွေ့ရသည်” ဟု ဦးမြင့်နိုင်က  ဆိုသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၂ တွင် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများ၊  ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့် အယူခံအမှုများနှင့် ပြင်ဆင်မှုများ၊ နိုင်ငံရေးပါတီ ဆိုင်ရာဥပဒေအရ ဆောင်ရွက်သောကိစ္စရပ်များတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏  ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ်အတည်ဖြစ်စေရမည်ဟု ပြဋ္ဌာန်းထားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဆိုင်ရာ အငြင်းပွားမှုများရှိကြောင်း တပ်မတော်နှင့် နိုင်ငံရေးပါတီအချို့ ထောက်ပြဝေဖန်နေချိန်တွင် ကော်မရှင်အဖွဲ့ဝင်က ကော်မရှင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသည့် ဥပဒေပါ အခွင့်အရေးများဖြင့် ကိုးကား၍ ရေးသားတုံ့ပြန်ခြင်းဖြစ်သည်။

ယင်းအပြင် လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၆ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်နှင့် ရွေးကောက်ပွဲခုံအဖွဲ့တို့၏ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ  ဆောင်ရွက်ချက် သို့မဟုတ် ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ မည်သည့်တရားရုံးတွင်မျှ  စစ်ဆေးပိုင်ခွင့် မရှိကြောင်းလည်း ဦးမြင့်နိုင်၏ ဆောင်းပါးတွင် ဖော်ပြပါရှိသည်။

ထိုနည်းတူ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၇ တွင် တရားဝင် အပ်နှင်းထားသော လုပ်ပိုင်ခွင့်အရ ဥပဒေနှင့်အညီ မိမိတာဝန်ကို သဘောရိုးဖြင့် စွမ်းဆောင်နိုင်သမျှ ထမ်းဆောင်သော ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် ယင်းတို့၏ အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲခုံအဖွဲ့နှင့် ခုံအဖွဲ့ဝင်များ၊ မဲရုံမှူး အပါအဝင် မဲရုံအဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များအတွက် တရားမကြောင်းအရဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ တရားစွဲဆိုခြင်း မခံထိုက်စေရဟု ပြဋ္ဌာန်းထားကြောင်း မောင်စာဂက ဆိုသည်။

မိမိတာဝန်ကို သဘောရိုးဖြင့် စွမ်းဆောင်နိုင်သမျှ ထမ်းဆောင်သော ရွေးကောက်ပွဲ တာဝန်ရှိသူတိုင်းကို အဆိုပါ ပြဋ္ဌာန်းချက်ဖြင့် တရားစွဲဆိုခြင်းမှ တားမြစ်ထားသည်ဟု ၄င်းက ဆိုသည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိကြောင်း ဝေဖန်လျက်ရှိသည့် ပါတီများအနက်မှ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်ကမူ ရွေးကောက်ပွဲကော်မရှင် အနေဖြင့်  မိမိတာဝန်ကို ဥပဒေနှင့်အညီ သဘောရိုးဖြင့် ဆောင်ရွက်ခြင်း ရှိ မရှိ မေးခွန်းထုတ်စရာများရှိကြောင်း ဇန်နဝါရီ ပထမအပတ်က ရန်ကုန််တိုင်း ပြည်ခိုင်းဖြိုးပါတီရုံးတွင် ပြုလုပ်သည့်  သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“သူတို့တင်ပြတဲ့ ပုဒ်မ ၈၆ မှာကိုက အနှစ်သာရက ဘာပါလဲဆိုတော့ ယင်းဥပဒေပါ  ပြဋ္ဌာန်းချက်များအရ ဆောင်ရွက်ချက်ဆိုတာပါတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့သလား။ ဒါကို ပြန်ဆန်းစစ်ဖို့  လိုအပ်ပါတယ်” ဟု ဦစိုးမောင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ဝေဖန်မှုများအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ချက်များ ထုတ်ပြန်၍လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က နိုင်ငံပိုင်သတင်းစာတွင် ဆောင်းပါးရေးသား၍သော်လည်းကောင်း ပြန်လည်တုံ့ပြန်သည်ကို တွေ့ရသည်။

 


READ NEXT
Cancel OK