
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တာဝန်ပေးအပ်လာပါက ကူညီဆောင်ရွက်ရန်အဆင်သင့်ရှိပြီး တာဝန်တချို့ ခွဲဝေပေးမှသာ ပူးပေါင်းဆောင်ရွက်မှု ပီပြင်မည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ တွဲဖက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်က ပြောကြားသည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ NLD ပါတီရုံးတွင် ဇန်နဝါရီ ၁၅ ရက်က NLD ပါတီနှင့် SNLD ပါတီတို့ တွေ့ဆုံရာတွင် ထိုသို့ထည့်သွင်းဆွေးနွေးခဲ့ကြောင်း စိုင်းကျော်ညွန့်က မီဒီယာများကို ပြောကြားသည်။
ထိုသို့တွေ့ဆုံရာတွင် NLD ပါတီဘက်မှ ဒေါက်တာအောင်မိုးညိုအပါအဝင် ဗဟိုအလုပ်အမှုဆောင်သုံးဦးနှင့် SNLD ပါတီဘက်မှ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်၊ တွဲဖက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်၊ တွဲဖက်အတွင်းရေးမှူး (၂) စိုင်းဆမ်ဖွဏ်ဆိုင်တို့ ပါဝင်ခဲ့သည်။
“မူဝါဒအကြောင်းပြောတယ်။ ပြည်ထောင်စုကို ဘယ်လိုလုပ်ချင်တယ်ဆိုတဲ့အကြောင်း ပြောတယ်ဆိုတဲ့အတွက် လုပ်ဆောင်တဲ့အခါ ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မလဲ။ လွှတ်တော်မှာရော အုပ်ချုပ်ရေးမှာရော ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတာ အပြန်အလှန်ဆွေးနွေးတာရှိပါတယ်။ အများကြီး အကျိုးသက်ရောက်မှုရှိမယ်လို့မြင်တယ်။ ၂၀၁၅ ခုနှစ်မှာ NLD က ကမ်းလှမ်းခဲ့တာရှိတယ်။ ကျွန်တော်တို့က ပါတီတည်ဆောက်ရေးလုပ်နေရတာဖြစ်တဲ့အတွက် NLD ကို မကူညီနိုင်ခဲ့ဘူးပေ့ါ။ ဒီတစ်ခေါက်ကတော့ ကျွန်တော်တို့ကို တာဝန်ပေးအပ်လာမယ်ဆိုရင်တော့ ကူညီဆောင်ရွက်သွားဖို့ အဆင်သင့်ရှိပါတယ်။ ပူးပေါင်းဆောင်ရွက် တယ်ဆိုရင်တော့ ဒီတိုင်းတော့ ပူးပေါင်းဆောင်ရွက်လို့လည်း ရမယ်မဟုတ်ဘူးပေ့ါ။ တာဝန်တချို့တွေကို ခွဲဝေပေးတာတို့ ဒါမှလည်း ပူးပေါင်းဆောင်ရွက်မှု ပီပြင်မှာဖြစ်တယ်။ အလုပ်လုပ်ချိန်မှာ အင်နဲ့အားနဲ့ လုပ်ဖို့ဆိုရင်ဖြင့် လုပ်နိုင်မယ့် တာဝန်တွေပေးမှပဲရမယ်ကိုး။ အဲဒီလိုတွေ ဆွေးနွေးခဲ့တာရှိပါတယ်။ တည်ဆောက်ရင်လည်း ပါတီမူဝါဒလမ်းစဉ်ဆိုတာရှိပါတယ်။ အားလုံးလည်းအွန်လိုင်းပေါ်မှာအကုန်ရှိတယ်။ အသေးစိတ်ရေးထားတယ်။ အခြေခံမူတွေက ဘာလဲဆိုတာ ရေးထားပြီးသား ဒီမှာတော့ အတိုချုပ်ပဲ ရှင်းပြရတာပေ့ါဗျာ။ အတူတူပူးပေါင်းဆောင် ရွက်နိုင်မယ့်ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တာရှိပါတယ်” ဟု SNLD ပါတီတွဲဖက်အတွင်းရေးမှူး (၂) စိုင်းကျော်ညွန့်က ပြောကြားသည်။
ထို့ပြင် NLD ပါတီအနေဖြင့် တွေ့ဆုံဆွေးနွေးရေးမပြေလည်ခဲ့သည့် မွန်၊ ကယားကိစ္စရပ်များအား ပြန်လည်တွေ့ဆုံနိုင်ရန် NLD ဘက်မှ တာဝန်ပေးပါက SNLD ပါတီအနေဖြင့် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်မည်ဖြစ်ကြောင်း၊ SNLD ပါတီက သီးသန့်တွေ့မည်ဆိုပါကလည်း တွေ့ဆုံရန် တိုက်တွန်းကြောင်းနှင့် ကူညီလုပ်ဆောင်ပေးရန် အသင့်ရှိကြောင်း SNLD ပါတီ တွဲဖက်အတွင်းရေးမှူး (၂) စိုင်းကျော်ညွန့်က ပြောကြားသည်။
“အဓိကအားဖြင့် အမျိုးသားညီညွတ်ရေးကိစ္စပေ့ါဗျာ။ အားလုံးလည်းသိတယ်။ မွန်တို့ ကယားတို့မှာလည်း အဆင်မပြေခဲ့တာလည်းရှိတယ်။ ရှမ်းပြည်နယ်လာချိန်ကျတော့ အဲဒီလိုလည်း မဖြစ်ချင်ဘူး။ NLD ဆိုတာကလည်း ကျွန်တော်တို့ SNLD နဲ့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ထဲက အတူတူအလုပ်လုပ်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒီတစ်ခေါက် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်လောက်တုန်းကတော့ အကြောင်းအမျိုးမျိုးကြောင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာ မရှိခဲ့ဖူးပေ့ါလေ။ ဒီတစ်ခေါက်တော့ အမျိုးသားညီညွတ်ရေး တည်ဆောက်တဲ့ကိစ္စတွေ၊ ငြိမ်းချမ်းရေးလုပ်ဆောင်တဲ့ကိစ္စရပ်တွေ၊ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့လည်း မြင်တယ်။ အဲဒါကြောင့်လည်း အမျိုးသားညီညွတ်ရေးကိစ္စတွေ ငြိမ်းချမ်းရေးမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်တယ်ဆိုတဲ့ ကိစ္စတွေ ကျွန်တော်တို့ SNLD ရဲ့ ပါတီမူဝါဒပေ့ါ။ ဒီပြည်ထောင်စုကြီး ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ Union Vision ပြည်ထောင်စုအိပ်မက်ခေါ်မလား၊ ပြည်ထောင်စု မျှော်မှန်းချက်ပဲခေါ်မလား။ ဒီလိုဖြစ်သင့်ပါတယ်ပေ့ါ။ ဒီလိုပြည်ထောင်စုကိုသွားတဲ့အချိန်မှာ စံတန်ဖိုးအနေနဲ့ အမျိုးသားတန်းတူရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ စုံလင်ကွဲပြားမှုတွေ စုပေါင်းခေါင်းဆောင်မှုတွေ၊ လူနည်းစုကို ကာကွယ်ခြင်းဆိုတဲ့ စံတန်ဖိုးပေ့ါ။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီကိုင်စွဲတဲ့ စံတန်ဖိုးတွေကို ဆွေးနွေးတင်ပြတယ်” ဟု စိုင်းကျော်ညွန့်က ပြောကြားသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုသည်မှာ ဒင်္ဂါးပြား၏ ဟိုဘက်ဒီဘက်ကဲ့သို့ပင် အတူတူလုပ်ရမည်၊ ပြိုင်တူလုပ်ရမယ်ဆိုသည့် သဘောဖြစ်ကြောင်း၊ အဆိုပါမူအတိုင်း ဆက်သွားမည်ဖြစ်ကြောင်း၊ တိုင်းပြည်တွင် ပါတီတစ်ခုထဲ မပြီးဘဲ တိုင်းရင်းသားလက်နက်ကိုင်များလည်း များစွာရှိကြောင်း၊ ပြည်သူများနှင့် နီးနီးစပ်စပ်နေသည့် CSO များရှိကြောင်း၊ အဆိုပါအစည်းအရုံးများအားလုံး စည်းရုံး၍ အတူတကွ အလုပ်လုပ်နိုင်မည့် ပလက်ဖောင်းတစ်ခုကို ရှာနိုင်မည်၊ လမ်းခင်းနိုင်မည်ဆိုပါက ယခင်ငါးနှစ်ထက် ပိုသွားနိုင်မည်ဟုမြင်ကြောင်း၊ ခရီးလည်းရောက်မည်ဟုမြင်ကြောင်း စိုင်းကျော်ညွန့်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်