Top News

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဥက္ကဋ္ဌ ဦးသန်းတင် လူကြီးရောဂါဖြင့် ကွယ်လွန်
24htopnews | November 26, 2024 4:12 AM CST

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဥက္ကဋ္ဌ ဦးသန်းတင်သည် ဇန်နဝါရီ ၁၄ ရက်ညပိုင်းက မင်္ဂလာဒုံစစ်ဆေးရုံတွင် ကွယ်လွန်ခဲ့ကြောင်း ယင်းပါတီ ဒုတိယဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောကြားသည်။

ပါတီဥက္ကဋ္ဌ ဦးသန်းတင် ကွယ်လွန်မှုသည် COVID-19 ကြောင့်မဟုတ်ဘဲ လူကြီးရောဂါဖြင့်ကွယ်လွန်ခြင်းဖြစ်ဟု ၎င်းက ဆို သည်။

“သူက အသက် ၉၀ ကျော်ပါပြီ။ အသက် ၉၀ ကျော်ဆိုတော့လေ ဇရာကြောင့်ဖြစ်တာပါပဲ။ အိုနာလို့ပဲ ပြောလို့ရမှာပေါ့။ ရိုးရိုးဝေဒနာနဲ့ ကွယ်လွန်တဲ့ သဘောပါ” ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဒုတိယဥက္ကဋ္ဌ  ဦးဟန်ရွှေက ပြောကြားသည်။

ဦးသန်တင် မကွယ်လွန်မီ မင်္ဂလာဒုံစစ်ဆေးရုံတွင် ဆေးရုံတက်ရောက် ဆေးကုသမှု ခံယူနေရသည်မှာ နှစ်လခန့်ရှိခဲ့ကြောင်း ၎င်းပြောကြားချက်အရ သိရသည်။

ဦးသန်းတင်သည် တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်တွင် ဒုတိယဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ဦးဟန်ရွှေက ပြောကြားသည်။

ထို့ပြင် တစည ပါတီစတင်ထူထောင်စဉ် ကပင်တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ်ပါဝင်ခဲ့သည့် ဦးသန်းတင်သည် ဦးသာကျော်၊ ဦးထွန်းရီတို့ပြီးနောက် တတိယမြောက် ပါတီဥက္ကဋ္ဌဖြစ်သည်။

လက်ရှိတွင် ပါတီဥက္ကဌ ကွယ်လွန်ခဲ့၍ ပါတီဒုတိယ ဦးဟန်ရွှေက ပါတီကိုယာယီအနေဖြင့် ဦးဆောင်မည်ဖြစ်ပြီး ပါတီဥက္ကဋ္ဌ ပြန်လည်ရွေးကောက်ခြင်းကို ပါတီဗဟိုအလုပ်အမှုဆောင်များ အစည်းအဝေးပြုလုပ်၍ ရွေးချယ်သွားမည်ဟု သိရသည်။

“လောလောဆယ်တော့ ဥက္ကဋ္ဌမရှိတဲ့အချိန်မှာ ယာယီအနေနဲ့ ကျွန်တော်တာဝန်ယူရမယ့် သဘောရှိပါလိမ့််မယ်။ သို့သော် တကယ်ဟာကတော့ CEC အစည်းအဝေးခေါ်ပြီးတော့ CEC က ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားရမှာဖြစ်ပါတယ်” ဟု ပါတီဒုတိယ ဥက္ကဌဦးဟန်ရွှေက ပြောကြားသည်။

 


READ NEXT
Cancel OK