Top News

တာချီလိတ်မှ မြေယာအမှုတစ်ခုကို အရေးယူဆောင်ရွက်ပေးခြင်းမရှိဟုဆိုကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်အား နိုင်လွတ်လုံဖြင့် နစ်နာသူက အမှုဖွင့်မှုအပေါ် တောင်ကြီးမြို့မရဲစခန်းက ကနဦးတိုင်ကြားစာလက်ခံထား
24htopnews | November 26, 2024 1:12 AM CST

တာချီလိတ်မြို့နယ်မှ မြေယာအမှုတစ်ခုကို အရေးယူဆောင်ရွက်ပေးခြင်း မရှိဟုဆိုကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်အား မြေယာနစ်နာသူများက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေဖြင့် တောင်ကြီးမြို့မရဲစခန်းတွင် ဇန်နဝါရီ ၂၈ ရက်တွင် အမှုဖွင့်မှုအပေါ် ရဲစခန်းက ကနဦး တိုင်ကြားစာလက်ခံခဲ့ကြောင်း သတင်းရရှိသည်။

“တိုင်ကြားစာကိုတော့ လက်ခံထားတယ်။ တိုင်ကြားစာနဲ့ပတ်သက်တဲ့ ဥစ္စာတွေကို နိုင်လုံလွတ်ဥပဒေပုဒ်မ ၆ အရ သူတို့တိုင်တဲ့သူကို ပြန်ပြီးအကြောင်းကြားပေးမယ်။ ဥပဒေအရ အရေးယူဆောင်ရွက်ပေးဖို့လည်း ဆင့်ကဲဆင့်ကဲ အားလုံးကိုတင်ပြရမှာရှိတယ်။ အမှုက တိုက်ရိုက်ဖွင့်လို့မရဘူး၊ ပြစ်မှုဆိုင်ရာလို တိုက်ရိုက်ဖွင့်လို့မရဘူး။ အကြီးအကဲတစ်ယောက်ဖြစ်နေလို့ သက်ဆိုင်ရာကို ဆက်ရှင်တွေပေါ့။ တောင်းရမှာရှိတယ်။ လာတိုင်တဲ့သူကိုလည်း ရက်ပေါင်း ၃၀ အတွင်း အကြောင်းကြားပေးရမယ်။ လုပ်ထုံးလုပ်နည်း အရပဲလုပ်မယ်။ ပေါ်ပေါက်လည်း ပေါ်ပေါက်မယ်။ မပေါ်ပေါက်လည်း မပေါ်ပေါက်ဘူး၊ ဒီလိုပဲ စီမံဆောင်ရွက်လို့ရမယ်။ ရက်ပေါင်း ၃၀ အတွင်းမေးရမယ်။ ဥပဒေ ပြန်ကြားချက်တွေ ဆင့်ကဲဆင့်ကဲအမိန့်တွေ နာခံရဦးမယ်။ ရဲဥစ္စာမဟုတ်ဘူး။ ဌာနဆိုင်ရာ ဆက်ရှင်ယူရတယ်။ ဒါ ပြစ်မှုဆိုင်ရာမဟုတ်ဘူး နိုင်လွတ်လုံလည်း ဖြစ်နေတယ်” ဟု တောင်ကြီးမြို့မရဲစခန်းစခန်းမှူး ဒုရဲမှူးထက်နိုင်ဟိန်းက ပြောကြားသည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ အခန်း (၄)၊ အပိုဒ်ခွဲ (ဆ) တွင် နိုင်ငံသားတစ်ဦး၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုသော်လည်းကောင်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကိုသော်လည်းကောင်း၊ မတရားသိမ်းယူခြင်း သို့မဟုတ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တမင်ပျက်စီးစေခြင်း သို့မဟုတ် ဖျက်ဆီးစေခြင်းမပြုရဆိုသော အချက်ကြောင့်လည်းကောင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်သည် နိုင်ငံတော်သမ္မတညွှန်ကြားချက်ကို လိုက်နာဆောင် ရွက်ခြင်းမရှိသောကြောင့်လည်းကောင်း၊ အဆိုပါအချက်နှစ်ချက်ကြောင့် လာရောက်အမှုဖွင့်ရခြင်းဖြစ်ကြောင်း လိုက်ပါကူညီဆောင်ရွက်သူ ဦးသိန်းဝင်းက ဆိုသည်။

“စခန်းက စိစစ်မယ်။ စာရွက်စာတမ်းကိုလက်ခံပေးတယ်။ အမှုတော့မဖွင့်သေးဘူး။ သူတို့ပြန်စစ်ဦးမှာပေ့ါ။ ပြန်ပြီး အကြောင်းပြန်ပေးလိမ့်မယ်။ ဒီအမှုကို ၂၀၁၀ မှာ မြေယာကျူးကျော်မှုဖြစ်တယ်။ အမှုကို နံပါတ်တပ်ရတယ်။ မြေယာပိုင်ဆိုင်မှု အငြင်းပွားတာလား၊ မြေယာကျူးကျော်မှုလား၊ ဒီအမှုက မြေယာကျူးကျော်မှုဖြစ်တယ်။ မြေယာပိုင်ဆိုင်မှု မဟုတ်ဘူး။ အဲဒီအခါတော့ အရင်ထဲက ဒေါ်နန်းခမ်းတစ်ပိုင်တယ်။ ခုလည်း ပိုင်တယ်။ ကျူးကျော်မှု အငြင်းပွားတဲ့အခါ ဒေသန္တရ အာဏာပိုင်ခေါ်တဲ့ တာချီလိတ်၊ အရင်တုန်းက ကျိုင်းတုံ အေးချမ်းသာယာရေးဖွံ့ဖြိုးရေးကောင်စီပေ့ါ။ အမိန့်တွေ ချပြီးလုပ်လိုက်တယ်။ မြေပေးမိန့်က ဘယ်နားပေးလို့ ပေးမှန်းမသိဘူး။ အရပ်သားချင်း ကျူးကျော်တာ မဟုတ်ဘူး။ အဲဒါဆို နိုင်ငံတော်သမ္မတရုံးက မစစ်ပေးဘူး။ ဒေသအာဏာပိုင်ဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတွေပါတယ်။ နိုင်ငံတော်သမ္မတရုံးကနေ ပြည်ထဲရေး ဝန်ကြီးဌာနကို စစ်ခိုင်းလိုက်တယ်။ ရှမ်းပြည်နယ်မှာ စစ်ဆေးပြီးပြန်တက်သွားတယ်။ အမှန်တကယ် ကျူးကျော်တာမှန်တယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတွေ သုံးယောက် ဌာနတွင်းအရေးယူတယ်။ မြေစာရင်း ဦးစီးဌာန ခြောက်ယောက်ကို ဌာနတွင်းအရေးယူတယ်။ ၂၀၁၆ ခုနှစ်မှာ မြေပိုင်ရှင် ဒေါ်နန်းခမ်းတစ်ပိုင်ဆိုင်မှုအားလုံးကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန်ဆိုပြီးတော့ ဝန်ကြီးချုပ်ကို စာပို့လိုက်တယ်။ ဝန်ကြီးချုပ်က အလုပ်မလုပ်ဘူး၊ ၂၀၁၆ ခုနှစ်ထဲက အလုပ်မလုပ်ဘူး ဒီနေ့အထိပဲ” ဟု လိုက်ပါကူညီဆောင်ရွက်သူ ဦးသိန်းဝင်းက ပြောကြားသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ လွယ်စတုံကျေးရွာအနီး၊ ကွင်းအမှတ် ၈၅၃၆ ပေါ်ရှိ မြေလွတ်မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်ရရှိသော မြေဧကပေါင်း ၉၃ ဒသမ ၁၉ ဧက၊ ငါးကန် ၃၁ ဒသမ ၃၇ ဧကတို့အား ကျိုင်းတုံမြို့ နောင်ဖာရပ်နေ ဒေါ်နန်းခမ်းတစ်က မြေလွတ်မြေရိုင်းလျှောက်ယူ၍ လုပ်ပိုင်ခွင့်ရရှိထားသည့် မြေနေရာအား အခြားသူတစ်ဦးက ၂၀၁၀ ပြည့်နှစ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူ အချို့နှင့် ပူးပေါင်း၍ မြေနေရာရယူခဲ့ခြင်းဖြစ်သည်ဟု တိုင်ကြားသူများ၏ပြောကြားမှုအရ သိရသည်။

“ကျွန်တော်တို့ လုပ်ပိုင်ခွင့်ရမြေပေါ်မှာ နိုင်ငံတော်သမ္မတရုံး၊ သုတေသနသတင်း ပြန်ကြားရေးဌာနကလည်း ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကို ညွှန်ကြားပြီးသား ကာယကံရှင်ရဲ့ နစ်နာဆုံးရှုံးမှုကို ဆောင်ရွက်ပေးရန် ညွှန်ကြားထားတယ်။ နိုင်ငံတော်သမ္မတရုံးကနေ ဖြေရှင်းပေးရန်ညွှန်ကြားပေမဲ့ ခုချိန်ထိ မဖြေရှင်းတဲ့အပြင် အောက်ခြေမှာ ပြည်သူလူထုတွေ ခြံမှာနေတဲ့သူကို တရားစွဲတယ်။ မောင်းထုတ်ခံရတယ်။ ခြိမ်းခြောက်ခံရတယ်။ သမ္မတညွှန်ကြားတာတောင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က မလိုက်နာဘူး။ မဆောင်ရွက်ဘူး။ ပြည်သူအနေနဲ့ ဘယ်သူ့ကို ယုံကြည်အားကိုးရတော့မလဲ၊ ဘယ်သူ့စကား နားထောင်ရတော့မလဲ၊ သမ္မတထက်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ကြီးနေသလားလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့က မျှော်လင့်ချက်အများကြီး ထားပါတယ်” ဟု ဒေါ်နန်းခမ်းတစ်၏ ခြံမန်နေဂျာတာဝန်ခံ ဦးယောရှုက ပြောကြားသည်။

 


READ NEXT
Cancel OK