Top News

မဲဆန္ဒရှင်ပြည်သူလူထု၏ သဘောဆန္ဒကို ပြောင်းလဲမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ပြီး မဲဆန္ဒရှင်များ၏ဆန္ဒကိုလည်း ဆန့်ကျင်ရာရောက်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်
24htopnews | November 26, 2024 1:12 AM CST

မဲဆန္ဒရှင်ပြည်သူလူထု၏ သဘောဆန္ဒကို ပြောင်းလဲမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ပြီး မဲဆန္ဒရှင်များ၏ ဆန္ဒကိုလည်း ဆန့်ကျင်ရာရောက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ ၂၈ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးထုတ်ပြန်ချက်ဟူသောခေါင်းစဉ်ဖြင့် ဇန်နဝါရီ ၂၈ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ထိုသို့ထည့်သွင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄ တွင် ပါရှိသည့် “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်” ဟူသော နိုင်ငံတော်အခြေခံမူအရ မဲဆန္ဒရှင်ပြည်သူလူထု၏ ဆန္ဒသဘောထားကို ညှိနှိုင်းဖြေရှင်း ပြီး အတိုးအလျှော့အပေးအယူဖြင့် မည်သည့် ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းကမျှ ဥပဒေကျော်လွန်ကာ တစ်မျိုးတစ်ဖုံပြောင်းလဲ၍ ရသည့် ကိစ္စမျိုးမဟုတ်ကြောင်း၊ ထိုသို့ ပြောင်းလဲမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သကဲ့သို့ မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒကိုလည်း ဆန့်ကျင်ရာရောက်ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ထုတ်ပြန်ခြင်းဖြစ်သည်။

ထို့ပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲ၊ ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများတွင် မဲစာရင်းအချက်အလက်များ အားနည်းခဲ့သည်ကို တွေ့ရှိခဲ့ကြပြီးဖြစ်ကြောင်း၊ ယခု ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း မဲစာရင်းချို့ယွင်းချက်၊ အားနည်းချက်များကြောင့် မဲမသမာမှုအခြေအနေ မဖြစ်နိုင်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်တွင် ပါရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၂ အရလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၁၁ အရလည်းကောင်း ရွေးကောက်ပွဲကိစ္စများနှင့်စပ်လျဉ်း၍ လုပ်ပိုင်ခွင့်အာဏာလွှဲအပ်ခြင်းခံရသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတော်အစိုးရတို့နှင့် နည်းလမ်းရှာပြီး ညှိနှိုင်းဖြေရှင်းပေးရန်၊ စုပေါင်းအဖြေရှာရန် မည်သည့်ဥပဒေကမျှ အာဏာအပ်နှင်းထားခြင်းမရှိကြောင်း၊ အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သည့် မဲဆန္ဒရှင်ပြည်သူလူထုက သက်ဆိုင်ရာမဲဆန္ဒနယ်မြေများအလိုက် ၎င်းတို့၏ ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ကြခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်တွင် ပါရှိသည်။

ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှုများ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများရှိပါက နစ်နာသူများအနေဖြင့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ကန့်ကွက်လွှာများတင်သွင်းခြင်း၊ ရွေးကောက်ပွဲခုံ အဖွဲ့၏ အဆုံးအဖြတ်ကိုခံယူခြင်းသာ ဥပဒေက ပေးထားသောအခွင့်အရေးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲခုံအဖွဲ့များက လွတ်လပ်စွာ စစ်ဆေးကြားနာအဆုံးအဖြတ်ပြုပြီးသည့်အခါ မကျေနပ်လျှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အယူခံပြင်ဆင်မှုများ တင်သွင်းနိုင်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ဥပဒေနှင့်အညီ စစ်ဆေးကြားနာဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။

မဲအနိုင်အရှုံးရလဒ်များသည် ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်များအတိုင်း မဲလာပေးသည့် မဲဆန္ဒရှင်များ၏ ဆန္ဒမဲလက်မှတ်အပေါ် အများပြည်သူ၏ ရှေ့မှောက်တွင် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲဝင်များ၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ ရှေ့မှောက်တွင် ဆန္ဒမဲလက်မှတ် ရေတွက်ခြင်းကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့နောက် ကိုယ်စားလှယ်လောင်း တစ်ဦးစီရရှိသည့် ဆန္ဒမဲအရေအတွက်ကို ပုံစံ (၁၆) ဖြင့်ပြုစု၍ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးခြင်း၊ မဲရုံတွင်ကပ်ထားခြင်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် လွှတ်တော်ကိုယ်စားလှယ်လောင်းအသီးသီးရရှိသည့် ဆန္ဒမဲအရေအတွက်ကို ပုံစံ (၁၉) ဖြင့် အများပြည်သူရှေ့မှောက်တွင် စာရင်းပြုစုခြင်း၊ ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲဝင်များ၊ အသိသက်သေများကလက်မှတ်ရေးထိုးခြင်း၊ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းကို တိုင်းဒေသကြီး/ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲက ကြေညာရခြင်းစသည့် ဆန္ဒမဲရေတွက်ခြင်းနှင့် ရွေးကောက်ပွဲအနိုင်အရှုံးကြေညာရခြင်း စသည့်  ရွေးကောက်ပွဲလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ကြရပြီး သဘောတူအတည်ပြုကြခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန်စစ်ဆေးမှု (Cross Check) ပြုလုပ်ခြင်းကြောင့် အသက်ကြီးလွန်းသူ၊ ငယ်လွန်းသူ၊ အသက်မပြည့်သူ၊ ကွယ်လွန်သူ၊ မဲစာရင်းထပ်နေသူ ရှိကောင်းရှိနိုင်သော်လည်း ထိုပုဂ္ဂိုလ်များသည် တစ်နေ့တည်းတွင် မဲအကြိမ်ကြိမ်ပေးရန် မည်သို့မျှ စွမ်းဆောင်နိုင်မည်မဟုတ်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ခရီးသွားရန် COVID-19  ကာလ အခက်အခဲဖြစ်နေခြင်း၊ နယ်ကျော်မြို့ကျော် နေ့ချင်းပြီးသွား၍ မဲပေးနိုင်သည့် အခြေအနေမရှိခြင်း၊ မဲတစ်ကြိမ်ပေးပြီးပါက တစ်ပတ်ခန့်အထိ မပျောက်ပျက်နိုင်သောဆေးရည်မင်ဖြင့် လက်သန်းမင်တို့ခံထားရခြင်း၊ ဆန္ဒမဲလက်မှတ် ရရှိရေးအတွက် မဲရုံအဖွဲ့ဝင်များထံတွင် အသင့်ရှိပြီးဖြစ်သည့် မဲစာရင်းတွင် ပါ မပါ၊ အမည်၊ အဘအမည်၊ အသက်၊ မွေးသက္ကရာဇ်၊ နေရပ်လိပ်စာစစ်ဆေးခံရခြင်း စသည့် လုပ်ငန်းလမ်းညွှန်ချက်များအတိုင်း အဆင့်ဆင့်ဆောင်ရွက်ရခြင်းကြောင့် အကြိမ်ကြိမ်မဲပေးရန် စွမ်းဆောင်နိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံသားစိစစ်ရေးကတ်မပါရှိဘဲ မဲစာရင်းတွင် ပါဝင်နေခြင်းကြောင့် မဲပေးပိုင်ခွင့် ဆုံးရှုံးရမည်မဟုတ်ကြောင်း၊ နိုင်ငံတော်တွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများပြားကြောင်း၊ ထို့ကြောင့် လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲဥပဒေတွင် နိုင်ငံသားစိစစ်ရေးကတ်ရှိမှသာလျှင် မဲပေးခွင့်ရမည်ဟု ပြဋ္ဌာန်းထားခြင်းမဟုတ်ဘဲ အသက် ၁၈ နှစ်ပြည့်သူဖြစ်လျှင် မဲစာရင်းတွင် ထည့်သွင်းပေးရပြီး မဲပေးခွင့်ပြုရကြောင်းလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ရွေးကောက်ပွဲစာရွက်စာတမ်းများ တောင်းခံခြင်းနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲမကျင်းပမီကာလများတွင် ဥပဒေနှင့်အညီ မိတ္တူကူးယူခွင့်ပြုကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင်များသို့ အချိန်လုံလောက်စွာအသိပေးကြေညာခဲ့ပြီး မိတ္တူကူးယူခွင့် လျှောက်ထားခြင်းများကိုလည်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုပေးခဲ့ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။

ရွေးကောက်ပွဲကျင်းပပြီးနောက်တွင် ရွေးကောက်ပွဲပုံစံ စာရွက်စာတမ်းများတွင် သက်ဆိုင်သူပုဂ္ဂိုလ်တို့၏ လက်ရေးလက်မှတ်များ၊ အမည်၊ အဘအမည်၊ အမိအမည်၊ မွေးသက္ကရာဇ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ လက်ရှိနေရပ်လိပ်စာ၊ အမြဲတမ်းနေရပ်လိပ်စာစသည့် ပုဂ္ဂိုလ်ရေးအချက်အလက် များပါဝင်နေသဖြင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကိုကာကွယ်ရသည့်အနေဖြင့် လျှို့ဝှက်အဆင့် သတ်မှတ်ကာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပေါက်ကြားမှုမရှိစေရန် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက လုံခြုံစွာထိန်းသိမ်းထားရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကြိုတင်မဲကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲဆန္ဒရှင်များက လက်မှတ်ရေးထိုး၍ ဆန္ဒမဲထုတ်ယူပြီး ဆန္ဒမဲပေးခဲ့သည့် တစ်ခုတည်းသောမဲဆန္ဒရှင်စာရင်းပုံစံ (၁) မူရင်းသည် ရွေးကောက်ပွဲကျင်းပပြီးနောက် မဲရုံမှူးက မဲရုံတွင် အသုံးပြုသောအ ခြားပုံစံစာရွက်စာတမ်းများနှင့်အတူ သတ်မှတ်ထားသည့်အတိုင်း အထုပ်သေး၊ အထုပ်ကြီးများပြုလုပ်၍ လုံခြုံစွာထုပ်ပိုးပြီး ချိပ်တံဆိပ်ရိုက်နှိပ်၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ရကြောင်း၊ ၎င်းတို့ကို မြို့နယ်ကော်မရှင် အဖွဲ့ခွဲက လုံခြုံစွာထိန်းသိမ်းထားရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။

ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ရသည်ဟုဆိုသော လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင်များက ၎င်းတို့၏ နစ်နာဆုံးရှုံးမှုများအတွက် ဥပဒေနှင့်အညီ စစ်ဆေးဆုံးဖြတ်ပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာများ တင်ပြလျှောက်ထားပြီးဖြစ်ကြောင်း ကော်မရှင်၏ ယခုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြသည့် ကန့်ကွက်လွှာအမှုပေါင်း ၂၈၇ မှုရှိကြောင်း၊ မဲဆန္ဒရှင်များက ၉၄ မှုနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ၁၉၃ မှုဖြစ်ကြောင်း၊ အဆိုပါ ကန့်ကွက်လွှာများထဲတွင် ယခုအငြင်းပွားနေသော မဲစာရင်းကိစ္စများလည်းပါဝင်ကြောင်း၊ အဆိုပါ ကန့်ကွက်လွှာအမှုများကို စစ်ဆေးကြားနာရန်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲခုံအဖွဲ့များကို ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲခုံအဖွဲ့အသီးသီးက အဆိုပါကန့်ကွက်လွှာများကို စစ်ဆေးကြားနာ ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ကန့်ကွက်လွှာတင်သွင်းသူများအနေဖြင့် ၎င်းတို့၏ နစ်နာဆုံးရှုံးမှုများအတွက် ရွေးကောက်ပွဲခုံအဖွဲ့ထံတွင် တင်ပြခြင်း၊ တောင်းဆိုခြင်းများပြုနိုင်ကြောင်း၊ ရွေးကောက်ပွဲခုံအဖွဲ့က စစ်ဆေးပေါ်ပေါက်ချက်အရ လိုအပ်လျှင် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက ဥပဒေ၊ နည်းဥပဒေနှင့်အညီ လုံခြုံစွာထိန်းသိမ်းထားသော မဲစာရင်းအပါအဝင် စာရွက်စာတမ်းပုံစံများကို နှစ်ဘက်အမှုသည်များရှေ့၌ ကြည့်ရှုစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။

 


READ NEXT
Cancel OK