Top News

မြန်မာပြည်သူတို့၏ ဒီမိုကရေစီရေးနှင့် လွတ်လပ်ရေးတို့အတွက် ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံများက ဝိုင်းဝန်းဆောင်ရွက်ပေးရန် NLD ပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ထုတ်ပြန်
24htopnews | November 25, 2024 6:13 PM CST

မြန်မာပြည်သူတို့၏ ဒီမိုကရေစီရေးနှင့် လွတ်လပ်ရေးတို့အတွက် ကမ္ဘာ့ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံများက အင်နှင့်အားနှင့် ဝိုင်းဝန်း ဆောင်ရွက်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)  ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဖေဖော်ဝါရီ ၅ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ကြီးနှင့် ကမ္ဘာ့ နိုင်ငံများအား တောင်းဆိုအပ်သည်မှာ အာဏာသိမ်းသူလူတစုက မတရားဖမ်းဆီး ချုပ်နှောင်ထားသော မြန်မာနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများကို အမြန်ဆုံး လွတ်မြောက်လာနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြ ရန် ကမ္ဘာ့နိုင်ငံများနှင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးအား တင်ပြတောင်းဆိုကြောင်း ပါရှိသည်။

ထို့ပြင် မြန်မာပြည်သူတို့၏ဆန္ဒကို မျက်ကွယ်ပြု၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်းကောင်း၊ တည်ဆဲဥပဒေများနှင့်လည်းကောင်း မည်သို့မျှ ညီညွတ်ခြင်းမရှိဘဲ နိုင်ငံတော်အာဏာကို မတရား ရယူခဲ့သော အာဏာသိမ်းသူလူတစုကို အသိအမှတ်ပြုခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများမရှိဘဲ ပြည်သူတို့၏ ဆန္ဒအစစ်အမှန်ဖြစ်သော ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် ဖော်နိုင်ရေးအတွက် ရနိုင်သောနည်းလမ်းများဖြင့် အမြန်ဆုံး အရေးယူဆောင်ရွက်ပေးနိုင်ပါရန် တင်ပြ တောင်းဆိုကြောင်း ထုတ်ပြန််ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ခြင်းအလျဉ်းကင်းသော၊ လူ့အခွင့်အရေးများကို ချိုးဖောက်သော အာဏာရှင်စနစ်အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာရှင်သန်ရပ်တည်ခဲ့ရကြေား်၊ ၂၀၁၀ ခုနှစ်တွင်မှ ဒီမိုကရေစီစနစ်ကို ပြန်လည်ကူးပြောင်းကာ ပြည်သူများ၏ လွတ်လပ်ခွင့်များ စတင်ရရှိလာခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သော အစိုးရ လက်ထက်တွင် လွတ်လပ်မှုများ၊ လူ့အခွင့်အရေးများ၊ လူနေမှုအဆင့်အတန်းများ ပိုမိုတိုးတက် လာခဲ့ပြီး နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေးအပြောင်းအလဲများကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ ထိုသို့ မြန်မာပြည်သူတို့၏ မျှော်လင့်ချက်ရောင်ခြည်များ ဖြာသန်းလာသည့်အချိန်တွင် စစ်ခေါင်းဆောင် တစ်စုက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ မြန်မာပြည်သူတို့၏ ဒီမိုကရေစီရေး၊ လွတ်လပ်ရေးနှင့် လူအခွင့်အရေးများကို လုံးဝဆိတ်သုန်း ပျောက်ကွယ်စေမည့် လက်နက်ဖြင့် အာဏာသိမ်းယူအုပ်ချုပ်သည့်အန္တရာယ်နှင့် ကြုံတွေ့နေရကြောင်းနှင့် မြန်မာပြည်သူတို့၏ ဒီမိုကရေစီရေးနှင့် လွတ်လပ်ရေးတို့အတွက် ကမ္ဘာ့ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံများက အင်နှင့်အားနှင့် ဝိုင်းဝန်း ဆောင်ရွက်ပေးကြပါရန် တောင်းဆိုတိုက်တွန်းကြောင်း NLDပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ တောင်းဆိုချက်တွင် ဖော်ပြထားသည်။

 

 


READ NEXT
Cancel OK