Top News

ပရော်ဖက်ရှင်နယ်မော်ဒယ်တစ်ယောက်အဖြစ် အနုပညာအလုပ်တွေ အများကြီးဆက်လုပ်သွားဖို့ရှိတဲ့ Mဆိုင်းလူရဲ့ ငယ်စဉ်ဘဝ အမှတ်တရ ဖြတ်သန်းရာ
24htopnews | November 24, 2024 4:12 PM CST

မြန်မာနိုင်ငံရဲ့မော်ဒယ်ရေစီးကြောင်းက အရှိန်အဟုန်ပြင်းပြင်း စီးဆင်းနေခဲ့သလို ထိပ်တန်းမော်ဒယ်များစွာကလည်း အနုပညာဖန်တီးမှုကိုယ်စီနဲ့ ရပ်တည်လို့နေကြပါတယ်။ မော်ဒယ်တစ်ဦးအဖြစ် အောင်မြင်လာချိန်မှာ သရုပ်ဆောင်တစ်ဦးအဖြစ် ကူးပြောင်းသွားကြသူတွေများပြားသလို ပရော်ဖက်ရှင်နယ် မော်ဒယ်အနေနဲ့သာ သီးခြားရပ်တည်သူတွေလည်း ရှိနေကြပြန်ပါတယ်။ ပရော်ဖက်ရှင်နယ် ထိပ်တန်းမော်ဒယ်တစ်ဦးအနေနဲ့ ပရိသတ်ချစ်ခင်လက်ခံမှုရရှိထားပြီး အပြုံးချိုချိုတွေကို ပိုင်ဆိုင်ထားသူကတော့ မော်ဒယ် Mဆိုင်းလူပဲ ဖြစ်ပါတယ်။ အခုတစ်ပတ်မှာ မော်ဒယ် Mဆိုင်းလူရဲ့ ငယ်စဉ်ဘဝရဲ့ အမှတ်တရပုံရိပ်တချို့ကို ဖော်ပြပေးချင်ပါတယ်။

မော်ဒယ် Mဆိုင်းလူကို မြစ်ကြီးနားမြို့မှာ မိဘများဖြစ်ကြတဲ့ ဦးဘရန်ဒီ၊ ဒေါ်ဟွမ်နုတို့က မွေးဖွားခဲ့ကြပြီး မောင်နှမလေးဦးရှိတဲ့အနက် အငယ်ဆုံးသမီးဖြစ်ပါတယ်။ အစ်ကိုသုံးယောက်နဲ့အတူ ကြီးပြင်းလာခဲ့သူဖြစ်ပြီး ငယ်စဉ်ဘဝရဲ့ အမှတ်တရမှာတော့ သူငယ်တန်းကျောင်းသူဘဝမှာ အစ်ကိုတွေ ကျောင်းပြေးတဲ့နောက်ကို လိုက်သွားခဲ့ဖူးတာပါလို့ ပွင့်ပွင့်လင်းလင်း ရယ်မောပြောဆိုခဲ့ပါတယ်။

“ဆိုင်းလူက အစ်ကိုတွေနဲ့ကြီးရတာဆိုတော့ ငယ်ငယ်က မိန်းကလေး လုံးဝမဆန်ဘူး။ အရမ်းလည်း အဆော့မက်တယ်။ တစ်ချိန်လုံး ဆော့နေတာများတယ်။ အစ်ကိုတွေသွားလေရာ လျှောက်လိုက်နေတဲ့ ကလေးလည်း ဖြစ်တယ်ပေါ့။ အစ်ကိုတွေလုပ်သမျှ လိုက်လုပ်ချင်တာရှိတယ်လို့ မိဘတွေကလည်း ပြောပြကြတယ်” လို့ Mဆိုင်းလူက ဆိုပါတယ်။

Mဆိုင်းလူရဲ့ ပညာရေးအနေနဲ့တော့ သူငယ်တန်းကနေ နှစ်တန်းအထိကို မြစ်ကြီးနားမြို့မှာ တက်ရောက်ခဲ့ပြီး သုံးတန်းကနေ တက္ကသိုလ်ဝင်တန်းအထိကို အ.ထ.က(၂)လသာမှာ တက်ရောက်ဆည်းပူးခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းစာမှာလည်း သိပ်စိတ်မဝင်စားသလို သူငယ်ချင်းအပေါင်းအသင်းမက်ပြီး ဆော့ကစားနေတာများတယ်လို့ အမှတ်တရပြောပြခဲ့ပါတယ်။

Mဆိုင်းလူက ငယ်ရွယ်စဉ်အချိန်မှာ အနုပညာနဲ့ပတ်သက်လို့ စိတ်မဝင်စားခဲ့ဘဲ ရုပ်ရှင်ကြည့်တာလောက်သာ ပြုလုပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းကပွဲတွေမှာ ပါဝင်တာမျိုးတွေ နည်းပါးခဲ့ပြီး အများအားဖြင့် သူငယ်ချင်းတွေနဲ့သာ အချိန်ကုန်နေတာ များတယ်လို့လည်း ပြောပြခဲ့ပါသေးတယ်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်မှာတော့ Mဆိုင်းလူက ဘဝရဲ့ ထင်မှတ်မထားတဲ့ အချိုးအကွေ့တစ်ခုနဲ့ အနုပညာလောကကို ရောက်ရှိလာခဲ့တာပါ။ အလှဓာတ်ပုံသွားရိုက်ရင်း မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။

“အနုပညာလမ်းကြောင်းပေါ်ကိုက ထင်မှတ်မထားဘဲ ရောက်လာတာပေါ့။ မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်ဖြစ်လာတော့ တခြားမဂ္ဂဇင်းတွေ ဂျာနယ်တွေကလည်း အလှဓာတ်ပုံ ခေါ်ရိုက်ရင်းက ဒီလောကထဲ ရောက်လာတာပါ။ သင်တန်းတွေဘာတွေ သီးခြားတက်ပြီး ရောက်လာတာမျိုးလည်း မဟုတ်ဘူး။ တိုင်းရင်းသူလည်း ဖြစ်နေတဲ့အခါကျတော့ အဲဒီအချိန်တုန်းက အခက်အခဲတွေ အများကြီးပါပဲ။ အင်တာနက်ကလည်း အရမ်းမကျယ်ပြန့်သေးတော့ Google ကနေ ရှာရတယ်။ လေ့လာရတယ်။ နိုင်ငံခြား ရုပ်သံလိုင်းတွေကလွှင့်တဲ့ ဖက်ရှင်ရှိုးတွေကြည့်ပြီး အတုယူရတယ်” လို့ Mဆိုင်းလူက ဆိုပါတယ်။

ဓာတ်ပုံမော်ဒယ်တစ်ဦးအဖြစ်ကနေ ကြော်ငြာတွေ ရိုက်ကူးခွင့်ရခဲ့ပြီး ဖက်ရှင်ရှိုးအများအပြားမှာလည်း ပါဝင်လျှောက်လှမ်းခွင့်ရခဲ့ပါတယ်။ သရုပ်ဆောင်တစ်ဦးအနေနဲ့ ကူးပြောင်းဖို့ ကမ်းလှမ်းတာတွေရှိခဲ့ပေမယ့် စကားပြောဝဲတဲ့ တိုင်းရင်းသူတစ်ဦးအနေနဲ့  ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူးလို့ ဆိုခဲ့ပါတယ်။ ဒါကြောင့် Mဆိုင်းလူက ပရော်ဖက်ရှင်နယ်မော်ဒယ် သီးသန့်အနေနဲ့ ရပ်တည်နိုင်ဖို့ ဆက်လက်ကြိုးစားခဲ့ပါတယ်။ မော်ဒယ်တစ်ဦးအနေနဲ့ လှပဖို့အတွက် အားကစားလေ့ကျင့်သလို စနစ်တကျ နေထိုင်ဖြတ်သန်းဖြစ်တဲ့အပြင် ဖက်ရှင်နဲ့ပတ်သက်လို့လည်း အမြဲလိုလို လေ့လာဖြစ်ပါတယ်လို့လည်း Mဆိုင်းလူက ဆိုပါတယ်။

Mဆိုင်းလူအနေနဲ့ မျှော်လင့်မထားတဲ့ အဖြစ်အပျက်တစ်ခုအနေနဲ့ ဖက်ရှင်ရှိုးတစ်ခုမှာ မတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ရာက ခြေထောက်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ နဂိုအတိုင်း ပြန်လည်ကောင်းမွန်လာပါ့မလားလို့ စိုးရိမ်စိတ်တွေရှိနေခဲ့ပြီး အားငယ်စိတ်၊ ဖိစီးမှုတွေနဲ့ အဲဒီအချိန်တွေကို ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်အပြီးမှာတော့ အလုပ်ကိုပိုပြီး အာရုံစိုက်ဖြစ်လာတယ်လို့လည်း ပြောပြခဲ့ပါသေးတယ်။

Mဆိုင်းလူက ပရော်ဖက်ရှင်နယ်မော်ဒယ်အနေနဲ့ ရပ်တည်မှု စျေးကွက်အခြေအနေကိုတော့ “အခုနောက်ပိုင်းတော့ ပိုပြီးကျယ်ပြန့်လာမယ်လို့ ထင်ပါတယ်။ နိုင်ငံတကာနဲ့ ချိတ်ဆက်မှုတွေလည်း ပိုများလာတယ်။ နိုင်ငံခြားက မဂ္ဂဇင်းတွေကအစ မြန်မာမော်ဒယ်တွေနဲ့ ဓာတ်ပုံရိုက်တာမျိုးတွေ ရှိလာတော့ အများကြီး ကျယ်ပြန့်လာတယ်။ ဒီလိုအခြေအနေမှာ ကိုယ့်ဘက်က အဆင်သင့်ဖြစ်အောင်တော့ အများကြီး လေ့လာအားထုတ်ဖို့လိုပါတယ်။ ဘာသာစကားကအစ အားလုံးကို လေ့လာထားရမယ်လို့ ထင်တယ်” လို့ ပြောပြခဲ့ပါတယ်။

မော်ဒယ်တစ်ယောက်အနေနဲ့ အလှအပ ထိန်းသိမ်းမှုအပိုင်းနဲ့ ပတ်သက်လို့ Mဆိုင်းလူက ထိခိုက်မှုမဖြစ်ခင်မှာ Gym အပြင်းအထန် ဆော့ခဲ့ပေမယ့် ထိခိုက်မှုဖြစ်ပြီး နောက်မှာတော့ သိပ်မဆော့ဖြစ်ဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ အစားအသောက်ပိုင်းဆိုင်ရာကို စနစ်တကျ ရွေးချယ်စားသောက်သလို အသားအရည် ထိန်းသိမ်းမှုအပိုင်းကိုလည်း ဂရုစိုက်ပြင်ဆင်နေတယ်လို့ Mဆိုင်းလူက ပြောပြခဲ့ပါတယ်။

ဖြတ်သန်းခဲ့ပြီးတဲ့ အနုပညာခရီးလမ်းတစ်လျှောက်ကို ပြန်လှည့်ကြည့်မယ်ဆိုရင်တော့ ကျေနပ်စရာပါလို့ Mဆိုင်းလူက ဆိုပါတယ်။ ကိုယ်ကြိုးစား အားထုတ်ခဲ့တဲ့အပေါ် ပရိသတ် လက်ခံအားပေးတဲ့အတွက်လည်း ကျေနပ်ပါတယ်လို့ ရိုးရှင်းစွာပြောဆိုခဲ့ပါတယ်။ ပရိသတ်ချစ်ခင်မှုကြောင့် ရလာတဲ့နေရာဖြစ်တဲ့အတွက်လည်း ပိုပြီးကျေနပ်စရာဖြစ်တယ်လို့ ဆိုပါတယ်။

အခုတစ်ပတ် ဖတ်ရှုခဲ့ကြရတာကတော့ မော်ဒယ် Mဆိုင်းလူရဲ့ ငယ်စဉ်ဘဝ ဖြတ်သန်းမှုအချို့ဖြစ်ပါတယ်။ နောက်တစ်ပတ်မှာလည်း ပရိသတ်ချစ်တဲ့ ဘယ်အနုပညာရှင်က ငယ်စဉ်ဘဝရဲ့ ပုံရိပ်တွေ၊ ကြိုးစားဖြတ်သန်းခဲ့တဲ့ အကြောင်းကို ပြန်လည်မျှဝေပေးသွားမလဲဆိုတာ ဆက်လက်စောင့်မျှော် ဖတ်ရှုပေးစေချင်ပါတယ်။

 


READ NEXT
Cancel OK