Top News

BTS အဖွဲ့က ဝင်ဘာလေအားကစားကွင်းတွင် ဖျော်ဖြေပွဲပြုလုပ်သည့် ပထမဆုံး ကေပေါ့ပ်အဖွဲ့ဖြစ်လာ
24htopnews | November 24, 2024 4:12 PM CST

ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ BTS သည် လန်ဒန်ရှိ ဝင်ဘာလေအားကစားကွင်း၌ ဖျော်ဖြေပွဲပြုလုပ်သည့် ပထမဆုံး ကေပေါ့ပ်အဆိုတော်အဖွဲ့အဖြစ် သမိုင်းတွင်ခဲ့ပြီဖြစ်သည်။

Love Yourself : Speak Yourself ဖျော်ဖြေရေးခရီးစဉ်တစ်ခုအဖြစ် ဇွန် ၁ ရက်တွင် ဝင်ဘာလေအားကစားကွင်း၌ ပြုလုပ်သည့် ဖျော်ဖြေပွဲသို့ ပရိသတ် ၆၀၀၀၀ လာရောက်ကြည့်ရှုခဲ့သည်ဟု BtS အဖွဲ့၏ အေဂျင်စီ Bit Hit Entertainment  က ထုတ်ပြန်ခဲ့သည်။ နှစ်နာရီကျော် ပြုလုပ်ခဲ့သည့် ဖျော်ဖြေပွဲတွင်  BTS အဖွဲ့သည် Dope, Fire, Idolနှင့် Fake Love သီချင်းများအပါအဝင် စုစုပေါင်း သီချင်း ၂၄ ပုဒ်ဖြင့် ဖျော်ဖြေခဲ့သည်။

“ကျွန်တော်တို့က ဝင်ဘာလေကွင်းမှာလုပ်တဲ့ Live Aid ဖျော်ဖြေပွဲရဲ့ ဗီဒီယိုတွေကို ကြည့်ပြီး ကြီးပြင်းလာတာပါ။ ဂီတလောကမှာ လွှမ်းမိုးခဲ့တဲ့ အထင်ကရ ရော့ခ်အဖွဲ့ Queen ဖျော်ဖြေခဲ့တဲ့ ဒီအားကစားကွင်းမှာ နောက်ဆုံးမှာ ကျွန်တော်တို့ ဖျော်ဖြေနိုင်ခဲ့ပါပြီ” ဟု BTS အဖွဲ့က ထုတ်ပြန်ခဲ့သည်။

BTS အဖွဲ့သည် ပရိသတ် ၉၀၀၀၀ ဆံ့သည့် ဝင်ဘာလေအားကစားကွင်း၌ ဖျော်ဖြေပွဲတစ်ပွဲသာ ပြုလုပ်ရန် မူလက စီစဉ်ခဲ့သော်လည်း ကြိုတင်လက်မှတ်ရောင်းချရာတွင် လက်ကျန်မရှိ ရောင်းထွက်ခဲ့သဖြင့် ဖျော်ဖြေပွဲပြုလုပ်မည့်ရက်ကို တစ်ရက်ထပ်တိုးခဲ့ရသည်။ ဇွန် ၁ ရက်နှင့် ၂ ရက်တွင်ပြုလုပ်မည့် ဖျော်ဖြေပွဲနှစ်ပွဲအတွက် လက်မှတ်စောင်ရေ ၁၂၀၀၀၀ ရောင်းချနိုင်ခဲ့သည်ဟု Bit Hit Entertainment က ထုတ်ပြန်ခဲ့သည်။

အဖွဲ့ဝင် ခုနစ်ဦးဖြင့် ဖွဲ့စည်းထားသည့် BTS အဖွဲ့အတွက် ၂၀၁၉ နှစ်သည်လည်း အလွန်အမင်း အောင်မြင်မှုရရှိခဲ့သည့် နှစ်တစ်နှစ်ဖြစ်ခဲ့သည်။ ဧပြီလက ဖြန့်ချိခဲ့သည့် Map Of The Soul: Persona အယ်လ်ဘမ်သည် ဗြိတိန်သီချင်းရောင်းချမှု စာရင်း၏ နံပါတ်နေရာတွင် ဖော်ပြခံခဲ့ရသည်။ ယင်းအဖွဲ့သည်  Saturday Night Live ရုပ်သံအစီအစဉ်နှင့် ဗြိတိန်၏ Got Talent အစီအစဉ်တွင် ဖျော်ဖြေခဲ့သည်။

Bangtan Boys ဟုလည်း ခေါ်ဆိုသည့် BTS အဖွဲ့သည် Map of the Soul: Persona အယ်လ်ဘမ် ဖြန့်ချိခဲ့ပြီးနောက် အားကစားကွင်းများတွင်သာ ဖျော်ဖြေမည့် Love Yourself: Speak Yourself ကမ္ဘာလှည့် ဖျော်ဖြေပွဲခရီးစဉ်ကို မေ ၄ ရက်တွင် လော့စ်အိန်ဂျလိစ်၌ စတင်ခဲ့သည်။

BTS အဖွဲ့သည် အမေရိကန်၌ ဖျော်ဖြေပွဲများပြုလုပ်နေစဉ်အတွင်း ABC ရုပ်သံ၏ မေ ၁၅ ရက်က စတင်ခဲ့သည့် Good Morning America အစီအစဉ်တွင် ပါဝင်ဖျော်ဖြေခဲ့သည်။

Jin, Suga, J- Hope, RM, Jimin, V နှင့် Jungkook တို့ဖြင့် ဖွဲ့စည်းထားသည့် BTS အဖွဲ့သည် မေ ၁ ရက်တွင် လော့စ်အိန်ဂျလိစ်၌ ပြုလုပ်ခဲ့သည့် Billboard ဂီတဆုပေးပွဲ BBMA တွင် Top Social Artist ဆုကို ဆွတ်ခူးခဲ့သည်။


READ NEXT
Cancel OK