Top News

အကယ်ဒမီဝတ်မှုန်ရွှေရည်နှင့် တွေ့ဆုံခြင်း
24htopnews | November 24, 2024 4:12 PM CST

အနုပညာလောကအတွင်း ထိပ်တန်းမင်းသမီးတစ်ဦးအဖြစ် နေရာယူထားနိုင်သည့် သရုပ်ဆောင်အကယ်ဒမီ ဝတ်မှုန်ရွှေရည်မှာ ပြည်တွင်းတွင်သာမက အခြားသောနိုင်ငံများမှအနုပညာရှင်များနှင့် တွဲဖက်ပါဝင်ရိုက်ကူးသည့် ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်ခွင့်ရရှိနေသူဖြစ်သည်။ ဇွန်လအတွင်း စတင်ရိုက်ကူးတော့မည့် ကိုရီးယားမြန်မာ ရုပ်ရှင်ဇာတ်ကားတွင်လည်း သရုပ်ဆောင်အကယ်ဒမီ ဝတ်မှုန်ရွှေရည်က ချင်းတောင်တန်းမှ အဆိုဝါသနာရှင်လူငယ်တစ်ဦး၊ ပြိုင်ပွဲတွင်ဆုရရှိပြီးနောက် ကိုရီးယားနိုင်ငံသို့ သွားရောက်ခွင့်ရခဲ့သူတစ်ဦးအဖြစ် ပါဝင်သွားမည်ဖြစ်သည်။ ပထမဆုံး တွဲဖက်ရိုက်ကူးမည့် ကိုရီးယား-မြန်မာ ရုပ်ရှင်ဇာတ်ကားတွင်ပါဝင်ရန် ကမ်းလှမ်းခံရသည့်အတွက် ခံစားမှုများ၊ ဇာတ်ကားတွင်ပါဝင်ရန် ပြင်ဆင်ထားမှုများအား မေးမြန်းဖြစ်ခဲ့ပါသည်။

မေး - မြန်မာ-ကိုရီးယား ချစ်ကြည်ရေးအနေနဲ့ ရိုက်ကူးမယ့်ဇာတ်ကားမှာ ပါဝင်ခွင့်ရတဲ့ခံစားချက်လေး အရင်ဆုံးပြောပြပါဦး။

ဖြေ - ကစ်အနေနဲ့ အခုလို ကိုရီးယား-မြန်မာ ပထမဆုံးပါဝင်ဖို့ ကမ်းလှမ်းခံရတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ နောက်တစ်ခုကဒီဇာတ်ကားကို လက်ခံဖြစ်တာက ဇာတ်လမ်းကိုသဘောကျလို့ရယ်၊ ဦးစင်ရော်မောင်မောင်ကို ယုံကြည်လို့ ရယ်ပါပဲ။ ဦးစင်ရော်မောင်မောင်နဲ့ ကစ်နဲ့ ဇာတ်ကားတွေအများကြီး တွဲရိုက်ခဲ့ဖူးတယ်။ သူ့ကိုလည်း ယုံကြည်တယ်။ မမီးတို့ ဆရာဦးခင်မောင်ဝင်းတို့ပါတဲ့ Big 5  ကုမ္ပဏီအသစ်ကို ယုံကြည်သလို အားပေးတယ်။ ဒါကြောင့်လက်ခံဖြစ်တာပါ။

မေး - ဒီဇာတ်ကားမှာပါဝင်ရမယ့် ဇာတ်ရုပ်ပိုင်းကိုလည်း ပြောပြပေးပါဦး။

ဖြေ - ဒီဇာတ်ကားမှာ ကစ်က ချင်းတောင်တန်းက မိန်းကလေးတစ်ယောက်ပေါ့။  ဇာတ်ကားထဲကမိန်းကလေးက ခွန်အားတွေပေးစေတယ်။ ကြည့်တဲ့ပရိသတ်တွေ အားလုံးကိုရော ကစ်ကိုယ်တိုင်အတွက်ပါ စိတ်ခွန်အားတွေ အများကြီးဖြစ်စေမယ့် ဇာတ်ကားမျိုးပါ။ နောက်တစ်ခုက ကစ်တခြားနိုင်ငံက အနုပညာရှင်တွေနဲ့  ယဉ်ကျေးမှုဖလှယ်ခွင့်ရမယ်၊ တွဲဖက်သရုပ်ဆောင်ခွင့်ရမယ်ဆိုတဲ့အခါ ကစ်အတွေ့အကြုံသစ်တွေရမှာဖြစ်လို့ အရမ်းလည်းစိတ်လှုပ်ရှားနေပါတယ်။

မေး - ကစ်အတွက် ဒီဇာတ်ကားမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိမယ်လို့ရောထင်လဲ။

ဖြေ -  ကစ်အတွက် အတွေ့အကြုံသစ်နောက်တစ်ခုဖြစ်မယ်လို့ ထင်ပါတယ်။ ကိုရီးယားမင်းသား မင်းသမီးတွေနဲ့ တွဲဖက်သရုပ်ဆောင်ခွင့်ရမှာဖြစ်လို့ သင်ယူစရာတွေ လေ့လာစရာတွေရရှိမယ်လို့ ထင်ပါတယ်။ ယဉ်ကျေးမှုဖလှယ်တာမျိုးတွေလည်း ရှိမယ်ထင်တယ်။ အတွေ့အကြုံသစ်တွေ အများကြီးရမယ်လို့ထင်တယ်။

မေး -အင်္ဂလိပ်ဘာသာစကားပြောက ဒီဇာတ်ကားမှာ ၈၀ ရာခိုင်နှုန်းလောက်ပါတယ်ဆိုတော့ အဲဒီအတွက် စိတ်ပူတာမျိုးရောရှိလား။

ဖြေ - အဲဒီလိုတော့မရှိပါဘူး။ အဓိကတော့ ကာရိုက်တာအတွက် အကောင်းဆုံး ပြင်ဆင်သွားဖို့ပဲ စိတ်ထဲမှာထည့်ထားပါတယ်။

မေး - ကိုရီးယားမင်းသားနဲ့ရော ဘယ်လိုညှိနှိုင်းမှုတွေလုပ်ဖြစ်လဲ။

ဖြေ - ကစ်တို့ ဇာတ်ကားမရိုက်ခင်မှာ workshopတွေလုပ်ဖြစ်တယ်။ character အတွက်ဆွေးနွေးကြတယ်။ စကားပြောကြည့်တာတွေ အက်တင်လုပ်ကြည့်တာတွေ ရှိတယ်။ အဲဒီအပေါ်မှာ အဆင်ပြေပါတယ်။ မရိုက်ခင်မှာလည်း ရီဟာဇယ်တွေ လုပ်သွားမှာဆိုတော့ အဆင်ပြေသွားမယ်လို့ ယုံကြည်ပါတယ်။

မေး - ကိုရီးယားမှာ အရင်ရိုက်မှာလား။

ဖြေ - ကိုရီးယားမှာ အရင်ရိုက်မှာပါ။ ဆိုးလ်နဲ့ ဘူဆန်မှာ ရိုက်ကူးမှာပါ။

မေး - ကိုရီးယားမင်းသားကို အမြင်ဆိုရင်ရော။

ဖြေ - သူက သရုပ်ဆောင်ကောင်းတယ်။ ကိုယ့်နိုင်ငံမှာလာပြီးလေ့ကျင့်ရတာဆိုတော့ သေချာစိတ်နှစ်ပြီး အမူအရာတွေဘာတွေ လုပ်ပြတာလည်းမြင်ရတယ်။

မေး - စိတ်ဓာတ်ခွန်အားပေးမယ့် ဇာတ်ရုပ်မျိုးဆိုတော့ အရင်ရိုက်ခဲ့တာတွေနဲ့ ဘာတွေကွာခြားမလဲ။

ဖြေ - ဇာတ်လမ်းရော ကာရိုက်တာရောက ကစ်မလုပ်ဖူးဘူး။ အခုလုပ်မယ့် ကာရိုက်တာမျိုး ကစ်တစ်ခါမှသရုပ်မဆောင်ဖူးတဲ့အပြင် ဒီဇာတ်ကားထဲက မိန်းကလေးက စိတ်ခွန်အားပေးမယ်။ ဇာတ်လမ်းကိုစဖတ်ကတည်းက ကစ်အတွက်စိတ် ခွန်အားပေးစေပါတယ်။

မေး -Asia Award ဆုပေးပွဲမှာလည်း ဒီဇာတ်ကားကိုသွားရိုက်မှာဆိုတော့ ဘယ်လိုအတွေ့ အကြုံတွေရမယ်လို့ထင်လဲ။

ဖြေ - အဲဒီအပိုင်းတော့ သေချာမသိသေးဘူး။ ဦးမောင်တို့ စီစဉ်သွားမှာပါ။

မေး - နိုင်ငံတကာနဲ့ တွဲဖက်ရိုက်ကူးမှုတွေ များလာတဲ့အပေါ်မှာရော ဘယ်လိုမြင်လဲ။

ဖြေ - လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ယှဉ်ရင်တော့ အများကြီးပြောင်းလဲသွားတာပေါ့နော်။ တစ်နှစ်နဲ့တစ်နှစ်ကလည်း မြန်မာ့ရုပ်ရှင်ဖန်တီးမှုက တိုးတက်လာသလို တိုးတက်ချင်စိတ်လည်းရှိလာတယ်လို့မြင်တယ်။ ကစ်လုပ်နိုင်တဲ့ တစ်ထောင့်တစ်နေရာကလည်း အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားပါမယ်။

မေး - ဒီဇာတ်ကားနဲ့ပတ်သက်လို့ပရိသတ်ကို ပြောချင်တဲ့စကားများရှိမလား။

ဖြေ - ဒီဇာတ်ကားက ကိုရီးယား-မြန်မာတွဲဖက်ရိုက်ကူးတဲ့ ဇာတ်ကားတစ်ခုအနေနဲ့ နောင်တစ်ချိန်မှာ အကောင်းဆုံးမှတ်တိုင်ပဲဖြစ်အောင် ကစ်တို့မှာ တာဝန်ရှိပါတယ်။ ကိုယ့်မြန်မာဘက်ကလည်း အကောင်းဆုံးဖြစ်အောင်ကြိုးစားမှာပါ။

မေး - မြန်မာကိုယ်စားပြုအမှတ်အသား ဖက်ရှင်မျိုးတွေ ဝတ်ဆင်မှာတွေရောပါလား။

ဖြေ - ချင်းပြည်နယ်ရဲ့ ထင်ရှားတဲ့အမှတ်အသားအလှအပတွေ၊ ဝတ်စားဆင်ယင်မှုနဲ့ ယဉ်ကျေးမှုတွေပါဝင်မှာဖြစ်သလို ကိုရီးယားယဉ်ကျေးမှုတွေလည်း ပါဝင်မှာပါ။ နှစ်နိုင်ငံယဉ်ကျေးမှုတွေ အလှအပတွေကိုမြင်ခွင့်ရမှာပါ။     


READ NEXT
Cancel OK