
လတ်တလောရုံတင်ပြသနေတဲ့ ‘ဟစ်တိုင်’ ရုပ်ရှင်ဇာတ်ကားမှာ အစ်မဖြစ်သူရဲ့ ဘဝအခက်အခဲတွေကို မကူညီနိုင်တဲ့အပြင် ကိုယ်တိုင်ရဲ့ အိမ်ထောင်ရေးမှာလည်း စိတ်တိုင်းကျ နေထိုင်ခွင့်မရှိတဲ့ မိန်းကလေးတစ်ဦးအနေနဲ့ ပီပြင်စွာပါဝင်ခဲ့သလို ဇွန်လဆန်းမှာပြသမယ့် ‘အဆောင်’ ရုပ်သံ ဇာတ်လမ်းတွဲမှာလည်း ကြိုးစားသရုပ်ဆောင်ထားတာကို တွေ့မြင်ရမှာပါ။ ကမ္ဘာ့စင်မြင့်ထက်မှာ မြန်မာကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြတဲ့ အလှမယ်တွေက နိုင်ငံကိုယ်စားပြု တာဝန်ကိုယ်စီ ပြီးဆုံးချိန်မှာ ဆေးစက်ချရာအရုပ်ထင်ရတဲ့ သရုပ်ဆောင်အနုပညာပိုင်းကို ကူးပြောင်းရောက်ရှိလာတာကို တွေ့မြင်ရပါတယ်။ ဒီလိုကူးပြောင်းလာကြသူတွေထဲက ၀ါရင့်အနုပညာရှင်တွေနဲ့တွဲဖက်လို့ ဇာတ်ကားတွေရိုက်ကူးထားတဲ့ Miss International Myanmar 2017 ကိုယ်စားပြုအလှမယ် စဝ်ယွန်းဝတီဦးရဲ့ ငယ်စဉ်ဘဝက အမှတ်တရပုံရိပ်တချို့ကို ပြန်လည်ဖော်ပြပေးချင်ပါတယ်။ ရှမ်းတိုင်းရင်းသူလေး အလှမယ်စဝ်ယွန်းဝတီဦးရဲ့ ပျော်ရွှင်ကြည်နူးစရာ ငယ်စဉ်ဘဝရဲ့ ပုံရိပ်တချို့ကို ခံစားဖတ်ရှုနိုင်မှာပဲဖြစ်ပါတယ်။
အလှမယ်စဝ်ယွန်းဝတီဦးက ဖခင်ဖြစ်သူဦးစလဖုန်နဲ့ မိခင်ဒေါ်နန်းရှမ်းနွဲ့တို့က မွေးဖွားခဲ့တာဖြစ်ပြီး အကြီးဆုံးသမီး ဖြစ်ပါတယ်။ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ရှမ်းတိုင်းရင်းသူအလှမယ်လေးက ငယ်စဉ်ဘဝမှာ ကစားမက်သူတစ်ယောက်ပါလို့ ဆိုပါတယ်။ ငယ်စဉ်ကလေးဘဝကတည်းက သူငယ်ချင်းတွေကြားမှာ ဦးဆောင်ပြီးကစားရတာကို ကြိုက်နှစ်သက်သူဖြစ်သလို သူငယ်ချင်းတွေအတွက်လည်း ကာကွယ်ပေးလိုသူပါလို့လည်း ပြောပြခဲ့ပါတယ်။
“ညီမငယ်ငယ်က အရမ်းအဆော့မက်တယ်။ စွာလည်းစွာတယ်။ သူငယ်ချင်းတွေနဲ့အတူ ဆော့မယ်ဆိုရင် ကိုယ်ကပဲ ဦးဆောင်ပြီး ဆော့တာ။ သူငယ်ချင်းတွေနဲ့ ပတ်သက်ရင်လည်း အရမ်းကာကွယ်ပေးချင်တယ်။ သူတို့ကိုတစ်ခုခုထိပြီဆိုတာနဲ့ ကိုယ်ကပဲဦးအောင် ရန်စွာပေးတတ်တယ်။ အဲဒါလေးကတော့ ငယ်ငယ်က အမှတ်တရပါ” လို့ စဝ်ယွန်းဝတီဦးက ဆိုပါတယ်။
အလှမယ်စဝ်ယွန်းဝတီဦးက ငယ်စဉ်ကလေးဘဝကတည်းက အနုပညာကို စိတ်ဝင်စားသူဖြစ်ပြီး သီချင်းတွေကို အရမ်းနှစ်သက်သလို မော်ဒယ်လျှောက်တာတွေကိုလည်း လိုက်တုပြီး လုပ်နေတတ်တယ်လို့ ဆိုပါတယ်။ ကျောင်းပညာရေးအနေနဲ့ သူငယ်တန်းကနေ လေးတန်းအထိ ရန်ကုန်မှာ တက်ရောက်ခဲ့ပြီး ငါးတန်းကနေ ခြောက်တန်းအထိကို ကျိုင်းတုံမှာ တက်ရောက်ခဲ့ပါတယ်။ ခုနစ်တန်းနဲ့ ရှစ်တန်းကိုအောင်ပန်းမှာ တက်ရောက်ခဲ့သလို ကိုးတန်းကိုတော့ တောင်ကြီးမှာတက်ခဲ့ပြီး ဆယ်တန်းနှစ်မှာ ရန်ကုန်ပြန်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းပညာရေးမှာ စာတော်တဲ့အထဲ ပါဝင်သူဖြစ်တဲ့ အလှမယ်စဝ်ယွန်းဝတီဦးက နှစ်စဉ် အဆင့်ထိပ်ဆုံးမှာ ပါဝင်ခဲ့သလို ထူးချွန်စာမေးပွဲများစွာမှာလည်း ဆုတွေရရှိ ခဲ့တယ်လို့ဆိုပါ တယ်။ လက်ရှိမှာတော့ B.E (Civil) Engineering ဘွဲ့ကို ရရှိထားပြီးသူလည်း ဖြစ်ပါတယ်။
ကျောင်းတက်နေစဉ် ကာလတစ်လျှောက်မှာ စဝ်ယွန်းဝတီဦးက ကျောင်းကပွဲတွေ၊ ကဗျာလွတ်ယှဉ်ပြိုင်မှုတွေမှာ ပါဝင်ခဲ့ပေမယ့် အလှမယ်ဖြစ်ချင်တဲ့ အိပ်မက်မျိုးမက်ခဲ့တာတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ၀ါသနာပါရာအနုပညာကို စိတ်ထဲမှာသိမ်းဆည်းထားပြီး ကျောင်းပညာကိုပဲ တစိုက်မတ်မတ်ကြိုးစားနေခဲ့ရာက ဘွဲ့ရရှိပြီးချိန်မှာတော့ Miss International Myanmar 2017 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုကို ရရှိခဲ့ပါတယ်။
“အလှမယ်လမ်းကြောင်းက ညီမအတွက်တော့ အစိမ်းသက်သက်ပါ။ ဒီပြိုင်ပွဲမှာ ပြိုင်ဖြစ်တယ်ဆိုတာကလည်း အတွေ့အကြုံ ရအောင်ပဲ ပြိုင်ဖြစ်ခဲ့တာ။ ဆုရမယ်လို့တော့ မျှော်လင့်မထားဘူး။ တကယ်တမ်းဆုရသွားတော့ Stellar Seven Organization ရဲ့ ပံ့ပိုးမှုနဲ့ အလှမယ်တစ်ယောက်အနေနဲ့ သိသင့်သိထိုက်တာတွေကို လေ့လာဆည်းပူးခဲ့ရပါတယ်။ အတွေ့အကြုံကောင်းတွေလည်း အများကြီးရတယ်။ ခက်ခဲပင်ပန်းပေမယ့် အကောင်းဆုံးတော့ ကြိုးစားခဲ့ပါတယ်” လို့ အလှမယ်စဝ်ယွန်းဝတီဦးက အတွေ့အကြုံတွေနဲ့ပတ်သက်လို့ ရှင်းပြခဲ့ပါတယ်။
အလှမယ်စဝ်ယွန်းဝတီဦးက ဂျပန်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ Miss International 2017 ပြိုင်ပွဲကို မြန်မာကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံကို သွားရောက်ဖြစ်တဲ့အခါ စည်းကမ်းရှိတာ၊ သန့်ရှင်းတာ၊ နည်းပညာတိုးတက်တာတွေကို သဘောကျခဲ့ပေမယ့် အသားငါး အစိမ်းစားရတဲ့ အလေ့အထကိုတော့ သဘောမကျဘူးလို့ စဝ်ယွန်းဝတီဦးက ဆိုပါတယ်။ အလှမယ်တာဝန်ပြီးဆုံးခဲ့ပေမယ့် Stellar Seven Entertainment နဲ့ လက်တွဲပြီး အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ဖို့ စီစဉ်ထားခဲ့တာပါ။ အလှမယ်စဝ်ယွန်းဝတီဦးအတွက် အချိုးအကွေ့သစ်တစ်ခုအနေနဲ့ ၀ါရင့်အနုပညာရှင်များစွာ ပါဝင်တဲ့ ‘လူကြီးလူကောင်းများ’၊ ‘ဟစ်တိုင်’ ဇာတ်ကားနဲ့ ‘အဆောင်’ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ထားပါတယ်။
အလှမယ်စဝ်ယွန်းဝတီဦးက ကိုယ်ကိုယ်တိုင်ရဲ့ အားသာချက်အားနည်းချက်တွေနဲ့ ပတ်သက်လို့ သုံးသပ်ရာမှာတော့ ကြိုးစားလိုစိတ်ရှိတာ၊ အခက်အခဲကို ဇွဲမလျှော့ဘဲ လေ့လာသင်ယူတာတွေက အားသာချက်လို့ထင်ပြီး မသိတာ၊ မတတ်တာတွေများတာ၊ လေ့လာဖို့ အများကြီး လိုအပ်နေသေးတာတွေက အားနည်းချက်လို့ ထင်ပါတယ်လို့ ပွင့်ပွင်းလင်းလင်း ဆိုပါတယ်။ ဒါပေမဲ့လည်း ဇွဲမလျှော့ဘဲ အကောင်းဆုံး ကြိုးစားသွားမှာပါလို့ ဆိုခဲ့ပါတယ်။ တက်ကြွတဲ့ ဇွဲလုံ့လအပြည့်နဲ့ ကြိုးစားနေတဲ့ စဝ်ယွန်းဝတီဦးက ကိုင်စွဲထားတဲ့ခံယူချက်နဲ့ ပတ်သက်လို့လည်း အကောင်းမြင်စိတ်ထားဖို့၊ ကိုယ်ချင်းစာတရားထားဖို့၊ ကြိုးစားဖို့နဲ့ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင်သွားဖို့ပါလို့ ပြောပြခဲ့ပါတယ်။
အလှမယ်စဝ်ယွန်းဝတီဦးက ပရဟိတလုပ်ငန်းတွေကိုလည်း ၀ါသနာပါလုပ်ကိုင်သူတစ်ဦးပါ။ တတ်နိုင်သလောက် ကူညီလှူဒါန်းမှုတွေ လုပ်လေ့ရှိပြီး နောက်ပိုင်းမှာတော့ ကိုယ်ပိုင်ပရဟိတ လုပ်ငန်းတစ်ခုအနေနဲ့ လိုအပ်တဲ့နေရာတိုင်းမှာ အပြည့်အဝ ကူညီနိုင်အောင် ကြိုးစားသွားမယ်လို့ ရည်မှန်းချက်ကိုဆိုပါတယ်။ ချစ်စဖွယ်အပြုံးပိုင်ရှင် ရှမ်းတိုင်းရင်းသူ စဝ်ယွန်းဝတီဦးရဲ့ ငယ်စဉ်ဘဝက အမှတ်တရပုံရိပ်တချို့ကို ခံစားဖတ်ရှုရင်း ပွင့်လင်းရိုးသားတဲ့ တိုင်းရင်းသူလေးရဲ့ ဖြူစင်တဲ့ စိတ်နှလုံးသားကိုလည်း တွေ့မြင်နိုင်မှာပါ။ နောက်တစ်ပတ်တွေမှာလည်း ပရိသတ်ချစ်ခင်တဲ့ အနုပညာရှင်တွေရဲ့ ငယ်စဉ်ဖြတ်သန်းခဲ့တဲ့ အမှတ်တရပုံရိပ်တွေကို လှစ်ဟဖော်ကျူးပေးဦးမှာဖြစ်လို့ ဆက်လက်စောင့်မျှော်ဖတ်ရှုပါဦးလို့ ဆိုပါရစေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်