Top News

ကိန်းရုပ်ရှင်ပွဲတော်တွင် အနုပညာရှင်များက အေ့စ်ဒ်ရောဂါသုတေသနအတွက် ရန်ပုံငွေ ဒေါ်လာ ၁၅ သန်းကျော် ရှာဖွေပေးခဲ့
24htopnews | November 24, 2024 4:12 PM CST

ကိန်းရုပ်ရှင်ပွဲတော်၏ ထင်ရှားသည့် ပါတီပွဲတစ်ခုတွင် ရုပ်ရှင်နှင့် ဂီတနယ်ပယ်မှ အနုပညာရှင်များက အေ့စ်ဒ်ရောဂါ သုတေသနအတွက် ရန်ပုံငွေ ဒေါ်လာ ၁၅ သန်း ကျော် ရှာဖွေပေးနိုင်ခဲ့သည်ဟု ပွဲစီစဉ်သူများက မေ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်အခြေစိုက် အေ့စ်ဒ်ရောဂါ သုတေသနဖောင်ဒေးရှင်း amFAR အတွက် ကိန်းမြို့အနီး Cap d’Antibes အပန်းဖြေစခန်းရှိ Eden Roc ဟိုတယ်၌ မေ ၂၃ ရက်က ပြုလုပ်ခဲ့သည့် ရန်ပုံငွေပွဲသို့ သရုပ်ဆောင် အန်တိုနီယိုဘန်ဒီရက်စ်၊ အန်ဒီမက်ဒေါဝဲလ်၊ အီဗာလွန်ဂိုရီယာ၊ မာမယ်လာအန်ဒါဆန်၊ အဆိုတော်တွမ်ဂျုံးစ်၊ မော်ဒယ်ကင်ဒဲဂျန်နာ၊ ဒီဇိုင်နာ Tommy Hilfiger၊ အမေရိကန် သမ္မတဒေါ်နယ်ထရန့်၏ အငယ်ဆုံးသမီး တစ်ဖနီတို့လည်း တက်ရောက်ခဲ့သည်။

ယင်းပါတီပွဲကို ဗြိတိန်ရော့ခ်အဖွဲ့ The Struts ၏ ဖျော်ဖြေမှုဖြင့် စတင်ခဲ့ပြီးနောက် တွမ်ဂျုံးစ်၊ မာရိုင်းယာကာရေးနှင့် ဒူအာလီပါတို့က ဆက်လက်ဖျော်ဖြေခဲ့သည်။

သြစတြေးလျသရုပ်ဆောင် ရီဘယ်ဝီလ်ဆန်က စကျင်ကျောက်ဖြင့်ပြုလုပ်ထားသည့် Mickey Mouse ရုပ်တုတစ်ခုကို ကြမ်းခင်းစျေး ဒေါ်လာ ၅၆၀၃၂ ဖြင့် လေလံတင်ခဲ့ရာတွင် ဒေါ်လာ ၅၀၃၂၃၅ ဖြင့် ရောင်းချနိုင်ခဲ့သည်။ တန်ဇနီးယားရှိ ကိုယ်ပိုင်ကျွန်းတစ်ခုတွင် နေထိုင်ခွင့်ကို ဒေါ်လာ ၁၁၂၀၆၄ ဖြင့် လေလံတင် ရောင်းချနိုင်ခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် အနုပညာရှင် အန်ဒီဝါဟိုလ် ရေးဆွဲခဲ့သည့် ရော့ခ်အဆိုတော် မစ်ဂျက်ဂါပုံ ပန်းချီကားကိုဒေါ်လာ ၃၆၄၂၁၀ ဖြင့် လေလံတင် ရောင်းချနိုင်ခဲ့သည်။

ယင်းရန်ပုံငွေပွဲတွင် မော်တော်ဆိုင်ကယ် တစ်စီး၊ Chanel နှင့်Prada ကဲ့သို့သော ဒီဇိုင်နာဝတ်စုံများ၊ ချားစ်မင်းသားနှင့် တွေ့ဆုံပြီး ၎င်း၏ ပရဟိတဖောင်ဒေးရှင်းနှင့် ဆက်စပ်သည့် အခမ်းအနားတွင် ပါဝင်ရန် အခွင့်အရေးအပါအဝင် လန်ဒန်တွင် တစ်ရက်ကြာ နေထိုင်ခွင့်တို့ကိုလည်း လေလံတင် ရောင်းချခဲ့သည်။

ရုပ်ရှင်လောက၏ ထင်ရှားသည့် ထုတ်လုပ်သူတစ်ဦးဖြစ်ခဲ့သည့် ဟာဗေးဝိန်းစတိန်းသည် ယခင်က ကိန်းရုပ်ရှင်ပွဲတော်၏ amFAR ပွဲတော်တွင် အဓိကကျသူတစ်ဦးဖြစ်ခဲ့သည်။ ၀ိန်းစတိန်းက လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သည်ဟု အမျိုးသမီး ၇၀ ကျော်က စွပ်စွဲခဲ့သည့် လိင်အရှုပ်တော်ပုံ ပေါ်ထွက်ခဲ့ပြီးနောက် ၎င်းသည် ပြီးခဲ့သည့်နှစ်ကစပြီး ယင်းပွဲသို့ မတက်ရောက်တော့ပေ။


READ NEXT
Cancel OK