Top News

ကိန်းရုပ်ရှင်ပွဲတော်တွင် တောင်ကိုရီးယားဒါရိုက်တာ Bong Joon - ho ၏ ဇာတ်ကားက ရွှေအုန်းပင်ဆု ဆွတ်ခူး
24htopnews | November 24, 2024 4:12 PM CST

တောင်ကိုရီးယား၏  အောက်ခြေလွှာမှမိသားစုတစ်စုအကြောင်း ရိုက်ကူးထားသည့် Parasite ဇာတ်ကားသည် မေ ၂၅ ရက်က ပြုလုပ်ခဲ့သည့် ကိန်းရုပ်ရှင်ပွဲတော်၏ ဆုပေးပွဲတွင် အမြင့်ဆုံးဆုဖြစ်သည့် ရွှေအုန်းပင်ဆုကို ဆွတ်ခူးခဲ့ပြီး Bong Joon - ho သည် ကိန်းရုပ်ရှင်ပွဲတော်ကျင်းပသည့် သမိုင်းတစ်လျှောက်တွင် ယင်းဆုရရှိသည့် ပထမဆုံးကိုရီးယား ဒါရိုက်တာဖြစ်လာခဲ့သည်။

ကမ္ဘာတစ်ဝန်းချမ်းသာသည့် လူတန်းစားနှင့်ဆင်းရဲသည့် လူတန်းစားအကြား ကြီးမားသည့် ကွာဟချက်ကြောင့် ဖြစ်ပေါ်လာသည့် တင်းမာမှုများကို  Bong Joon - ho က ခိုင်ခိုင်မာမာထုတ်ဖော်ပြသခဲ့သည်ဟု ရုပ်ရှင်ဝေဖန်ရေးသမားများက ချီးမွမ်းခဲ့သည်။

“ကျွန်တော် အသက် ၁၂ နှစ်  အရွယ်လောက်ကတည်းက ရုပ်ရှင်ကို ရူးသွပ်ခဲ့တယ်။ ကိန်းရုပ်ရှင်ပွဲတော်မှာဆုရဖို့ဆိုတာ တစ်သက်တာ မျှော်မှန်းချက်တစ်ခုပါ”ဟု Snowpiercer ၊ The Host နှင့် Okja ဇာတ်ကားတို့ဖြင့် နိုင်ငံတကာတွင် အောင်မြင်ခဲ့သည့် Bong Joon - ho က ပြောကြားခဲ့သည်။

Parasite ဇာတ်ကားသည်  Bong ၏ ခုနစ်ကားမြောက် ဇာတ်ကားရှည် နှင့် ၁၀ နှစ် အတွင်း ရိုက်ကူးခဲ့သည့် ပထမဆုံးကိုရီးယားစကားပြော ဇာတ်ကားလည်းဖြစ်သည်။ ကိုရီးယားရှိဆင်းရဲသည့် မိသားစုတစ်စုမှ သားဖြစ်သူက ငွေကြေးချမ်းသာသည့် မိသားစု၏ သမီးဖြစ်သူကို စာသင်ပေးရသည့် ဆရာအလုပ်ကို ရရှိခဲ့ပြီးနောက် မမျှော်လင့်သည့် အလှည့်အပြောင်းများဖြစ် ပေါ်လာသည့်အကြောင်း ရိုက်ကူးထားသည့် ယင်းဇာတ်ကားတွင် ဆောင်ကန်ဟို၊ပက်ဆိုဒမ်၊ Lee Sun -kyun ၊ Cho Yeo –jeong၊ Jang Hye -jinနှင့် Choi Woo – shik တို့ ပါဝင်သရုပ်ဆောင်ထားသည်။

Parasite ဇာတ်ကားသည် ကမ္ဘာ့အကြီးဆုံးရုပ်ရှင်ပွဲတော်၏ ထိပ်တန်းဆုကို နှစ်နှစ်ဆက်တိုက်ဆွတ်ခူးခဲ့သည့် ဒုတိယမြောက် အာရှဇာတ်ကားဖြစ်သည်။ ပြီးခဲ့သည့် နှစ်ကိန်းရုပ်ရှင်ပွဲတော်တွင် ရွှေ အုန်းပင်ဆုရရှိခဲ့သည့် ဂျပန်ဒါရိုက်တာ ဟိုင်ရိုကာဇူကိုအီဒါ၏ Shoplifters ဇာတ်ကားသည် ဝမ်းနည်းကြေကွဲဖွယ်ကောင်းသည့်

မိသားစု ဒရာမာဇာတ်ကားဖြစ်သည်။ ဝေဖန်ရေးသမားများ၏ ချီးမွမ်းမှုရရှိခဲ့သည့် ဒါရိုက်တာ ကွန်တင်တာရန်တီနို၏ Once Upon a Time in Hollywood ဇာတ်ကားသည် ရွှေအုန်းပင်ဆုနှင့် လွဲချော်ခဲ့သည်။

ကိန်းရုပ်ရှင်ပွဲတော်၏ ရွှေအုန်းပင်ဆုအတွက် ယှဉ်ပြိုင်သည့် ပထမဆုံး လူမည်းအမျိုးသမီးဒါရိုက်တာ Mati Diop သည် ပင်လယ်ပြင်တွင် သေဆုံးခဲ့သည့် ဆီနီဂေါရွှေ့ပြောင်း အခြေချများအကြောင်းရိုက်ကူးထားသည့် Atlantics ဇာတ်ကားဖြင့်  ဒုတိယဆုဖြစ်သည့် Grand Prix ကို ဆွတ်ခူးခဲ့သည်။

စပိန်သရုပ်ဆောင် Antonio Banderas သည် ဒါရိုက်တာ Pedro Almodovar ရိုက်ကူးသည့် Pain and Glory ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို ဆွတ်ခူးခဲ့သည်။ ယင်းဆုသည် အနုပညာသက်တမ်း ၄၀ အတွင်း ပထမဆုံးရရှိသည့် ထိပ်တန်းဆုဟု Banderas က ပြောကြားခဲ့သည်။

ဗြိတိန်သရုပ်ဆောင် Emily Beecham သည် သြစတြေးလျ အမျိုးသမီးဒါရိုက်တာ Jessica Hausner ရိုက်ကူးသည့် Little Joe ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို ဆွတ်ခူးခဲ့သည်။

ရွှေအုန်းပင်ဆု နှစ်ကြိမ်ရရှိခဲ့သည့် ဘယ်လ်ဂျီယံဒါရိုက်တာ  Jean – Pierre နှင့် Luc Dardenne ညီအစ်ကိုနှစ်ဦးသည်  Young Ahmed ဇာတ်ကားဖြင့် အကောင်းဆုံးဒါရိုက်တာဆုကို ဆွတ်ခူးခဲ့သည်။

(၇၂)ကြိမ်မြောက် ကိန်းရုပ်ရှင်ပွဲတော်ကို မေ ၁၄ ရက်မှ မေ ၂၅ ရက်အထိ ကျင်းပခဲ့သည်။ ယခုနှစ် ရုပ်ရှင်ပွဲတော်တွင် ရွှေအုန်းပင်ဆုအတွက် ယှဉ်ပြိုင်သည့် ဇာတ်ကား ၂၁ ကားရှိပြီး ဆုရွေးချယ်ရေး ဂျူရီအဖွဲ့ကို  အော်စကာဆုရ မက္ကဆီိကို ဒါရိုက်တာ အလက်ဇန်ဒရိုဂွန်ဇာလက်အင်နာရီတူက ဦးဆောင်ခဲ့သည်။


READ NEXT
Cancel OK