Top News

တအာင်း (ပလောင်) အမျိုးသားပါတီက ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်  မဲဆန္ဒနယ် ၃၆ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်
24htopnews | November 23, 2024 4:12 PM CST

တအာင်း (ပလောင်) အမျိုးသားပါတီက ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်နှင့်  မန္တလေး တိုင်းဒေသကြီးတို့တွင်  မြို့နယ် ၁၀ မြို့နယ်၌ မဲဆန္ဒနယ် ၃၆ နေရာ  ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သတင်းရရှိသည်။

တအာင်း (ပလောင်) အမျိုးသားပါတီအနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်တိုင်းရင်းသားအများအပြားရှိသော ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်၊ မန်တုံမြို့နယ်တို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူ၊ လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ မူဆယ်၊ နမ့်ခမ်းမြို့နယ်တို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တို့တွင်လည်းကောင်း  စုစုပေါင်း ၁၀ မြို့နယ်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၀၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၀ နေရာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ခြောက်နေရာဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်လောင်း အမျိုးသား၂၇ ဦး၊ အမျိုးသမီးကိုးဦး စုစုပေါင်း ၃၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် လျောက်လွှာတင်ထားကြောင်း သိရသည်။

“အရင်က ၂၈ ယောက်ပဲ အခုက ၃၆ ယောက်ဆိုတော့ အများကြီးတိုးလာတာပေ့ါ။ အထွေထွေရွေးကောက်ပွဲဆိုတော့ ကိုယ့်ဒေသ ကိုယ့်အမျိုးသားပဲ အခြေခံပြီးသွားတော့ တိုင်းရင်းသားတွေရဲ့ အရေးကိုလည်း တစ်ခန်းတစ်ကဏ္ဍ ပါဝင်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကိုသွားတဲ့အခါမှာ တအာင်းအမျိုးသားတွေ တိုင်းရင်းသားတွေ တစ်ထောင့်တစ်နေရာကနေ ပါဝင်ဖို့ပေ့ါ။ တခြားတိုင်းရင်းသားတွေနဲ့ ချစ်ကြည်ရင်းနှီးဖို့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကလည်း အရေးကြီးလို့ ဝင်ပြိုင်ရခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာလည်း တိုင်းရင်းသားပေါင်းစုံ ဖွဲ့စည်းထားတဲ့ နိုင်ငံတော်ဖြစ်တယ်။ တိုင်းရင်းသားတိုင်းမှာလည်း တန်းတူညီမျှတဲ့အခွင့်အရေးရှိမှသာလျှင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သွားလို့ရမယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်သွားလို့ရမယ်။ တန်းတူအခွင့်အရေးမရကြဘူးဆိုရင် ခံစားနေကြရချိန်တော့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့ မလွယ်နိုင်သလို ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သွားဖို့ဆိုတာလည်း ရောက်နိုင်မှာမဟုတ်ဘူး အဲဒါကြောင့်ပါ။ ယှဉ်ပြိုင်မှုတွေ ရှိလာပြီဆိုတော့ ပြည်သူလူထုတွေ မဲလာပေးကြဖို့ မဲစာရင်း ပါ မပါ စိစစ်ဖို့ အရေးကြီးပါတယ်။ မဲစာရင်းကြည့်ဖို့ အရေးကြီးတယ်လို့။ မဲစာရင်းအမှားလည်းရှိတယ်။ နာမည်စာရင်း မပေါက်တာလည်း ရှိတယ်။ သဘောပေါက်အောင် သိအောင် ပြန်ပြင်ဖို့ လုပ်ပေးနေပါတယ်” ဟု တအာင်း(ပလောင်) အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး မိုင်းအုန်းခိုင်က ပြောကြားသည်။

 တအာင်း(ပလောင်) အမျိုးသားပါတီကို ၂၀၁၀ ပြည့်နှစ် မေတွင် စတင်ဖွဲ့စည်းကာ ပါတီဝင်မှတ်ပုံတင် (၁၂) ဖြစ်ပြီး ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ခြောက်နေရာ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်ငါးဦး၊ ပြည်နယ်လွှတ် တော်တွင်ခုနစ်ဦး စုစုပေါင်း ၁၂  နေရာ အနိုင်ရရှိခဲ့သည်။

တအာင်း (ပလောင်) အမျိုးသားပါတီ ရည်မှန်းချက်မူဝါဒများမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး နိုင်ငံသားအခွင့်အရေးများ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တန်းတူခွင့်၊ စစ်မှန်သော ဖက်ဒရယ်ဖွဲ့စည်းပုံပေါ်ပေါက်ရေး ငြိမ်းချမ်းရေး စသည်တို့ဖြစ်သည်။

 


READ NEXT
Cancel OK