၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများအပေါ် ကျပ်သိန်း တစ်ထောင်အောက် ခြောက်ရာခိုင်နှုန်းနှင့် ကျပ်သိန်းတစ်ထောင် အထက်အား ပမာဏအလိုက် ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ အထိ စည်းကြပ်ရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။
သြဂုတ် ၂၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် အဆိုတင်သွင်း ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းများကို ပြုလုပ်ခဲ့သည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက လွှတ်တော်သို့ မူလတင်ပြထားသည့် ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထား လျှော့ချသတ်မှတ်ထားခြင်းကို ပယ်ဖျက်ထားပြီး ဥပဒေကြမ်း၏ ပုဒ်မ ၂၅ တွင် ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များမနုတ်မီ စည်းကြပ်မှုမှ လွက်ကင်းနေသော ဝင်ငွေအပေါ် ၃၀ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်ဆိုသည့် အချက်ကို ထည့်သွင်းပြဋ္ဌာန်း ထားခြင်းဖြစ်သည်။
သို့ရာတွင် ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြထားသည့် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်တွင် အပိုဒ် ၂၅ (က) တွင် ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ မနုတ်မီ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ၃၀ ရာခိုင်နှုန်းဖြင့် စည်းကြပ်ရမည်၊ သို့ရာတွင် နိုင်ငံသားမည်သူမဆို အခြေပစ္စည်း တစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းသစ် တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ ဆောင်ရွက်ခြင်းများအတွက် အသုံးပြုသည့်ငွေမှ ဝင်ငွေရလမ်း တင်ပြနိုင်သည့် ဝင်ငွေရှိပါက ယင်းဝင်ငွေအား နှုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်တွင်လည်းကောင်း၊ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့် ဝင်ငွေအပေါ်တွင် တစ်ကျပ်မှ ကျပ်သိန်းတစ်ထောင်အထိ ခြောက်ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင် တစ်ကျပ်မှ ကျပ်သိန်း ၃၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း သုံးထောင်တစ်ကျပ်မှ ကျပ်သိန်းသုံးသောင်းအထိ ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း သုံးသောင်း တစ်ကျပ်မှ အထက်ကို ၃၀ ရာခိုင်နှုန်း ဝင်ငွေခွန် စည်းကြပ်ရမည်ဟု ဖော်ပြထားသည်။
ထို့ပြင် ဤပုဒ်မအရ အခွန်စည်းကြပ်ခြင်းသည် တရားမဝင်ရရှိသည့် ပစ္စည်းများပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းများနှင့် လည်းကောင်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူသည့် ကိစ္စရပ်များနှင့်လည်းကောင်း သက်ဆိုင်ခြင်းမရှိစေရဟု ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်တွင် ဖော်ပြပါရှိသည်။
“ဥပဒေကြမ်းရဲ့ အပိုဒ် ၂၅ ကိုတော့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များနဲ့ အကြိမ်ကြိမ် ညှိနှိုင်းတိုင်ပင် ပြင်ဆင်ထားတဲ့ ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ ပြင်ဆင်ချက်အတိုင်းပဲ လွှတ်တော်က အတည်ပြု ပေးနိုင်ပါရန် အဆိုပြုတင်ပြအပ်ပါတယ်” ဟု ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်သို့ အဆိုပြုတင်ပြခဲ့သည်။
စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေအပေါ် ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထား သတ်မှတ်ချက်နှင့် ပတ်သက်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက တင်ပြထားသည့် ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းပါ မူလပြဋ္ဌာန်းချက်အတိုင်း ထားရှိရန် တပ်မတော်သား ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်နှစ်ဦးက လွှတ်တော်သို့ တင်ပြခဲ့သည်။
ဥပဒေကြမ်းရဲ့ အပိုဒ် ၂၅ နဲ့ စပ်လျဉ်းလို့ ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးသွားမှာဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတွင် အပိုဒ် ၂၅ ကို ပြင်ဆင်သင့်ကြောင်း တင်ပြထားသလို၊ အပိုဒ် ၂၅၊ အပိုဒ်ခွဲ ဃ အဖြစ် ပုဒ်မခွဲ (ဃ)၊ ပုဒ်မ (က) အခွန်နှုန်းများကို နိုင်ငံတော်၏ စီးပွားရေးအခြေအနေနှင့် နိုင်ငံတကာ သက်ရောက်မှုအခြေအနေကို သုံးသပ်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသည် ပြင်ဆင်သတ်မှတ်မှုများကို ဆောင်ရွက်ရန် လိုအပ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ရမည်ဆိုပြီး ထည့်သွင်းပြဋ္ဌာန်းသင့်ကြောင်း အကြံပြုထားတာကိုလည်း တွေ့ရပါတယ်” ဟု ဗိုလ်မှူးကြီးအောင်ကျော်မျိုးက ဆွေးနွေးခဲ့သည်။
ဥပဒေကြမ်း၏ အခန်း(၃) အပိုဒ် (၅) တွင် ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤဥပဒေပါ အခွန်အကောက်နှုန်းထားများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်း ဆောင်ရွက်လိုလျှင် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်နိုင်ရေးအတွက် တင်သွင်းရမည်ဟု ပါရှိသည့်အတွက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်နှင့်အညီ အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ရန် ဖြစ်ကြောင်း၊ အခွန်စနစ်တွင် တာဝန်ထမ်းဆောင်သူများမှ တာဝန်သိစွာ စနစ်တကျ လိုက်နာဆောင်ရွက်လျက်ရှိသော်လည်း အခွန်စနစ်ပြင်ပတွင်ရှိနေသည့် လုပ်ငန်းများကို လွတ်မြဲလွတ်မနေရန် ဥပဒေနှင့်အညီ စီမံကြပ်မတ်နိုင်ရေး ဆောင်ရွက်သင့်ကြောင်းနှင့် အခွန်နှုန်းများ လျှော့ချပေးခြင်းကြောင့် ငွေကြေးခဝါချမှုကို အားပေးသလို ဖြစ်သွားနိုင်သည်ကိုလည်း သတိပြု ထည့်သွင်းစဉ်းစားသင့်ကြောင်း ဗိုလ်မှူးကြီး အောင်ကျော်မျိုးက ပြောကြားသည်။
ဗိုလ်မှူးကြီးအောင်ကျော်မျိုးက “နှစ်စဉ် ပြုပြင်ပြဋ္ဌာန်းလျက်ရှိပြီး တစ်နှစ်စာသာ ပြဋ္ဌာန်းတဲ့ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေဟာ မျှတမှန်ကန်ပြီး မူဝါဒအရ တိတိကျကျ ခိုင်ခိုင်မာမာ သတ်မှတ်ပြဋ္ဌာန်းရမှာ ဖြစ်သလို ပြဋ္ဌာန်းထားတဲ့ ဥပဒေများနဲ့အညီ ကောက်ခံခြင်းဖြင့် ဥပဒေကို ထိရောက်မှုရှိအောင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ဘတ်ဂျက်မှာ နှစ်စဉ်လိုငွေ ပေါ်ပေါက်လျက်ရှိတာမို့ နိုင်ငံတော်ဘဏ္ဍာများ လျော့နည်းဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်ရမယ့် အချိန်အခါဖြစ်ပါတယ်။ ဝင်ငွေရလမ်း ဖော်ပြနိုင်ခြင်းမရှိတဲ့ ငွေများအပေါ် အခွန်တိုးမြှင့်ကောက်ခံ ကြပ်မတ်သင့်ပါတယ်။ နိုင်ငံတော်ရဲ့ ရငွေလျာထားချက်များကို ပြည့်မီစေရန်သာမက ရသင့်ရထိုက်တဲ့ ဝင်ငွေများ အပြည့်အဝရရှိစေရေး အလေးထားဆောင်ရွက်သင့်တဲ့အတွက် ဥပဒေကြမ်းရဲ့ အပိုဒ် ၂၅ ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရကိုယ်စားလှယ် တင်သွင်းသော ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းပါ မူလအဆိုပြုပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိသင့်ကြောင်း ဆွေးနွေးအပ်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။
စည်းကြမ်းမှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် စည်းကြပ်မည့် အခွန်နှုန်းထားနှင့်ပတ်သက်၍ မူလဥပဒေကြမ်း တင်ပြစဉ်က ၃၀ ရာခိုင်နှုန်းဖြင့် စည်းကြပ်ရန် တင်ပြခဲ့သော်လည်း ဥပဒေကြမ်းပူးပေါင်းကော်မတီတွင် သက်ဆိုင်သည့် အစိုးရကဏ္ဍ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များနှင့် ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတို့ အကြေအလည် ဆွေးနွေးညှိနှိုင်းပြီးချိန်တွင် ပြည်ထောင်စုအစိုးရအဖွဲ့အနေနှင့် အခြေအနေများကို ထောက်ရှု၍ ဥပဒေကြမ်းပူးပေါင်းကော်တီ၏ သဘောထားမှတ်ချက်အား သဘောတူထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကလွှတ်တော်သို့ တင်ပြခဲ့သည်။
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ဓအချက် သုံးချက် တင်ပြလိုပါတယ်။ ပထမအချက်ကတော့ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးဖြစ်တဲ့ COVID-19 ဟာ အခု ဒုတိယလှိုင်း ကမ္ဘာပေါ်မှာ ရိုက်ခတ်မှုနဲ့ ကြုံတွေ့နိုင်တဲ့ အနေအထားကို ရောက်ရှိနေတဲ့အတွက်ကြောင့်မလို့ စီးပွားရေးအရ သက်ရောက်မှု၊ ရိုက်ခတ်မှုတွေ အများကြီးရှိနေပါတယ်။ ဒါကတစ်ချက်ပါ။ ဒုတိယတစ်ချက်ကတော့ ဝင်ငွေခွန် ဥပဒေအသစ်မှာတော့ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေမပါတော့ပါဘူး။ ဝင်ငွေခွန် ဥပဒေအသစ်ကိုလည်း ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်ကနေပြီးတော့ အတည်ပြု ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးပါဘူး။ တတိယအချက်ကတော့ အပိုဒ်ခွဲ (ဃ) မှာ သက်ဆိုင်ရာဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့ကို အစီရင်ခံ တင်ပြရမယ်ဆိုပေမယ့် တင်ပြပြီးရင် ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီသာလျှင် ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက်ကြောင့်မလို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ ပြင်ဆင်ချက်အတိုင်း လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် လေးစားစွာဖြင့် အဆိုပြုတင်ပြအပ်ပါတယ်” ဟု လွှတ်တော်သို့ တင်ပြခဲ့သည်။
စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ကောက်ခံသည့် အခွန်နှုန်းထားများအား ပြင်ဆင်ထားသည့် ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းပါ အခန်း(၃) ပုဒ်မ (၂၅) နှင့်ပတ်သက်၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူရာတွင် အစည်းအဝေးတက်ရောက်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၆၁၀ ဦးတွင် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်ကို ထောက်ခံသည့် ကိုယ်စားလှယ်ဦးရေ ၃၅၂ ဦး ရှိသည့်အတွက် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ပြင်ဆင်ရန် အဆိုပြုချက်ကို လွှတ်တော်က အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။
လက်ရှိ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်မှာ စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်မှာ အောက်တိုဘာ ၁ ရက်တွင် စတင်မည်ဖြစ်သည်။
လက်ရှိတွင် စည်းကြပ်မှုမှကင်းလွတ်နေသော ဝင်ငွေများအပေါ် ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထားများအတွက် တစ်ကျပ်မှ ကျပ်သိန်းတစ်ထောင်အထိကို သုံးရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင်အထက်မှ ကျပ်သိန်း သုံးထောင်အထိကို ငါးရာခိုင်နှုန်း၊ ကျပ်သိန်းသုံးထောင်အထက်မှ ကျပ်သိန်းတစ်သောင်းအထိကို ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း တစ်သောင်းအထက်မှ ကျပ်သိန်းသုံးသောင်းအထိကို ၁၅ ရာခိုင်နှုန်းနှင့် ကျပ်သိန်း သုံးသောင်းအထက်ကို ၃၀ ရာခိုင်နှုန်းဖြင့် ကောက်ခံရန် သတ်မှတ်ပြဋ္ဌာန်းထားသည်။
-
ယူကရိန်းက အမေရိကန်ပေးသော ATACMS ဒုံးကျည်များကို အသုံးပြုပြီး တစ်ရက်အကြာတွင် ဗြိတိန်ပေးသော Strom Shadow ခရုစ်ဒုံးကျည်များဖြင့် ရုရှားနယ်မြေကို တိုက်ခိုက်
-
တရုတ်နယ်စပ်လမ်းပိတ်မှုနှင့် သယ်ယူစရိတ်ကြီးမြင့်မှုကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် ကုန်သည်များ စပါးဝယ်ယူသိုလှောင်မှုမရှိဟုဆို
-
ANS (၆၃.၅ -၆၇) ကီလိုတန်း မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံခါးပတ်လုပွဲကို အောက်တိုဘာ ၁၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ကစားသမား ၈ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်
-
မကာအိုအသင်းနှင့် ယှဉ်ပြိုင်ရမည့် ၂၀၂၆ ကမ္ဘာ့ဖလား ပထမအဆင့်ခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း အောက်တိုဘာ ၅ တွင် လေ့ကျင့်မှု စတင်မည်
-
တရုတ်၏ပါ၀ါအပျော့ကို လှစ်ဟပြနေသည့် အီရတ်မှ တရုတ်ဘာသာစကားကျောင်း