ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန်တိုင်တန်းမှုတွင် ဖိအားပေးမှုကြောင့် ပါဝင်ခဲ့ရသည်ဟုဆိုသည့် လွှတ်တော်ကိုယ်စားလှယ်အား ဖိအားပေးခဲ့ခြင်းမရှိဘဲ လွှတ်တော်ပုံရိပ်နှင့် ဥက္ကဋ္ဌရာထူးကို ထိခိုက်သဖြင့် ၎င်းအား ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက ပြောကြားသည်။
ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် NLD ပါတီမှ ရွေးကောက်ပွဲယှဉ်ပြိုင်ရန် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည်အရွေးမခံရမှုအပေါ် ပုဂ္ဂိုလ်ရေးဆန်ဆန် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိူကို စွပ်စွဲပြစ်တင်ရန် ၎င်းအား ဖိအားပေး လက်မှတ်ထိုးခိုင်းခြင်းဖြစ်ပြီး စွပ်စွဲပြစ်တင်မှုမှ ပြန်လည်နုတ်ထွက်ကြောင်း ဒီးမော့ဆိုမြို့နယ် မဲဆန္ဒနယ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းအောင် (ခ) စဲရယ်က သြဂုတ် ၂၀ ရက်တွင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ လိပ်မူပေးပို့သည့်စာတွင် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်လည်း ဒါဦးသိန်းအောင်တင်တာနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးပေါ့။ လွှတ်တော်ဥက္ကဋ္ဌရာထူးကိုလည်း ထိခိုက်ပါတယ်။ လွှတ်တော်ပုံရိပ်ကိုလည်း ထိခိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးမှ သက်ဆိုင်ရာဥပဒေနဲ့ပေါ့။ ဒါကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားမယ့်အပိုင်းတွေ ရှိပါတယ်” ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက ပြောကြားသည်။
ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲ ပြစ်တင်ရန် ကိုယ်စားလှယ်ငါးဦးက လက်မှတ်ထိုးတင်ပြသည့် ကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်အား တွေ့ဆုံခြင်း၊ ဖိအားပေးခြင်းမရှိကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ တင်ပြလာသည့်ကိစ္စသည် မှန်ကန်နေမှုအပေါ် မဆောင်ရွက်ပေးပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ရာကြမည်ဖြစ်သည့်အတွက် ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။
“ဦးသိန်းအောင်ကိုဖိအားပေးခြင်းမရှိပါဘူး။ ခေါ်မေးလို့ရတယ်။ ကျွန်တော်နဲ့ နှစ်ယောက်ဗျူးလို့ရတယ်။ သူ့ကိုလည်း ကျွန်တော်ခေါ်မေးပြီးပါပြီ။ ခေါ်မေးတဲ့အခါ ကျွန်တော့်ကို ဝေ့လည်ကြောင်ပတ် သူဖြေပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်ထပ်လောင်းပြောချင်တာကတော့ ကျွန်တော့အနေနဲ့ ဆက်လုက်ဖို့ရှိပါတယ်။ ဆက်လုက်ဖို့ဆိုတာက ဘာဆက်လုပ်မလဲဆိုတာ ကျွန်တော်တို့ ဥပဒေလမ်းကြောင်းအရ သွားဖို့ရှိပါတယ်။ ကျွန်တော်လည်း ဥပဒေပြုရေးမှာရှိတဲ့အတွက် ဥပဒေလမ်းကြောင်းပဲ သွားပါမယ်။ ဖြစ်သမျှ ကျွန်တော်က ပြည်သူဘက်က မားမားမတ်မတ်ရပ်တည်တဲ့ လွှတ်တော်ဖြစ်တဲ့အတွက် ကျွန်တော်ဖြစ်သမျှကိုလည်း ပြည်သူက စောင့်ကြည့်ပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက ပြောကြားသည်။
စွပ်စွဲပြစ်တင်မှုမှ ပြန်လည်နုတ်ထွက်သည့်စာတွင် ရေးသားခဲ့မှုများနှင့်ပတ်သက်၍ သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းတွင် The Daily Eleven သတင်းစာက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်အား ဆက်သွယ်မေးမြန်းခဲ့ရာ နုတ်ထွက်စာတင်သည်မှာ မှန်ကန်ကြောင်းနှင့် ၎င်းအနေဖြင့် ဖြေရခက်ကြောင်းသာ ပြန်လည်ပြောကြားသည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်၏ နုတ်ထွက်ကြောင်း တင်ပြစာတွင် ကယားပြည်နယ်ဝန်ကြီးချုပ်အား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် အရေးယူဆောင်ရွက်ပေးရန်စာအား အသင့်စာစီထားပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမြင့်မောင်တို့က ဖိအားပေးရေးထိုးစေခဲ့သဖြင့် ရေးထိုးလိုခြင်းမရှိသော်လည်း သေချာစွာ လေ့လာဖတ်ရှုခဲ့ခြင်းမရှိဘဲ ရေးထိုးမိခဲ့ကြောင်း၊ ထို့နောက် စွဲချက်ပါ ဖြစ်စဉ်နှစ်ခုနှင့်ပတ်သက်ပြီး ပြန်လည်စမ်းစစ်ကာ စွပ်စွဲပြစ်တင်မှုပြုလုပ်ခြင်းအပေါ် ပါဝင်လိုခြင်းမရှိတော့ကြောင်း၊ ယခုလို ပုဂ္ဂိုလ်ရေးဆန်ဆန် အလွဲသုံးပြုပြီး ပြည်နယ်အတွင်း မငြိမ်မသက်ဖြစ်ပွားအောင် ဆောင်ရွက်ခြင်းအား ကန့်ကွက်ကြောင်း စသည်ဖြင့် ရေးသားခဲ့သည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်ရန် တိုင်တန်းထားမှုနှင့်ပတ်သက်၍ ကယားပြည်နယ် လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့က သြဂုတ် ၂၅ ရက်မှ ၂၆ ရက်ထိ လေးကြိမ်မြောက်ခေါ်ယူမှုအပေါ် ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ ရုံးအတွင်းရေးမှူး ဦးအံ့မော်သာ လာရောက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် လူမစုံခြင်းနှင့် အဖွဲ့ဝင်များ ချိန်းပေးရန်တောင်း ဆိုခြင်းပြုလုပ်ခဲ့ကာ တစ်စုံတစ်ရာဖြေဆိုခြင်း မရှိကြောင်းနှင့် သြဂုတ် ၂၈ ရက်တွင် စုံစမ်းစစ်ဆေးရေးအဖွဲက အစီရင်ခံစာအား လွှတ်တော်ဥက္ကဋ္ဌထံ တင်လိုက်ကြောင်း သိရသည်။
အများပြည်သူပိုင်မြေနေရာဖြစ်သော ကယားဒေးကွင်းအတွင်းရှိ ဟိုတယ်နှင့် ရေလွှာလျှော်စီး လုပ်ငန်းစီမံကိန်းအား ဖယ်ရှားရန် လွှတ်တော်တွင် အဆိုတင်သွင်းမှုအောင် မြင်သဖြင့် ယင်းလုပ်ငန်းစီမံကိန်းကို ဖယ်ရှားခဲ့သော်လည်း အဆိုပါမြေနေရာကို စည်ပင်ပိုင်မြေနေရာအဖြစ် ပြောင်းပြီး ယခင်ကုမ္ပဏီများကပင် အမည်ပြောင်း၍ ပန်းခြံနှင့်ဆိုင်ခန်းများ တည်ဆောက်နေသည်ဟူ၍လည်းကောင်း၊ စက်ယန္တရားငှားရမ်းခငွေများကို သီးခြားရန်ပုံငွေထားရှိခြင်းကြောင့်ဟူ၍ လည်းကောင်း ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် လွှတ်တော်ကိုယ်စားလှယ်ငါးဦးက တင်ပြခဲ့သဖြင့် ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ကယားပြည်နယ်လွှတ်တော်အစည်းအဝေးကို စက်တင်ဘာ ၁ ရက်တွင် စတင်ပြုလုပ်မည်ဖြစ်သည်။
-
နံရံတွင် တိပ်ဖြင့်ကပ်ထားသော ငှက်ပျောသီး အနုပညာပြကွက် ဒေါ်လာ ၆ ဒသမ ၂ သန်းဖြင့် လေလံတင်ရောင်းချနိုင်ခဲ့
-
စားသောက်ကုန်စျေးနှုန်းများ မြင့်တက်နေသဖြင့် လခစားဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအပေါ် သက်ရောက်မှုကြီးမားကြောင်း ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌပြောကြား
-
အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီးချိန်အထိ ဆူဒန်ကို အာဖရိကသမဂ္ဂက အဖွဲ့ဝင်အဖြစ်မှဆိုင်းငံ့မည်
-
လာမည့်လများအတွင်း ဒရုန်းဖြင့် ကုန်ပစ္စည်းပို့ဆောင်မှုများစတင်မည်ဟု Amazon ထုတ်ပြန်
-
အာတိတ်ဒေသ ရထားခရီးစဉ်ကို ရုရှားက ပထမဦးဆုံးအကြိမ် ပြေးဆွဲ