Top News

ရခိုင်ပြည်နယ် COVID-19 ကာကွယ်ရေးအတွက် လိုအပ်သည့်ငွေကြေးနှင့် စားနပ်ရိက္ခာကို လုံလောက်စွာပံ့ပိုးမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
24htopnews | November 22, 2024 9:12 PM CST

ရခိုင်ပြည်နယ်တွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးအတွက် လိုအပ်သည့် ငွေကြေးနှင့် စားနပ်ရိက္ခာများကို လုံလောက်စွာ ပံ့ပိုးသွားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရခိုင်ပြည်နယ်တွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ စေတနာ့ဝန်ထမ်းတစ်ဦးနှင့် သြဂုတ် ၂၈ ရက်က အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးမှုပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးမှုတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ကို Stay at Home ကြေညာမှုကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်လျက်ရှိပြီး ပြည်နယ်အတွင်းရှိ Quarantine စင်တာများ၊ ပြည်သူများအား ထောက်ပံ့မှုများကြောင့် ငွေကြေးလိုအပ်ချက်ရှိနေသည်ဟု ပြောကြားသည်။

“ရခိုင်ပြည်နယ်ရဲ့ အနေအထားဟာ ဘဏ္ဍာငွေ တောင့်တင်းမှုမရှိဘူး။ ဒီအပေါ်မှာ လူတွေရဲ့ စိုးရိမ်ကြောင့်ကြမှုကလည်း ရှိပါတယ်။ နိုင်နိုင်နင်းနင်းနဲ့ ထိန်းသိမ်းနိုင်မလား၊ ကာကွယ်နိုင်မလားဆိုတဲ့ အနေအထား ဒါတွေလည်း စိုးရိမ်မှုတွေရှိပါတယ်” ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။

ပြည်နယ်အတွင်း လိုအပ်သည့်စားနပ်ရိက္ခာကို ရသည့်နည်းဖြင့် ပေးပို့သွားမည်ဖြစ်ပြီး ထို့အတွက် ကျန်တိုင်းနှင့် ပြည်နယ်များလည်း ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“ရိက္ခာကတော့ ကျွန်မအနေနဲ့ ပြည်ထောင်စုအစိုးရကိုယ်စား ရဲရဲကြီးပြောနိုင်ပါတယ်။ ရိက္ခာမပြတ်စေရပါဘူး။ ရခိုင်ပြည်နယ်မှာ ရိက္ခာမပြတ်စေရပါဘူး” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

COVID-19 တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကူးစက်ပါက ကျန်းမာရေးစောင့်ရှောက်မှုပေးရန် အခက်အခဲရှိခြင်းကြောင့် ရခိုင်ပြည်နယ်ကို အိမ်တွင်နေရန် (Stay at Home) ကြေညာပြီး ပြင်ပထွက်ခွင့် ပိတ်ပင်ခြင်းဖြစ်ပြီး ခွဲခြားဆက်ဆံခြင်းမဟုတ်ဟု ၎င်းက ဆိုသည်။

ထို့အတွက် ပြည်နယ်အတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် လိုအပ်သည့်ငွေကြေးကို လုံလောက်စွာပံ့ပိုးပေးမည်ဖြစ်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

နိုင်ငံအနေဖြင့် အရင်းအမြစ်နှင့် ချမ်းသာကြွယ်ဝမှုမရှိသော်လည်း ပြည်ထောင်စု၏  အစိတ်အပိုင်းတစ်ခုရှိ အခြေခံပြည်သူများ လိုအပ်ချက်မရှိစေရန် ပံ့ပိုးပေးခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် ၀ိုင်းဝန်းကူညီမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ငွေရေးကြေးရေးလည်း လိုသမျှ ပံ့ပိုးပါမယ်။ ဒီနိုင်ငံဟာ ချမ်းသာတဲ့နိုင်ငံ မဟုတ်ဘူး။ အရင်းအမြစ်က သိပ်များတဲ့နိုင်ငံမဟုတ်ဘူး။ သို့သော်ငြားလည်း ကျွန်မတို့ကနေပြီးတော့ ကျွန်မတို့လိုအပ်တဲ့ ပြည်ထောင်စုရဲ့ လိုအပ်တဲ့အစိတ်အပိုင်းကို အမြဲပဲထောက်ပံ့ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

COVID-19 ကူးစက်မှုအပြင် အခြားသောပြဿနာများစွာရှိသည့် ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေများအပေါ် စိုးရိမ်ပူပန်မှု အချို့ရှိသော်လည်း စိန်ခေါ်မှုဟု သဘောထားကာ ကျော်လွှားနိုင်မည်ဆိုသည့် ယုံကြည်မှုဖြင့် ဆောင်ရွက်သွားမည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဆိုသည်။

လတ်တလောတွင် ရခိုင်ပြည်နယ်အတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့က ကျပ် ၁၆ ဒသမ ၇ ဘီလျံ သုံးစွဲပြီးဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ပြည်နယ်အစိုးရအနေဖြင့် ရန်ပုံငွေ ကျပ် ၈၅ ဒသမ ၅ သန်း ရရှိထားပြီး ထပ်မံ၍ အရေးပေါ်ရန်ပုံငွေမှ ကျပ် တစ်ဘီလျံသုံးစွဲခွင့်ပြုရန် တောင်းခံထားသည်ဟု ဝန်ကြီးချုပ် ဦးညီပုက ဆိုသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ် ၁၆ ရက်မှ စ၍ စစ်တွေမြို့မှ ဘဏ်ဝန်ထမ်းအမျိုးသမီး တစ်ဦး COVID-19 ပိုးကူးစက်ခံရပြီးနောက် သြဂုတ် ၂၈ ရက် နံနက်ပိုင်းအထိ ပြည်နယ်အတွင်း ပိုးတွေ့အတည်ပြုလူနာ ၂၀၇ ဦးအထိ ရှိလာပြီး အများစုမှာ စစ်တွေမြို့မှဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် COVID-19 အတည်ပြုလူနာသည် သြဂုတ် ၂၈ ရက် နံနက်ပိုင်းအထိ ၆၂၈ ဦးရှိပြီး ရောဂါပိုး ကင်းစင်သူ ၃၄၉ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။                          

 


READ NEXT
Cancel OK