Top News

ဒုတိယအကြိမ် လွှတ်တော်သက်တမ်း၌ ကျန်ရှိသည့်ကတိများအား အစိုးရက ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက ကတိရှင်လွှတ်တော်ကိုယ်စားလှယ်များကို ပယ်ဖျက်ခိုင်းမည်လားဟု လွှတ်တော်ကိုယ်စားလှယ် မေးခွန်းထုတ်
24htopnews | November 22, 2024 9:12 PM CST

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် ကျန်ရှိနေသည့်ကတိများကို လက်ရှိအစိုးရက ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက ကတိရှင် လွှတ်တော်ကိုယ်စားလှယ်များကို ပယ်ဖျက်ခိုင်းမည်လားဟု ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်က ပြောကြားသည်။

သြဂုတ် ၂၇ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့်အဆို၊ မေးခွန်းများနှင့်စပ်လျဉ်းသည် အစီရင်ခံစာနှင့်ပတ်သက်၍ ဦးမြင့်နိုင်က ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“ ဒီနေရာမှာ ကျွန်တော်ဆွေးနွေးလိုတာက ဒီကျန်ရှိတဲ့ကတိ ၄၁၀ ခုကို လက်ရှိအစိုးရမှ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက တတိယအကြိမ် လာမယ့်လွှတ်တော်ကို အာမကတိကော်မတီကို စနစ်တကျလွှဲပြောင်းပေးမှာလား။ သို့မဟုတ် ကတိရှင် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်ကိုပဲ ပယ်ဖျက်ပေးခိုင်းမှာလား။ ပထမအကြိမ် လွှတ်တော်နဲ့ ဒုတိယအကြိမ်လွှတ်တော် အကူးအပြောင်းမှာတော့ ကတိရှင်လွှတ်တော်ကိုယ်စားလှယ်တွေကို ပယ်ဖျက်ခိုင်းတာတွေ ရှိခဲ့ပါတယ်။ နောက်လာမယ့် အစိုးရအနေနဲ့ရော အခုအစိုးရရဲ့ ကတိတွေကို တာဝန်ယူပြီး ဆောင်ရွက်ပေးမှာလား။ ဒါတွေကို အခုအာမကတိ ကော်မတီအနေဖြင့် ရှင်းလင်းစွာဖြေရှင်းဆောင်ရွက်ပေးစေလိုပါတယ်။ ဒီကတိတွေက ပြည်သူတွေရဲ့အသံ ဖြစ်နေလို့ပါ” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

ကော်မတီ၏ အစီရင်ခံစာအရ ပထမအကြိမ်လွှတ်တော်မှ ၁၆ ကြိမ်မြောက်လွှတ်တော်အထိ အဆို ၂၁ ခု၊ ကြယ်ပွင့်ပြမေးခွန်း ၉၃၆ စောင်၊ ကြယ်ပွင့်မပြမေးခွန်း ၁၂၁၉ စောင် စုစုပေါင်းကတိ ၂၁၆၆ ခုအထိရှိခဲ့ပြီး ကတိ ပယ်ဖျက်မှုသည် ၁၇၅၆ ခုရှိခြင်းကြောင့် လက်ကျန်ကတိ ၄၁၀ ကျန်ရှိနေကြောင်း၊ ကျန်ရှိနေသည့် ကတိများတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ၇၃ ခု၊ စိုက်မွေးဆည်ဝန်ကြီးဌာနက ၂၄ ခု၊ ရခိုင်ပြည်နယ်အစိုးရက ၂၀ ခု စသည်ဖြင့် အများဆုံးကျန်နေကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။

ဦးမြင့်နိုင်က “ကျွန်တော်အနေဖြင့်လည်း ပထမအကြိမ်လွှတ်တော်မှ ၁၇ ကြိမ်မြောက် လွှတ်တော်အထိ မေးခွန်းပေါင်း ၁၀၂ စောင်အထိ မေးမြန်းခဲ့ပြီး ကတိလည်း များစွာရရှိခဲ့ပါတယ်။ ဆောင်ရွက်ပေးခဲ့တဲ့ ကတိများကိုလည်း ပယ်ဖျက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ကတိစာရင်းမှ ပယ်ဖျက်ပေးနိုင်ခြင်းမရှိတဲ့ မေးခွန်းတွေလည်း ကျန်နေပါတယ်” ဟု ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ အစီရင်ခံစာအပေါ် ဆွေးနွေးချက်များနှင့်ပတ်သက်၍ ကျေးဇူးတင်ရှိကြောင်း၊ ပထမအကြိမ်မှ စတင်၍ ၁၆ ကြိမ်မြောက် အမျိုးသားလွှတ်တော် အစည်းအဝေးကာလအတွင်း အဆို၊ မေးခွန်းများတွင် ပယ်ဖျက်ရန် ကျန်ရှိနေသည့် ကတိ ၄၁၀ နှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်က ပြောကြားသည်။


READ NEXT
Cancel OK