Top News

COVID-19 ရောဂါ တားဆီးထိန်းချုပ်နိုင်ရေးနှင့် အထွေထွေရွေးကောက်ပွဲ အထောက်အကူပြုနိုင်ရေးအတွက် ရက်ပေါင်း ၇၀ အပစ်အခတ်ရပ်စဲကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ကြေညာ
24htopnews | November 22, 2024 9:12 PM CST

COVID-19 ရောဂါ တားဆီးထိန်းချုပ်နိုင်ရေးနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအား အထောက်အကူပြုနိုင်ရေးတို့အတွက် ရက်ပေါင်း ၇၀ ကြာ တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က စက်တင်ဘာ ၁ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

ငြိမ်းချမ်းရေးလုပ်ငန်း၊ COVID-19 ဒုတိယလှိုင်းအား ထိန်းချုပ်တားဆီးနိုင်ရေးလုပ်ငန်းများနှင့် ရွေးကောက်ပွဲလုပ်ငန်းများကို အထောက်အကူပြုစေရန်အတွက် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော TNLA ၊ MNDAA  နှင့် AA တို့က စက်တင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ ရက်ပေါင်း ၇၀ ကြာ တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်းအား စက်တင်ဘာ ၁ ရက်တွင် သတ္တမအကြိမ် ကြေညာခဲ့ခြင်းဖြစ်သည်။

တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခြင်းအား အကြိမ်ကြိမ် ကြေညာရခြင်းမှာ အစိုးရ၊ တပ်မတော်နှင့် ၎င်းတို့အကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရန်၊ လက်တွေ့ကျသော လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်၊ နှစ်ဦးနှစ်ဖက် အမြန်ဆုံး တွေ့ဆုံဆွေးနွေးရန်နှင့် ယခုအချိန် ကာလတွင် တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသော COVID-19 ကူးစက်ရောဂါကို ထိန်းချုပ်နိုင်ရေး၊ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးဆိုင်ရာ လုပ်ငန်းများအတွက် အထောက်အကူပြုစေရန် ကြေညာရခြင်းဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ထို့အတူ တပ်မတော်နှင့် ၎င်းတို့အကြားတွင် နှစ်ဦးနှစ်ဖက် အမှန်တကယ် အပစ်အခတ်ရပ်စဲနိုင်ရေး၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးနိုင်ရေး၊ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေရေးနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများအားလုံး၏ နယ်စပ်တည်ငြိမ်အေးချမ်းရေးတို့အတွက် ယခုကဲ့သို့ အပစ်အခတ်ရပ်စဲရခြင်း ဖြစ်ကြောင်းလည်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ယခုကဲ့သို့ ကြေညာထားစဉ်ကာလအတွင်း နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးမည့် ကိစ္စရပ်များနှင့် တွေ့ဆုံဆွေးနွေးသည့် လုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရေးတို့အတွက် တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုများကိုလည်း ၎င်းတို့သုံးဖွဲ့က လိုလားကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ယခင်ကူညီဆောင်ရွက်ခဲ့သည့်နည်းတူ ယခုလည်း ထပ်မံကူညီဆောင်ရွက်ပေးရန် အလေးအနက် မေတ္တာရပ်ခံကြောင်း ညီနောင်ဟာမိတ်သုံးဖွဲ့က ကြေညာသည်။

တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသည့်ကာလအတွင်း တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက ၎င်းတို့အနေဖြင့် ယခင်နည်းတူ မိမိကိုယ်မိမိ ခုခံသောအနေဖြင့် တုံ့ပြန်ကာကွယ်သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ကြေညာခဲ့သည်။


READ NEXT
Cancel OK