စစ်ကြောင့် ပျက်စီးနေသော ဆီးရီးယားနိုင်ငံထဲ၌ ဗုံးကြဲမှုများရပ်တန့်ကြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရုရှား နှင့် အီရန်တို့အား ပြောနေစဉ် အစ္စရေးသည် ဇွန် ၂ ရက်က ၂၄ နာရီအတွင်း ဆီးရီးယား၌ ဒုတိယအကြိမ်တိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယားအစိုးရမီဒီယာက ဖော်ပြခဲ့သည်။
အစ္စရေးသည် ဒမတ်စကတ်တောင်ပိုင်းရှိ စစ်တပ်နှင့် ထောက်လှမ်းရေးဌာနများသို့ လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ ရာ လူ ၁၀ ဦး သေဆုံးခဲ့သည်။ ယင်းနောက် နာရီအနည်းငယ်အကြာတွင် အစ္စရေးသည် ဟွမ်းပြည်နယ်ရှိ လေတပ်စခန်းတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြန်ရာ ငါးဦးသေဆုံးခဲ့သည်ဟု ဆီးရီးယားက စွပ်စွဲခဲ့သည်။
“အစ္စရေးရဲ့ ရန်စတိုက်ခိုက်မှုကို ကျွန်တော်တို့ လေကြောင်းကာကွယ်ရေးစနစ်က ကာကွယ်ခဲ့ပါတယ်။ T – 4 လေဆိပ်ကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ ရော့ကတ်နှစ်စင်းကို ဖျက်ဆီးလိုက်ပါတယ်” ဟု စစ်တပ်သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ဆီးရီးယားအစိုးရ သတင်းအေဂျင်စီ SANA တွင် ဇွန် ၂ ရက် ညနေပိုင်း၌ ဖော်ပြခဲ့သည်။ အခြားသော အစ္စရေးရော့ကတ်များကြောင့် စစ်သားတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရပြီး လက်နက်ဂိုဒေါင်တစ်ခု ထိမှန်ခဲ့သည်ဟုဆိုသည်။
အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဆီးရီးယားစစ်သားတစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့ပြီး ရော့ကတ်ဂိုထောင်တစ်ခု ပျက်စီးခဲ့သည်ဟု ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးဌာနမှလည်း ထုတ်ပြန်ခဲ့သည်။ အစ္စရေးက တိုက်ခိုက်ခဲ့သည့် လေတပ်စခန်းတွင် ဆီးရီးယားစစ်တပ်အပြင် အီရန်တိုက်ခိုက်ရေးသမားများ၊ ဟဇ်ဘိုလာ အုပ်စုများလည်း အခြေချနေကြသည်ဟု စောင့်ကြည့်ရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ယင်းမတိုင်မီ နာရီအနည်းငယ်အလိုကလည်း အစ္စရေးသည် ဂိုလန်ကုန်းမြင့်ပေါ်ရှိ ကွန်နက်ထရာပြည်နယ်ထဲသို့ တိုက်ခိုက်ခဲ့သေးသည်။ ဇွန် ၁ ရက် နှောင်းပိုင်းက အိမ်နီးချင်းဆီးရီးယားဘက်မှ ရှားရှားပါးပါး ရော့ကတ်တစ်စင်းဖြင့် ပစ်ခတ်လာသဖြင့် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု အစ္စရေးတို့က ဆိုသည်။ ထိုတိုက်ခိုက်မှုအတွင်း ဆီးရီးယားစစ်သားများ၊ နိုင်ငံခြားသားတိုက်ခိုက်ရေးသမားများအပါအဝင် ၁၀ ဦး သေဆုံးခဲ့ရသည်။
“ကျွန်တော်တို့နယ်မြေကို လာပစ်တာတော့ ကျွန်တော်တို့ သည်းခံနေမှာ မဟုတ်ဘူး။ ကျွန်တော်တို့ကို လာရန်စတဲ့ ဘယ်လိုလုပ်ရပ်မဆို အင်နဲ့အားနဲ့ တုံ့ပြန်သွားမှာဖြစ်တယ်”ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေ တန်ယာဟုက ပထမတိုက်ခိုက်မှုအပြီးတွင် ပြောကြားခဲ့သည်။
ရပ်လိုက်ကြပါ
ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ ဂျီဟတ်တို့ခြေကုပ်ဒေသဖြစ်သော အီဒလစ်သို့ ဗုံးကြဲနေမှုများအား ရပ်တန့်ရန် ထရန့်သည် ဇွန် ၂ ရက်နှောင်းပိုင်းက Twitter ပေါ်တွင် ရေးသားခဲ့သည်။
“ရုရှား၊ ဆီးရီးယားနဲ့ အီရန်တို့ဟာ ဆီးရီးယားထဲက အီဒလစ်မှာ ဗုံးကြဲနေပြီး အပြစ်မဲ့ပြည်သူတွေ ဘာတွေ ခွဲခြားမနေဘဲ သတ်နေတယ်လို့ကြားနေရပါတယ်။ ဒီသတ်ဖြတ်မှုတွေကို ကမ္ဘာကကြည့်နေပါတယ်။ ရပ်လိုက်ကြပါ” ဟု ထရန့်သည် ဗြိတိန်သို့မထွက်ခွာမီ Twitter ပေါ်တွင် ရေးသားခဲ့သည်။
Ref ; AFP
-
နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) က အစ္စရေးဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဟောင်းနှင့် ဟားမာ့စ်တပ်မှူးတို့ကို ဖမ်း၀ရမ်းများထုတ်ပြန်
-
လူမည်းတစ်ဦးဖြစ်ရသည်ကို မိမိဂုဏ်ယူနေပြီး မိမိထံမှပြင်းထန်သည့်တုံ့ပြန်မှုများကို မမျှော်လင့်နှင့်ဟု လူမျိုးရေးခွဲခြားလှောင်ပြောင်သူများကို ရပ်ရှ်ဖို့ဒ် အသိပေး
-
အသက်အငယ်ဆုံးဂိုးသွင်းနိုင်သည့်မှတ်တမ်း လော်တာရိုမာတီနက်ဇ် ရရှိ
-
တိုရီနိုကစားသမားသစ် ဆာနာဘရီယာ ကိုဗစ်ကူးစက်ခံရ
-
ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လန်ဒန်ဖြူနီပြာ