အိန္ဒိယမြို့တော်နယူးဒေလီမှ အမြင့်ဆုံးအမှိုက်ပုံကြီးသည် လာမည့်နှစ်တွင် အထင်ကရနေရာ တာ့ဂျ်မဟာထက် ပိုမြင့်လာမည့် အနေအထားရှိနေပြီး ကမ္ဘာတွင် လေထုအညစ်ညမ်းဆုံးမြို့ဟု ကုလသမဂ္ဂက ယူဆသော ထိုမြို့အတွက် နံစော်သောသင်္ကေတတစ်ခု ဖြစ်လာနေသည်။ နယူးဒေလီအရှေ့ဘက်စွန်းရှိ မြင့်တက်နေသော ဂါဇီပူအမှိုက်ပုံကြီးတစ်ဝိုက် သိမ်းငှက်များနှင့် အခြားငှက်များက ပျံဝဲနေပြီး သင်းကွဲနွားများ၊ လမ်းဘေးခွေးများနှင့် ကြွက်များကလည်း ဆိုးရွားညစ်ပေနေသော အမှိုက်ပေါ်တွင် စိတ်ကြိုက် လှည့်လည်၍ ရှာဖွေစားသောက်နေကြသည်။
ဘောလုံးကွင်း ၄၀ ကျော်စာ အရွယ်အစားရှိပြီး အနံ့ဆိုးများထွက်နေသော ဂါဇီပူ အမှိုက်ပုံကြီးသည် တစ်နှစ်လျှင် ၁၀ မီတာနီးပါး မြင့်တက်နေကာ အဆုံးသတ်မည့် အရိပ်အယောင်မရှိသေးပေ။ ထိုအမှိုက်ပုံသည် လတ်တလောတွင် အမြင့် ၆၅ မီတာ (၂၁၃ ပေ) ရှိနေပြီဖြစ်ပြီး လက်ရှိနှုန်းအတိုင်းဆိုလျှင် အက်ဂရာရှိ အမြင့် ၇၃ မီတာအမြင့်ရှိသော တာ့ဂျ်မဟာအဆောက်အအုံထက် ၂၀၂၀ ပြည့်နှစ်တွင် ကျော်လွန်သွားနိုင်ကြောင်း အရှေ့ဒေလီ၏ ကြီးကြပ်အင်ဂျင်နီယာ အာရွန်ကူးမားက ပြောကြားခဲ့သည်။
ထိုဧရာမအမှိုက်ပုံကြီးပေါ်မှ ပျံသန်းသည့် ခရီးသည်တင်ဂျက်လေယာဉ်များအား သတိပေးနိုင်ရန် အနီရောင်မီးတိုင်များကို စိုက်ထူရမည်ဖြစ်ကြောင်း တရားရုံးချုပ်ကပြီး ခဲ့သောနှစ်တွင် သတိပေးခဲ့သည်။
၁၉၈၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော ဂါဇီပူအမှိုက်ပုံသည် ၂၀၀၂ ခုနှစ်တွင် ပိတ်သိမ်းရမည့်အခြေအနေအထိ ရောက်ရှိခဲ့သည်။ သို့သော် အမှိုက်တန်ချိန် ၂၀၀၀ ခန့် အားနေ့စဉ် ထိုအမှိုက်ပုံသို့ လာရောက်စွန့်ပစ်နေကြဆဲဖြစ်ကြောင်း အမည်မဖော်သော ဒေလီစည်ပင်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် မိုးသည်းထန်မှုကြောင့် ထိုအမှိုက်ပုံ၏ အစိတ်အပိုင်းတစ်ခု ပြိုကျခဲ့ရာ လူနှစ်ဦး သေဆုံးခဲ့သည်။ ယင်းနောက် အမှိုက်စွန့်ပစ်မှုအား ပိတ်ပင်ခဲ့သော်လည်း အာဏာပိုင်များက အခြားနည်းလမ်း မတွေ့သဖြင့် ထိုပိတ်ပင်မှုသည် ရက်ပိုင်းမျှသာ ခံခဲ့သည်။
အမှိုက်ချန်ပီယံ
ထိုအမှိုက်ပုံမှ ထွက်လာသောမီသိန်း ဓာတ်ငွေ့ကြောင့် မီးလောင်မှုပုံမှန်ဖြစ်ပွားလေ့ရှိပြီး မီးငြိှမ်းသတ်ရာတွင် ရက်အနည်းငယ်ကြာမြင့်လေ့ရှိသည်။ ထိုအမှိုက်ပုံမှထွက်သော မီသိန်းဓာတ်ငွေ့သည် လေနှင့်ပေါင်း စပ်မိချိန်တွင် လူသေဆုံးနိုင်သည်အထိပင် ပြင်းထန်နိုင်ကြောင်း နယူးဒေလီရှိ သိပ္ပံနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစင်တာမှ ထိပ်တန်းသုတေသနပညာရှင် ရှမ်ဘာဗီရှုကလာက ပြောကြားခဲ့သည်။ ထိုအမှိုက်ပုံမှ စီးထွက်နေသော အဆိပ်သင့်အနက်ရောင်ရေများသည်လည်း ဒေသတွင်း တူးမြောင်းတစ်ခုထဲသို့ စီးဝင်နေသည်။
ထိုအမှိုက်ပုံနှင့်ပတ်သက်၍ ဆန္ဒပြမှုများသည် အလုပ်မဖြစ်ခဲ့သဖြင့် ဒေသခံအများအပြားသည် ယခုအခါ ယင်းခရိုင်မှ ထွက်ခွာနေကြပြီဖြစ်သည်။ ထိုအမှိုက်ပုံအနီးတွင် အမှိုက်မှ လျှပ်စစ်ဓာတ်အားထုတ်ယူရန် တည်ဆောက်ထားသည့် စက်ရုံမှ အမှိုက်ကို မီးရှို့ရာမှထွက်သည့် အခိုးအငွေ့များသည်လည်း အဆိပ်သင့်သောကြောင့် အခြေအနေ ပိုမိုဆိုးရွားနေကြောင်း ဒေသခံများက ပြောကြားခဲ့ကြသည်။
လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းနှင့် ဗိုက်နာမှုစသည့် ဝေဒနာခံစားနေရသူအများစုပါဝင်သည့် ကလေးငယ်များအပါအဝင် လူ ၇၀ ခန့်ကို နေ့စဉ် ကုသပေးနေရကြောင်း ဒေသခံဆရာဝန် ကူးမတ် ဂုပတ္တားက ပြောကြားခဲ့သည်။
မကြာသေးမီက ပြုလုပ်ခဲ့သောလေ့လာမှုတစ်ခုအရ ထိုအမှိုက်ပုံမှ ငါးကီလိုမီတာ (သုံးမိုင်) အတွင်း နေထိုင်သူများသည် ကင်ဆာအပါအဝင် ကျန်းမာရေးအန္တရာယ်များ ကြုံရနိုင်ခြေရှိကြောင်း ဖော်ပြခဲ့သည်။
ဒေလီမြို့တစ်ဝန်းတွင် ယာဉ်ကြောရှုပ်ထွေးနေသော လမ်းများ၊ စက်မှုလုပ်ငန်းကြီးများနှင့် နှစ်စဉ် လောင်ကျွမ်းနေသော ကွင်းပြင်များကြောင့် အိန္ဒိယမြို့တော်သည် လေထုညစ်ညမ်းမှုအတွက် နာမည်ဆိုးဖြင့် ကျော်ကြားနေသည်။ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အကြား နယူးဒေလီတွင် အသက်ရှူ လမ်းကြောင်းနှင့်ဆိုင်သောရောဂါကြောင့် လူ ၉၈၁ ဦး သေဆုံးခဲ့ပြီး လူ ၁.၇ သန်းကျော်သည် ထိုကူးစက်မှုခံစားခဲ့ရကြောင်း အစိုးရ စစ်တမ်းတစ်ခုတွင်လည်း ဖော်ပြခဲ့သည်။
အိန္ဒိယ၏မြို့များသည် နှစ်စဉ် စွန့်ပစ်အမှိုက်တန်ပေါင်း ၆၂ သန်းထွက်ရှိနေပြီး ကမ္ဘာတွင် အမှိုက်ထွက်ရှိမှုအများဆုံးထဲတွင် ပါဝင်နေကာ ၂၀၃၀ ပြည့်နှစ်မတိုင်မီ နှစ်စဉ်စွန့်ပစ်မှုတန်ချိန် ၁၆၅ သန်းအထိ မြင့်တက်နိုင်ကြောင်း အစိုးရက ခန့်မှန်းထားသည်။
Ref ; AFP
-
နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) က အစ္စရေးဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဟောင်းနှင့် ဟားမာ့စ်တပ်မှူးတို့ကို ဖမ်း၀ရမ်းများထုတ်ပြန်
-
လူမည်းတစ်ဦးဖြစ်ရသည်ကို မိမိဂုဏ်ယူနေပြီး မိမိထံမှပြင်းထန်သည့်တုံ့ပြန်မှုများကို မမျှော်လင့်နှင့်ဟု လူမျိုးရေးခွဲခြားလှောင်ပြောင်သူများကို ရပ်ရှ်ဖို့ဒ် အသိပေး
-
အသက်အငယ်ဆုံးဂိုးသွင်းနိုင်သည့်မှတ်တမ်း လော်တာရိုမာတီနက်ဇ် ရရှိ
-
တိုရီနိုကစားသမားသစ် ဆာနာဘရီယာ ကိုဗစ်ကူးစက်ခံရ
-
ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လန်ဒန်ဖြူနီပြာ