ဟန်ဂေရီနိုင်ငံမြို့တော် ဘူဒါပက်စ်ရှိ ဒင်ညုမြစ်အတွင်း ရှုခင်းများလှည့်ပတ်ကြည့်ရှုရန် အသုံးပြုသည့် သင်္ဘောတစ်စီးနစ်မြုပ်ခဲ့ခြင်းကြောင့် သင်္ဘောတွင် လိုက်ပါလာသည့် တောင်ကိုရီးယားခရီးသွား ခုနစ်ဦးသေ ဆုံးခဲ့ပြီး လူ ၂၁ ဦးပျောက်ဆုံးနေကြောင်း ဟန်ဂေရီနှင့်တောင်ကိုရီးယားတာဝန်ရှိသူများက မေ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ သင်္ဘောသည် မေ ၂၉ ရက် ဒေသစံတော်ချိန် ည ၉ နာရီ ၁၅ မိနစ်ဝန်းကျင် မိုးသည်းထန်စွာရွာသွန်းနေချိန်၌ ဒင်ညုမြစ်အတွင်း အကြီးစားအပျော်စီးသင်္ဘောတစ်စီးနှင့် တိုက်မိခဲ့ကြောင်း၊ ယင်းနောက် ခရီးသွားများ လိုက်ပါလာသောသင်္ဘောသည် ပါလီမန်အဆောက်အအုံအနီးတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။
Mermaid ဟုအမည်ပေးထားသော အလျား၂၆ မီတာရှိ ထိုခရီးသွားသင်္ဘောတွင် ဟန်ဂေရီနိုင်ငံသားဝန်ထမ်းနှစ်ဦးနှင့် တောင်ကိုရီးယားနိုင်ငံသား ၃၃ ဦးတို့လိုက်ပါလာကြောင်း၊ သင်္ဘောနစ်မြုပ်မှုအတွင်း အသက်ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် တောင်ကိုရီးယားခုနစ်ဦး သေဆုံးခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
“လူခုနစ်ဦးသေဆုံးခဲ့ပါတယ်။ ကိုယ်အပူချိန်ကျဆင်းမှုနဲ့ စိတ်ချောက်ချားနေတဲ့ လူခုနစ်ဦးကို ဆေးရုံကိုပို့ဆောင်ပေးထားပါတယ်။ ကျန်တဲ့ လူ ၂၁ ဦးကတော့ ပျောက်ဆုံးနေပါတယ်”ဟု ဟန်ဂေရီအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပယ်ဂေါ်ဖီက ပြောကြားခဲ့သည်။
Mermaid သင်္ဘောကို အကြီးစား အပျော်စီးသင်္ဘောတစ်စင်းက နံဘေးမှ ဝင်တိုက်ခဲ့သည်ကို တွေ့မြင်ခဲ့သည်ဟု မျက်မြင်သက်သေတစ်ဦးက Index.hu သတင်းဝက်ဘ်ဆိုက်တွင် ပြောကြားထားသည်။
ယင်းကဲ့သို့ သင်္ဘောနှစ်စင်းတိုက်မိမှုမှတ်တမ်းကို ဟိုတယ်တစ်ခု၏ အမိုးတွင်တပ်ဆင်ထားသော ကင်မရာမှ ရိုက်ယူထားသည့် ရုပ်သံပြကွက်ကိုလည်း ဒေသတွင်းသတင်း ဝက်ဘ်ဆိုက်စာမျက်နှာများတွင် လွှင့်တင်ထားသည်။
သင်္ဘောနှစ်စင်းတိုက်မိခဲ့သည့်နေရာမှ တောင်ဘက်ကီလို မီတာအနည်းငယ်အကွာ တွင် အလောင်းတစ်လောင်းကို တွေ့ရှိထားသည်ဟူသော ဟန်ဂေရီသတင်းမီဒီယာ၏ ထုတ်ပြန်ချက်ကို ဟန်ဂေရီရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ခရစ်တော့ဖ်ဂယ်က အတည်ပြုရန် ငြင်းဆိုခဲ့သည်။ မြစ်ရေ၏ အပူချိန်မှာ ၁၀ ဒီဂရီဆဲလ်စီးယပ်မှ ၁၅ ဒီဂရီဆဲလ်စီးယပ် အတွင်းရှိနေပြီး Margaret တံတားအနီးတွင် နာရီပေါင်းများစွာကြာ ရှာဖွေခဲ့ပြီးနောက် Mermaid ၏ အပျက်အစီးများကို မြစ်အောက်ခြေတွင် တွေ့ရှိခဲ့သည်ဟု ဟန်ဂေရီ သတင်းအေဂျင်စီ MTI က ဆိုသည်။
ပျောက်ဆုံးနေသူများကို ရေငုပ်သမားများနှင့်ရဲတပ်ဖွဲ့၏ အကူအညီဖြင့် ညလုံးပေါက်ရှာဖွေခဲ့ကြောင်း အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။ တောင်ကိုရီးယားအစိုးရအဖွဲ့က ဘူတာပက်စ်ရှိ ကယ်ဆယ်ရေးလုပ်ငန်းတွင် ဟန်ဂေရီ အာဏာပိုင်များအား အကူအညီပေးရန်အတွက် ကယ်ဆယ်ရေးတာဝန်ရှိသူ ၁၈ ဦးပါ အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ရန်စီစဉ်နေကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ထုတ်ပြန်ထားသည်။
ညအချိန် ဒင်ညုမြစ်အတွင်း သင်္ဘောဖြင့် လည်ပတ်ခြင်းဖြင့် ဘူဒါပက်စ်မြို့တွင်း နှင့် ပါလီမန်အဆောက်အအုံ၏ မီးအလင်းရောင်တို့ကို ခရီးသည်များကြည့်ရှုခံစားနိုင်ပြီး ဒင်ညုမြစ်အတွင်း သင်္ဘောဖြင့်အပျော် ခရီးထွက်ရာမှ အဆိုပါမတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
နစ်မြုပ်ခဲ့သည့် ထိုသင်္ဘောသည် ခရီးသွားများအား ပုံမှန်ဝန်ဆောင်မှုပေးနေသည့် သင်္ဘောဖြစ်ပြီး သိသာထင်ရှားသော စက်ပိုင်းဆိုင်ရာချို့ယွင်းချက်များလည်း မရှိခဲ့ဖူးကြောင်း အဆိုပါသင်္ဘောကို ပိုင်ဆိုင်သော Panorama Deck ၏ပြောခွင့်ရပုဂ္ဂိုလ် မီဟာလီတို့တ်က MTI သတင်းဌာနသို့ ပြောကြားခဲ့သည်။
Ref ; AFP
-
နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) က အစ္စရေးဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဟောင်းနှင့် ဟားမာ့စ်တပ်မှူးတို့ကို ဖမ်း၀ရမ်းများထုတ်ပြန်
-
လူမည်းတစ်ဦးဖြစ်ရသည်ကို မိမိဂုဏ်ယူနေပြီး မိမိထံမှပြင်းထန်သည့်တုံ့ပြန်မှုများကို မမျှော်လင့်နှင့်ဟု လူမျိုးရေးခွဲခြားလှောင်ပြောင်သူများကို ရပ်ရှ်ဖို့ဒ် အသိပေး
-
အသက်အငယ်ဆုံးဂိုးသွင်းနိုင်သည့်မှတ်တမ်း လော်တာရိုမာတီနက်ဇ် ရရှိ
-
တိုရီနိုကစားသမားသစ် ဆာနာဘရီယာ ကိုဗစ်ကူးစက်ခံရ
-
ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လန်ဒန်ဖြူနီပြာ