Top News

မအောင်မြင်ခဲ့သော ဟနွိုင်းထိပ်သီးအပြီး မြောက်ကိုရီးယားက ထိပ်တန်းတာဝန်ရှိသူများအား ကွပ်မျက်
24htopnews | November 22, 2024 6:12 AM CST

ဟနွိုင်း၌ ကျင်းပခဲ့သော မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့၏ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲမှာ အောင်မြင်မှုမရှိဘဲ အဆုံးသတ်ခဲ့ရပြီးနောက် မြောက်ကိုရီးယားသည် ၎င်း၏ အမေရိကန်ဆိုင်ရာ အထူးသံတမန်ကို ကွပ်မျက်ခဲ့သည်ဟု တောင်ကိုရီးယား သတင်းစာတစ်စောင်တွင် မေ ၃၁ ရက်က ဖော်ပြခဲ့သည်။

ကွပ်မျက်ခံရသူမှာ ဟနွိုင်းအစည်းအဝေး၏ မူဘောင်ကို ချမှတ်ခဲ့ပြီး ကင်နှင့်အတူ ၎င်း၏သီးသန့်ရထားပေါ်၌ အတူလိုက်ပါခဲ့သော ကင်ချောက်ချို ဖြစ်သည်ဟု Chosun Ilbo သတင်းစာက ဖော်ပြခဲ့သည်။ ကင်ချောက်ချိုသည် ဟနွိုင်းထိပ်သီးမတိုင်မီ ကြိုတင်ညှိနှိုင်း ဆွေးနွေးမှုများအတွင်း အမေရိကန်တို့၏ ဆွဲဆောင်မှုဘက်ကို ပါခဲ့ပြီးနောက် နိုင်ငံ့ခေါင်းဆောင်ကို သစ္စာဖောက်မှုကြောင့် သေနတ်ဖြင့် ပစ်ခတ်ကွပ်မျက်ခံခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

“စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ခဲ့အပြီးမှာ ကင်ချောက်ချိုဟာ နိုင်ငံခြားရေးဝန်ကြီးဌာနက ထိပ်တန်းအရာရှိလေးဦးနဲ့အတူ မတ်လက မီရမ်လေဆိပ်မှာ ကွပ်မျက်ခံခဲ့ရပါတယ်” ဟု အမည်မဖော်လိုသော သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး သတင်းစာ၌ ဖော်ပြခဲ့သည်။ ကင်နှင့်အတူ ကွပ်မျက်ခံခဲ့ရသည့် အခြားသူများ၏ အမည်ကိုမူ မသိရပေ။

ဖေဖော်ဝါရီက ကျင်းပခဲ့သည့် ဟနွိုင်းထိပ်သီးမတိုင်မီက ကင်ချောက်ချိုသည် အမေရိကန် အထူးကိုယ်စားလှယ်ဖြစ်သော စတီဖင်ဘီဂန်နှင့် အဆင့်တူညီသည့် မြောက်ကိုရီးယားဘက်မှ အရာရှိဖြစ်သည်။

ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပတ်သက်၍ ကိုင်တွယ်နေသော တောင်ကိုရီးယား ပြန်လည်ရင်ကြားစေ့ရေး ဝန်ကြီးဌာနက ယခုသတင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံထဲမှ သုတ်သင်မှုများ၊ ကွပ်မျက်မှုများနှင့်ပတ်သက်၍ ယခင်က ဖော်ပြခဲ့ဖူးသည့် တောင်ကိုရီးယား သတင်းအချို့မှာမူ မှန်ကန်မှုမရှိကြောင်း နောက်ပိုင်းတွင် အတည်ပြုမှုများ ရှိခဲ့သည်။

ကင်ဂျုံအွန်၏ စကားပြန်ဖြစ်သော ရှင်ဟေယောင်သည်လည်း ထိုထိပ်သီးအတွင်း အမှားတစ်ခုပြုမိခဲ့ပြီးနောက် အကျဉ်းစခန်းသို့ ပို့ခံခဲ့ရသည်ဟုလည်း ယခုသတင်းစာက ဖော်ပြခဲ့သည်။  အမည်မဖော်လိုသည့် နောက်ထပ် သံတမန်ရေး သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်အရ ထိပ်သီးတွင် သဘောတူညီချက်မရရှိခဲ့ဟု ထရန့်က ကြေညာပြီး ဆွေးနွေးပွဲမှ ထွက်ခွာသွားစဉ် ထိုစကားပြန်အမျိုးသမီးသည် ကင်၏ အဆိုပြုချက်အသစ်အား ဘာသာပြန်ပေးရန် ပျက်ကွက်ခဲ့သည်ဟု သိရသည်။

၂၀၁၃ ခုနှစ်က မြောက်ကိုရီးယား၏ Samji yon သံစုံတီးဝိုင်းခေါင်းဆောင် ဟေဆွန်ဝိုသည် ညစ်ညမ်းအကြောင်းအရာများကို ကြည့်ရှု၊ ဖြန့်ဝေမှုဖြင့် ကွပ်မျက်ခံခဲ့ရကြောင်း Chosun Ilbo သတင်းစာတွင် မှားယွင်းဖော်ပြမိခဲ့ဖူးသည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကလည်း မြောက်ကိုရီးယား ပြည်သူ့တပ်မတော်၏ ဝန်ထမ်းရေးရာအကြီးအကဲသည် ကွပ်မျက်ခံခဲ့ရသည်ဟု ရင်ကြားစေ့ရေးဝန်ကြီးဌာနက မှားယွင်းကြေညာခဲ့ဖူးသည်။

ပါတီနှင့် တော်လှန်ရေးအယူအဆကို ဆန့်ကျင်စွာပြုမူသည့် အစိုးရအရာရှိများအနေနှင့် ပြင်းထန်သော စီရင်ချက်နှင့် ရင်ဆိုင်ရမည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းစာ နိုဒေါင်ရှင်မွန်တွင် ဖော်ပြခဲ့ပြီးနောက် ယခုကွပ်မျက်သည့် သတင်းထွက်လာခြင်းလည်းဖြစ်သည်။            

 


READ NEXT
Cancel OK