Top News

အီရန်၏ တရားမဲ့လုပ်ရပ်များကို ခိုင်ခိုင်မာမာရင်ဆိုင်ကြရန် ဆော်ဒီဘုရင်က ဆော်သြ
24htopnews | November 22, 2024 6:12 AM CST

အီရန်၏ တရားမဲ့သောလုပ်ရပ်များကို ထိပ်တိုက်ရင်ဆိုင်ကြရန် ဆော်ဒီဘုရင်ဆယ်မန်က အာရပ်နိုင်ငံများအား မေ ၃၁ ရက်တွင် ဆော်သြခြင်းဖြင့် ၎င်း၏ရန်ဘက်အီရန်အပေါ် ဆန့်ကျင်မှုကို အရှိန်မြှင့်တင်ခဲ့သည်။ ဒေသတွင်း၌ စစ်မီးများလောင်ကျွမ်းလာမည့်အရေးကို စိုးရိမ်စရာဖြစ်လာစေခဲ့သော တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့နောက် ယခုဆော်သြမှုထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ဆော်ဒီအာရေဗျရှိ ဘာသာရေးမြို့ မက္ကာ၌ ဆက်တိုက်ကျင်းပခဲ့သော အရေးပေါ် ထိပ်သီးအစည်းအဝေးနှစ်ခု၏အစတွင် ဘုရင်ဆယ်မန်၏ မှတ်ချက်ထွက်ပေါ်လာခဲ့သည်။ အစည်းအဝေးများအတွင်း ဆော်ဒီသည်  အီရတ်မှလွဲ၍ အခြားပင်လယ်ကွေ့နှင့် အာရပ်နိုင်ငံအားလုံးနီးပါးထံမှ တစ်ညီတစ်ညွတ်တည်း ထောက်ခံမှုကို ရရှိခဲ့သည်။

အမေရိကန်နှင့်ရော အီရန်နှင့်ပါ မဟာမိတ်ဖြစ်နေသည့် အီရတ်နိုင်ငံကမူ ဒေသတွင်းမှ အီရန်၏ လုပ်ရပ်များကို အပြစ်တင်ထားသော အာရပ်နိုင်ငံများ၏ အပြီးသတ်ထုတ်ပြန်ချက်ကို သဘောမတူခဲ့ပေ။

မေလအတွင်းက ယူအေအီးကမ်းလွန်ပင်လယ်ပြင်တွင် ဆော်ဒီရေနံတင်သင်္ဘော နှစ်စင်းအပါအဝင် သင်္ဘောလေးစင်း တိုက်ခိုက်ခံရမှုနောက်ကွယ်၌ အီရန်ပါဝင်သည်မှာ သေချာပေါက်ဖြစ်နိုင်သည်ဟု သဘောထား ခက်ထန်သော အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုတန်က ပြောခဲ့ပြီးနောက် တစ်နေ့တွင် ယခုထိပ်သီးအစည်းအဝေးများကို ကျင်းပခဲ့သည်။ သင်္ဘောတိုက်ခိုက်ခံရမှုအပြီးတွင် ဆော်ဒီ၏ အဓိကရေနံပိုက်လိုင်းတစ်ခုမှာ အီရန်မဟာမိတ် ဟူသီသူပုန်တို့၏ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းကို ခံရပြန်သည်။

“ဒေသတွင်းက အီရန်ရဲ့ အဖျက်အမှောင့်လုပ်ရပ်တွေကို တားမြစ်ဖို့ ခိုင်မာတဲ့တုံ့ပြန်မှု ရှိမနေတဲ့အတွက် လက်ရှိတွေ့မြင်နေရတဲ့အတိုင်း အီရန်ရဲ့လုပ်ရပ်တွေကို ပိုမိုအားကောင်းလာပြီး ဆက်လက်လုပ်ဆောင်စေဖို့ တွန်းအားပေးရာ ရောက်နေပါတယ်” ဟု ဆော်ဒီဘုရင်က ဆိုသည်။ “မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ တရားမဲ့လုပ်ရပ်တွေကြောင့် GCC (ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက် ရေးကောင်စီ)ရဲ့ လုံခြုံရေးနဲ့ အောင်မြင်ဖြစ်ထွန်းမှုတွေကို ကာကွယ်ရေးအတွက် အားလုံးလေးလေးနက်နက် လက်တွဲလုပ်ဆောင်ဖို့ လိုနေပါပြီ” ဟု ဘုရင်ဆယ်မန်က ဖြည့်စွက်ပြောကြားခဲ့သည်။

ရှီအိုက်အင်အားကြီး အီရန်အား ထိန်းသိမ်းရန် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း တတ်နိုင်သမျှ ကူညီပေးကြရန်လည်း ဘုရင်က တိုက်တွန်းခဲ့သည်။

ဇွန် ၁ ရက်တွင်လည်း ဆော်ဒီ၌ အစ္စလာမ္မစ်နိုင်ငံ့ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို ကျင်းပမည်ဖြစ်သည်။ စစ်ရေးထိပ်တိုက်တွေ့ကြမည့်အရေးကို စိုးရိမ်နေစဉ် ဆော်ဒီသည် ယင်းကဲ့သို့ ထိပ်သီးအစည်းအဝေးများအား ကျင်းပခြင်းဖြင့် အီရန်အား သီးခြားဖယ်ထုတ်ရန် ကြိုးပမ်းနေခြင်း ဖြစ်ဖွယ်ရှိသည်။

မေ ၃၁ ရက်က ကျင်းပခဲ့သည့် ထိပ်သီး အစည်းအဝေးများသို့ အိမ်နီးချင်းကာတာနိုင်ငံမှ ဝန်ကြီးချုပ်ရှိတ်အဗ္ဗဒူလာဘင်နာဆာအယ်ထာနီလည်း တက်ရောက်ခဲ့သည်။ ဆော်ဒီဦးဆောင်ပြီး ကာတာကို သပိတ်မှောက်ရန် လုပ်ဆောင်ခဲ့သည့် လွန်ခဲ့သည့် နှစ်နှစ်နောက်ပိုင်း ဝန်ကြီးချုပ်အယ်ထာနီသည် ဆော်ဒီသို့ လာရောက်ခဲ့သည့် အဆင့်အမြင့်ဆုံး ကာတာအစိုးရအရာရှိ ဖြစ်သည်။ ကာတာဝန်ကြီးချုပ်သည် ဆော်ဒီဘုရင်နှင့် လက်ဆွဲနှုတ်ဆက်ခဲ့သော်လည်း တင်းမာမှု အရိပ်အယောင်များကို တွေ့ခဲ့ရသည်။

 


READ NEXT
Cancel OK