ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ပိုင်ဆိုင်ထားသူအနုပညာရှင်တွေထဲမှာ နန်းဆုရတီစိုးလည်း အပါအဝင်ပါ။ အနုပညာလှုပ်ရှားမှုတွေကနေ အချိန်တစ်ခုဝေးနေခဲ့ပြီးနောက်မှာတော့ ဂီတအနုပညာ လှုပ်ရှားမှုတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ထပ်မံသိမ်းပိုက်ခဲ့သူပါ။ ၂၀၂၀ ပြည့်နှစ်ထဲမှာလည်း သီချင်းသစ်တွေထွက်ရှိခဲ့သလို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်ကလည်း သူ့ရဲ့သီချင်းသစ်ဖြစ်တဲ့ ‘မင်း အနားမှာ . .’ သီချင်း Music Video ကိုထွက်ရှိခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုတွေ အများကြီးကို ထပ်မံရရှိထားသူ နန်းဆုရတီစိုးနဲ့ မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။
မေး ■ ‘မင်းအနားမှာ . .’ သီချင်းလေးကို တင်ဆက်ဖြစ်ခဲ့တဲ့အကြောင်းလေးကို သိပါရစေ။
ဖြေ ■ ဒီသီချင်းလေးက တေးရေးကိုဝေကြီးရေးပေးထားတာပါ။ တော်တော်လည်း ကြာနေပါပြီ။ ဒါပေမဲ့ မထွက်ဖြစ်ဘူး။ ဒီသီချင်းစပြီးရလာချိန်တည်းကတော့ ဒီသီချင်းကို နားထောင်ခဲ့ကြရတဲ့ နန်းဆုရဲ့သူငယ်ချင်းတွေအကုန်လုံးကတော့ ဒီသီချင်းလေးကိုကြိုက်ကြတယ်။ ၂၀၂၀ ထဲမှာ ထွက်သွားတဲ့သီချင်းတွေအားလုံးနဲ့အတူ နားထောင်ချိန်မှာလည်း အားလုံးက ဒီသီချင်းလေးကိုပိုပြီး ထွက်ဖို့တိုက်တွန်းကြတာများတယ်။ ပိုပြီးတော့လည်း ကြိုက်ကြတယ်။ နန်းဆုကိုယ်တိုင်လည်း ဒီသီချင်းလေးကို အရမ်းကြိုက်တယ်။ ဒါပေမဲ့လည်း ဒီသီချင်းလေးကို အခြေအနေအကြောင်း အမျိုးမျိုးကြောင့်မို့ ထုတ်ဖို့အတွက် အများကြီးစဉ်းစားခဲ့ရတယ်။ အဲဒီလိုအမျိုးမျိုးတွေ စဉ်းစားနေရတဲ့အတွက် မထုတ်ဖြစ်ခဲ့တာပါ။ အခုကတော့ ၂၀၂၁ ခုနှစ် နှစ်သစ်ကိုလည်း ရောက်ပြီဆိုတော့ ဒီသီချင်းလေးကို ထုတ်ဖြစ်ခဲ့တာပါ။ အဓိကကတော့ နန်းဆုကို အရင်တည်းကနေ ဒီနေ့အထိ ချစ်ခင်အားပေးခဲ့ကြတဲ့ ပရိသတ်တွေအတွက် တင်ဆက်တာပါ။
မေး ■ ‘မင်းအနားမှာ . .’ သီချင်းလေးထုတ်ဖို့အတွက် ဘယ်လောက်အထိ စဉ်းစားခဲ့ရလဲ။
ဖြေ ■ ဒီသီချင်းလေးက ရထားတာလည်းကြာပြီ။ ထုတ်ချင်ပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် မထုတ်ခဲ့တာပါ။ ဒီသီချင်းထုတ်လိုက်ရင် ပွဲဆူသွားမှာ ဘာညာလည်း စိုးရိမ်တယ်။ သူငယ်ချင်းတွေကတော့ အရမ်းထုတ်စေချင်သလို တေးရေးကိုဝေကြီးကလည်း ဒီသီချင်းလေးကို ထုတ်စေချင်ခဲ့တယ်။ ဒီသီချင်းလေးက ‘မြန်မာပြည်ကြီးထဲမှာ’ သီချင်းမတိုင်ခင်လောက်တည်းက ထုတ်ဖို့လုပ်ထားခဲ့ပေမဲ့လည်း ဒီနှစ်သစ်ရောက်မှပဲ ထုတ်တော့မယ်ဆိုပြီး နန်းဆုကိုယ်တိုင်ရွှေ့ခဲ့တာပါ။ အခုကတော့ နှစ်သစ်လည်းရောက်ပြီဆိုတော့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်လေးပဲ ထုတ်ဖြစ်တာပါ။
မေး ■ ‘မင်းအနားမှာ . .’ Music Video မှာ ဖက်ရှင်ပိုင်းကို ဦးစားပေးထားတာလေးလည်း ပြောပေးပါဦး။
ဖြေ ■ ‘မင်းအနားမှာ . .’ Music Video လေးမှာ ဖက်ရှင်ပိုင်းကိုဦးစားပေးဖြစ်တာကတော့ အဲဒီ Music Video ထဲမှာက နန်းဆုက သရုပ်ဆောင်၊ မင်းသမီးတစ်ယောက်အနေနဲ့ပဲ ပါဝင်ထားတာဖြစ်လို့ ဖက်ရှင်ပိုင်းတွေကိုလည်း သေချာလေးဂရုစိုက်ထားပါတယ်။ အဲဒီ Music Video အတွက်ကို နန်းဆုအနေနဲ့ ဒီဇိုင်နာ ငါးယောက်၊ ခြောက်ယောက်အထိ ပါဝင်ထားပါတယ်။ နောက်ပြီး Stylist တွေလည်း ပါဝင်ထားပါတယ်။ အဓိကကတော့ ဒီသီချင်းရဲ့ Music Video လေးအတွက် Story ရေးတဲ့အချိန်မှာပါဝင်တဲ့ ဇာတ်ကောင် သုံးယောက်လုံးက သရုပ်ဆောင်တွေအဖြစ်ပဲ ပါဝင်ရမှာပါ။ နန်းဆုလုပ်ရမယ့် ကာရိုက်တာကလည်း တကယ်ကိုအောင်မြင်နေတဲ့ နာမည်ကြီးတဲ့မင်းသမီးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ဖက်ရှင်က အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်လာတယ်။ နောက်ပြီး Music Video မှာပဲ ကြော်ငြာရိုက်တဲ့ ဇာတ်ဝင်ခန်းတွေ၊ ပွဲတက်တဲ့ဇာတ်ဝင်ခန်းတွေလည်း ပါနေတာဖြစ်တဲ့အတွက် အဲဒီမှာ ဖက်ရှင်ပိုင်းကို အဓိကဦးစားပေးပြီး ပါဝင်ရတာဖြစ်တဲ့အတွက် ဒီဇိုင်နာတွေလည်း အများကြီးပါဝင်ပေးထားပါတယ်။
မေး ■ ဒီသီချင်းလေးအပေါ်မှာရော နန်းဆု ဘယ်လောက်ထိ ကြိုးစားအားထုတ်ထားလဲ။
ဖြေ ■ အားပေးနေကြတဲ့ ပရိသတ်တွေအတွက် ဒီ Music Video ကိုလည်း သေချာအားစိုက်ထုတ်ပြီး အကောင်းဆုံးဖြစ်အောင်ကြိုးစားထားတယ်။ ဒါကလည်း နန်းဆုအနေနဲ့ ပရိသတ်တွေကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာကို ပြချင်တဲ့အတွက်ပါ။ ပရိသတ်တွေကြည့်ဖို့အတွက် ဒီ Music Video လေးမှာလည်း နန်းဆု အလုပ်ကောင်းကောင်းလုပ်တယ်။ ပရိသတ်တွေအပေါ် နန်းဆု ဘယ်လောက်စေတနာထားလဲဆိုတာကို ပြသနိုင်ဖို့အတွက် ဒီ Music Video လေးကို အကောင်းဆုံး ကြိုးစားအားထုတ်ထားတယ်။ ကိုယ်တိုင်က အနုပညာအလုပ်တွေကို မလုပ်ဖြစ်ခဲ့တဲ့အချိန်တွေ ရှိပေမဲ့လည်း ပရိသတ်တွေက နန်းဆုကို မေ့မသွားဘဲနဲ့ ဒီနေ့အထိချစ်ခင်အားပေးကြတဲ့အတွက် နန်းဆုအနေနဲ့ ပိုပြီးကြိုးစားထားပါတယ်။ ဒီ Music Video အတွက် လူအင်အားရော၊ ငွေအင်အားရော အများကြီး အကုန်ကျခံပြီးကြိုးစားထားတယ်။ နောက်ပြီး ရိုက်ကူးတဲ့အခါမှလည်း ဂျူတီချိန်တွေ အများကြီး သေချာအချိန်ယူပြီး ရိုက်ကူးထားပါတယ်။ ကိုယ်တိုင်လည်း အရမ်းပင်ပန်းတယ်။ ဒါပေမဲ့လည်း ကိုယ့်ကိုအားပေးကြတဲ့ ပရိသတ်တွေက နန်းဆုအပေါ် အားပေးချစ်ခင်ကြသလို နန်းဆုရဲ့အနုပညာမှာလည်း မျှော်လင့်ထားကြတယ်။ ကောင်းတဲ့ မှတ်ချက်တွေပဲ အမြဲပေးကြတယ်။ အဲဒီအတွက်လည်း နန်းဆုအနေနဲ့ ပိုပြီးအားရှိရသလို ပိုပြီးလည်း ကြိုးစားဖြစ်ပါတယ်။ ကိုယ်တိုင်က သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့အတွက် အဆိုပိုင်းတွေတင် မဟုတ်ပဲ ရိုက်ကူးရေးပိုင်းတွေမှာလည်း ကိုယ်တိုင် အသေးစိတ်ကအစ ဝင်ပါပြီး သေချာလေးကြိုးစားဖြစ်ခဲ့ပါတယ်။
မေး ■ ဒီသီချင်းလေးနဲ့ပတ်သက်ပြီး ဘယ်လိုအမှတ်တရတွေရှိလဲ။
ဖြေ ■ ‘မင်းအနားမှာ . .’ သီချင်းလေးက နန်းဆုဆိုခဲ့သမျှ သီချင်းတွေ၊ ရိုက်ကူးခဲ့သမျှ Music Video တွေထက် ပိုပြီးတော့ စိတ်ရော ကိုယ်ပါအများကြီးလုံးပမ်းထားတယ်။ အများကြီးလည်း အားထည့်ပြီး ကြိုးစားထားတယ်။ ရိုက်ကူးရေးမှာလည်း အခက်အခဲတွေရင်ဆိုင်ခဲ့ရတယ်။ ခံစားချက်ပိုင်းမှာဆိုရင်လည်း ဒီသီချင်းနဲ့ပတ်သက်ပြီး အများကြီးရှိတယ်။ ဒီသီချင်း Music Video ရိုက်ကူးနေတဲ့တောက်လျှောက်မှာလည်း မနက်ည နှစ်ရက်ရိုက်ကူးချိန်တွေတိုင်းမှာ Mood ထည့်ပြီး သေချာသရုပ်ဆောင်တယ်။ ရိုက်နေတုန်းမှာလည်း ကိုယ်တိုင်က အရမ်းစိတ်ထည့်ထားလို့လားမသိဘူး အရမ်းလည်းငိုချင်နေခဲ့တယ်။ သီချင်းအကြောင်းအရာကို စိတ်ထဲအများကြီးထည့်မိလို့လားမသိဘူး ငိုချင်နေခဲ့တယ်။
မေး ■ ၂၀၂၁ ခုနှစ်ထဲမှာရော အနုပညာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ဘယ်လိုတွေစီစဉ်ထားလဲ။
ဖြေ ■ ဒီ ၂၀၂၁ ခုနှစ်ထဲမှာတော့ နန်းဆုအနေနဲ့ သီချင်းသစ်အဖြစ် ‘မင်းအနားမှာ . .’ သီချင်း Music Video လေးကို စပြီးထွက်ဖြစ် တယ်။ နောက်ထပ်လည်း သီချင်းလေးတွေကို တင်ဆက်မှုကောင်းကောင်းလေးတွေနဲ့ Music Video လေးတွေအဖြစ် တင်ဆက်သွားဖို့ စီစဉ်ထားတယ်။ နောက်ပြီး ကြော်ငြာရိုက်ကူးရေးတွေအပြင် ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်တွေလည်း လက်ခံရိုက်ကူးသွားဖို့ရှိတယ်။
မေး ■ လက်ရှိမှာ နန်းဆုရဲ့အချစ်ရေးကရော ဘယ်လို အခြေအနေရှိလဲ။
ဖြေ ■ အခုကတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို အထူးအထွေ ပြောပြရမယ့်ကိစ္စမရှိသေးသလို မပြောချင်တဲ့ကိစ္စလည်း မရှိပါဘူး။ နန်းဆုရဲ့အချစ်ရေးက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပါပဲ။
မေး ■ အားပေးနေတဲ့ ပရိသတ်တွေအတွက် ပြောချင်တဲ့စကားရှိရင်။
ဖြေ ■ ပရိသတ်တွေကိုတော့ ကျေးဇူးတင်တဲ့အကြောင်းပဲ ထပ်ခါထပ်ခါပြောရမှာပါ။ ဘာလို့လဲဆိုတော့ သူတို့တွေရှိလို့လည်း ဒီနေ့အထိ နန်းဆုရပ်တည်နိုင်တာပါ။ နောက်ပြီး နန်းဆုဘာပဲလုပ်လုပ် ယုံကြည်ပေးတယ်၊ အားပေးတယ်၊ စောင့်ကြည့်ပေး ဝန်းရံပေးကြတဲ့အတွက်လည်း ပိုပြီးအားရှိရပါတယ်။ နှစ်ပေါင်းအကြာကြီး ချစ်ခင်အားပေးမှုရဖို့ဆိုတာလည်း မလွယ်ပါဘူး။ အဲဒါကြောင့် နန်းဆုအနေနဲ့ ပရိသတ်တွေရဲ့ တန်ဖိုးကိုတကယ်ကို သိပါတယ်။ ကျေးဇူးလည်းအများကြီး တင်ပါတယ်။ နန်းဆုရဲ့ အနုပညာအလုပ်တွေကို ၂၀၂၁ ခုနှစ်ထဲမှာပိုပြီးကြိုစားနေတာမို့ ပရိသတ်တွေရဲ့အားပေးမှုတွေနဲ့အတူ ရှေ့ထပ်တက်နိုင်ဖို့အတွက် ထပ်ပြီးအားပေးပါဦးလို့ ပြောချင်ပါတယ်။
-
အမေရိကန်တွင် COVID-19 ကူးစက်မှုနှုန်း မြင့်တက်နေချိန် ကာကွယ်ဆေးများသည် အဓိကနေရာမှ ရပ်တည်နေဟု ကျန်းမာရေးတာဝန်ရှိသူများ ပြောကြား
-
COVID-19 ကပ်ရောဂါသည် ပြီးဆုံးရန် အလှမ်းကွာဝေးနေသေးဟု WHO သတိပေး
-
အီရန်၏ တိုက်ပွဲဝင်ဒရုန်းများကို ရယူလိုသည့် ရုရှား၏ အစီအစဉ်သည် ယူကရိန်းစစ်ပွဲတွင် ရုရှား၏ဆုံးရှုံးမှုများကို ပြသရာရောက်နေသည်ဟု အမေရိကန် ပြောကြား
-
ပြည်ပနိုင်ငံများတွင် အာဏာသိမ်းမှုများကို အစီအစဉ်အရ ကူညီပေးခဲ့ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်ဟောင်းက ဝန်ခံ
-
အစိုးရအဆောက်အအုံများအား စီးနင်းသိမ်းပိုက်ထားမှုကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း သီရိလင်္ကာ ဆန္ဒပြသူများ ပြောကြား