မြန်မာဇာတ်သဘင်လောကမှာ အောင်မြင်တဲ့ မင်းသားတစ်ယောက်အဖြစ် ပရိသတ်အားပေးမှုနဲ့အတူ ခိုင်ခိုင်မာမာ ရပ်တည်နေတဲ့ မင်းသားတစ်ဦးဖြစ်သလို မြန်မာ့ဇာတ်သဘင်ရဲ့ အထင်ကရမျိုးဆက်တစ်ဦးလည်းဖြစ်တဲ့ တင်မောင်ဆန်းမင်းဝင်းဟာ မိုးရာသီသဘင်ပွဲတော်ကို အွန်လိုင်းဖျော်ဖြေမှုကနေတစ်ဆင့် တင်ဆက်ကပြလျက်ရှိပါတယ်။ ရန်ကုန်မြို့ မျှော်စင်ကျွန်းမှာ မိုးရာသီသဘင်ဖျော်ဖြေပွဲကို ငါးနှစ်မြောက်အထိ ကျင်းပနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ထဲမှာတော့ ဟန်ဇာမိုးဝင်းနဲ့တွဲဖက်ပြီး “မာလာမြိုင် မိုးရာသီသဘင်ပွဲတော်” ကို အွန်လိုင်းကနေ စီစဉ်တင်ဆက်ခဲ့တာပါ။ ပရိသတ်တွေရဲ့အားပေးမှုများပြားခဲ့တာကြောင့် မိုးရာသီသဘင်ပွဲတော်အပြီးမှာ “မာလာမြိုင် ဟေမန္တရာသီသဘင်ပွဲတော်” ကို ဆက်လက်ကပြဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် လက်ရှိဖျော်ဖြေမှုတွေအကြောင်းနဲ့ သဘင်အနုပညာခြေလှမ်းတွေ၊ ပရိသတ်တွေချစ်ကြတဲ့ တင်မောင်ဆန်းမင်းဝင်းနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
မေးà “မာလာမြိုင် ဟေမန္တရာသီ သဘင်ပွဲတော်” ဆိုပြီး အွန်လိုင်းတင်ဆက်မှုဖျော်ဖြေပွဲဆက်ပြီး ကဖြစ်ခဲ့တဲ့အကြောင်းလေးကို သိပါရစေ
ဖြေ - ကျွန်တော်တို့က “မာလာမြိုင် မိုးရာသီသဘင်ပွဲတော်” ဆိုပြီး စကခဲ့ကြတယ်။ အွန်လိုင်းသဘင်ဖျော်ဖြေမှုတွေကို စတင်ခဲ့ကြတယ်။ မိုးရာသီပွဲကို သုံးလတာကပြခဲ့ပါတယ်။ မိုးရာသီဖျော်ဖြေပွဲတွေ ပြီးသွားတဲ့အချိန်မှာလည်း လက်ရှိကပ်ရောဂါအခြေအနေတွေအရ အရင်လိုပွဲပြန်ကဖို့ဆိုတာလည်း မဖြစ်နိုင်သေးဘူးဆိုတော့ “ဆောင်းရာသီသဘင်ပွဲတော်ဆိုပြီး ဆက်ပြီးကဖို့ စီစဉ်ကြတယ်။ အရင်ကတော့ ကျွန်တော်တို့က မိုးရာသီသဘင်ပွဲတော်ပဲ ကဖြစ်ခဲ့ကြပေမယ့် ဒီနှစ်မှာတော့ ဟေမန္တရာသီသဘင်ပွဲကိုပါ ထပ်ပြီးကဖို့ဖြစ်လာတာပေါ့။ နောက်ပြီး ဒီလို New Normal မှာ ပွဲတွေကပြခွင့် အရင်လိုမရသေးဘူးဆိုရင် လာမယ့်နွေရာသီရောက်ရင်လည်း ကျွန်တော်တို့တွေအနေနဲ့ “ဂိမာန်ရာသီ”ဆိုပြီး ဆက်ပြီးတော့ကနေဦးမှာပေါ့။ အခုလက်ရှိမှာတော့ မိုးရာသီသဘင်ပွဲတော်လိုပဲ “ဟေမန္တရာသီ သဘင်ပွဲတော်” ကို ပွဲစဉ် ၂၁ ပွဲစာ ထပ်ပြီး ကပြဖြစ်နေပါတယ်။
မေး - “မိုးရာသီ သဘင်ပွဲတော်” မှာတုန်းကတော့ ဆန်းမင်းနဲ့ ဟန်ဇာတို့က တစ်ပတ်တာဖျော်ဖြေရေးနှစ်ရက်မှာ တစ်ရက်စီ ကပြဖြစ်ခဲ့ကြတယ်။ ဒီပွဲတော်မှာတော့ နှစ်ယောက်အတူ ကဖြစ်တာတွေ့ရတယ်။ ဘာလို့လဲ ပြောပြပေးပါဦး။
ဖြေ - ကျွန်တော်တို့အနေနဲ့ “ဟေမန္တရာသီသဘင်ပွဲတော်” ကို တင်ဆက်တဲ့အခါမှာလည်း အရင်က မိုးရာသီပွဲတုန်းကလို တစ်ယောက်ကိုတစ်ရက် အလှည့်ကျနဲ့ ဖျော်ဖြေလို့ရပါတယ်။ ဒါပေမဲ့လည်း ပရိသတ်တွေအတွက် စေတနာပါ။ ဟန်ကြီးပရိသတ်တွေက ကျွန်တော်ကတဲ့ရက်မှာ ကြည့်နေရတဲ့ အခါကျတော့ ဟန်ကြီးမပါဘူးဆိုတာမျိုး ဖြစ်လာတယ်။ အဲဒီအတွက် ဟန်ကြီးရဲ့ ပရိသတ်တွေကလည်း ကိုတင်မောင်ကို ကြည့်ရမှာဖြစ်သလို ကိုတင်မောင်ပရိသတ်တွေကလည်း ဟန်ကြီးကို ကြည့်ခွင့်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ကျွန်တော်တို့နှစ်ယောက်အတူ ပူးပေါင်းတင်ဆက်ဖြစ်ခဲ့ကြတာပါ။
မေး - ပွဲစဉ်တိုင်းကို နှစ်ယောက်အတူကဖြစ်တဲ့အခါကျတော့ တင်ဆက်မှုတွေက ပိုပြီးအားကောင်းလာတယ်လို့ ပြောလို့ရမလား။
ဖြေ - အမှန်အတိုင်းပြောရရင်တော့ တစ်ပတ်မှာ တစ်ရက်ပဲ အလှည့်ကျကရတာထက်စာရင်တော့ ဒီလိုမှာ ပွဲစဉ်တိုင်းမှာ နှစ်ယောက်အတူ ကပြရတဲ့အခါကျတော့ ပိုပြီးတော့ ပင်ပန်းတာပေါ့လေ။ ဒါပေမဲ့့ ပရိသတ်တွေအတွက်ကျတော့ ကြည့်ရတာပိုပြီးတန်မယ်။ ညီအစ်ကိုနှစ်ယောက်လုံးရဲ့ဖျော်ဖြေမှုတွေကို တစ်ပွဲတည်းကနေ ကြည့်ခွင့်ရမယ်လေ။ တင်ဆက်မှုပိုင်းတွေကတော့ အတော်များများ ပြောင်းပစ်ရတာပေါ့။ ဇာတ်လမ်းတွေကတဲ့အခါမှာဆိုရင်လည်း ညီအစ်ကိုနှစ်ယောက်၊ သားအဖနှစ်ယောက် စသည်ဖြင့်ပေါ့။ နှစ်ယောက်စလုံးပါဝင်နိုင်မယ့် ဇာတ်လမ်းမျိုးတွေကို ရွေးချယ်ရတာမျိုးတွေတော့ ရှိပါတယ်။
မေး - ပွဲစဉ်တိုင်းကို နှစ်ယောက်အတူ ဖျော်ဖြေရတဲ့အပေါ်မှာရော ဆန်းမင်းအနေနဲ့ ဘယ်လိုခံစားရလဲ။
ဖြေ - နှစ်ယောက်ပေါင်း အတူဖျော်ဖြေကြတဲ့အခါမှာ ရလာဒ်တွေအနေနဲ့ကတော့ စစချင်း စည်းလုံးညီညွတ်မှုရတယ်။ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်ဖေးမမှုတွေရတယ်။ ကျွန်တော့်အတွက်ကလည်း ဟန်ကြီးဆီမှာရှိတဲ့ အလုပ်နဲ့ပတ်သက်ရင် တိတိကျကျလုပ်တတ်တာတွေ၊ အတုယူစရာလေးတွေလည်း လုပ်ရင်းနဲ့ ကျွန်တော့်ဘက်ကပြန်ပြီး လေ့လာရတာရှိတယ်။ နောက်ပြီး နှစ်ယောက်ပေါင်းပြီး ကြိုးစားထားတာဖြစ်တဲ့အတွက် ပရိသတ်တွေကို တင်ဆက်တဲ့အခါမှာလည်း ရသကောင်းလေးတွေ တင်ဆက်လာနိုင်တယ်။ အဲဒါက ကျွန်တော်တို့နှစ်ယောက်ရဲ့ စည်းလုံးညီညွတ်မှုနဲ့ ရလာတဲ့ ရလဒ်လေးတွေလို့ ပြောရမှာပါ။ တစ်ယောက်ချင်းကလည်း ရရဲ့သားနဲ့လို့ ပြောကြတာရှိပေမဲ့လည်း ကျွန်တော်တို့အနေနဲ့ကတော့ တစ်ယောက်ချင်းစီရဲ့ အားနည်းချက် အားသာချက်တွေကို နှစ်ပေါင်းပေါင်းသင်ယူရင်းနဲ့ ပရိသတ်တွေကို ဖျော်ဖြေချင်တာပါ။ ကျွန်တော်ကတော့ အခုလို နှစ်ယောက်ပေါင်းပြီး ဖျော်ဖြေတင်ဆက်မှုတွေလုပ်ရတာကို ပိုပြီးကြိုက်တယ်။ တစ်ယောက်တည်း ကြိုးစားနေတုန်းကတော့ ကိုယ့်အမှားလည်း ကိုယ်မသိရတာတွေရှိတယ်လေ။ အခုကျတော့ ကိုယ့်ရဲ့လိုတာလွဲနေတာလေးတွေကို ပြောပေးမယ့်လူရှိလာတော့ ကျွန်တော့်အတွက်လည်း ပိုကောင်းလာတယ်။ နောက်ပြီး New Normal မှာ ပရိသတ်တွေလည်း အရင်ပုံစံအဟောင်းအတိုင်း မဟုတ်ဘဲ ပြောင်းလဲတင်ဆက်မှုလေးဖြစ်အောင်လို့ တင်ဆက်ရဖြစ်တဲ့အတွက် ကျေနပ်ပါတယ်။
မေး - “မိုးရာသီ သဘင်ပွဲတော်” ကနေပြီး “ဟေမန္တရာသီ သဘင်ပွဲတော်” အထိ အားပေးနေကြတဲ့ ပရိသတ်တွေအတွက် ပြောချင်တာရှိရင်။
ဖြေ - အခု ဟေမန္တရာသီသဘင်ပွဲတော်မှာတော့ ကျွန်တော်တို့ရဲ့ တင်ဆက်မှုတွေနဲ့ ထပ်တူကျတဲ့ ပရိသတ်တွေပေါ်လာတယ်လို့ ခံစားရတယ်။ အရင်တုန်းကတော့ ဟန်ကြီးကနေရင် ကိုတင်မောင်မလာသေးဘူးလား၊ ကိုတင်မောင်ကနေရင် ဟန်ကြီးကိုမျှော်နေတာဆိုတဲ့ ပရိသတ်တွေ မရှိတော့ပဲ “ဆန်းဇာ” သဘင်အရမ်းမိုက်တယ် ဆိုတာမျိုးလေးတွေ ဖြစ်လာတယ်။ အဲဒါကို ကျွန်တော်ကျေနပ်ပါတယ်။ အခုဆိိုရင် ကျွန်တော်တို့နှစ်ယောက်ရဲ့ We Love တွေကလည်း နှစ်ယောက်စလုံးကို ချစ်ခင်အားပေးလာကြတယ်။ အဲဒီအတွက် ကျွန်တော်တို့အရမ်းကိုပျော်ရွှင်ရသလို ပီတလည်းဖြစ်ရတယ်။ မိုးရာသီသဘင်ပွဲတော်ကတည်းက အားပေးခဲ့ပြီး ဆက်ကဖို့တိုက်တွန်းခဲ့ကြသလို မာလာမြိုင်ကိုလည်း တိုက်တွန်းပေးကြတဲ့ ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။