Top News

သရုပ်ဆောင် ကျော်ကျော် ရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
24htopnews | November 21, 2024 6:12 AM CST

လူသားတစ်ဦးချင်းစီတိုင်းမှာ ထူးခြားတဲ့အစွမ်းသတ္တိတွေ၊ စွမ်းရည်တွေပိုင်ဆိုင်ထားတတ်ကြပါတယ်။ မိမိတို့ပိုင်ဆိုင်ထားတဲ့ စွမ်းရည်ကိုသတိပြုမိကာအသုံးချတတ်သူနဲ့ သတိမပြုမိဘဲ အမှတ်မဲ့နေတတ်သူတွေအဖြစ်သာ ကွာခြားတတ်ကြတာဖြစ်ပါတယ်။ မိမိမှာပိုင်ဆိုင်ထားတဲ့ အနုပညာအရည်အသွေးကိုသတိမပြုမိဘဲ ထင်မှတ်မထားတဲ့ အချိုးအကွေ့တစ်ခုရောက်မှသာ သတိပြုမိလာသူတစ်ဦးကတော့ သရုပ်ဆောင်ကျော်ကျော်ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဖော်တတ်သူတစ်ဦးဖြစ်ပြီး အစဉ်အမြဲ ရွှင်ပြုံးနေတတ်တဲ့ မျက်နှာထားပိုင်ရှင် သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ သရုပ်ဆောင်ကျော်ကျော်ရဲ့ ငယ်စဉ်ဘဝအမှတ်တရတွေကို ဖော်ပြပေးချင်ပါတယ်။

သရုပ်ဆောင်ကျော်ကျော်က ၁၉၈၆ ခုနှစ် မတ် ၂၄ ရက်မှာ မွေးဖွားခဲ့ပြီး အသက်ကကိုးနှစ်ကွာခြားတဲ့ ညီမလေးတစ်ယောက်ရှိပါတယ်။ ရန်ကုန်ဇာတိဖြစ်တဲ့ ကျော်ကျော်အတွက် ငယ်စဉ်ဘဝမှာတော့ ထူးထူးခြားခြားအနေနဲ့ အမေးအမြန်းထူတဲ့ ကလေးတစ်ယောက်အဖြစ် မိဘများကပြောပြလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ငယ်စဉ်ကလေးဘဝကတည်းက သရုပ်ဆောင်ကျော်ကျော်က မျက်နှာပြောင်ပြီး နောက်ပြောင်တတ်တဲ့အကျင့်ရှိတယ်လို့ အမှတ်တရဆိုခဲ့ပါတယ်။

သရုပ်ဆောင်ကျော်ကျော်က ပညာရေးအနေနဲ့ သူငယ်တန်းကို မော်လမြိုင်မှာတက်ရောက်ခဲ့ပြီးနောက် မိဘများက ရန်ကုန်ကိုပြန်လည်ပြောင်းရွှေ့လာခဲ့ရတာကြောင့် ပထမတန်းနဲ့ဒုတိယတန်း ကို အလုံမြို့နယ်ကျောင်းမှာ တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ တတိယတန်းကစပြီး နဝမတန်းအထိကို မော်လမြိုင်မှာ တက်ရောက်သင်ယူခဲ့တယ်လို့ဆိုပါတယ်။ ကျောင်းပညာရေးမှာ ထူးချွန်ကျောင်းသားတစ်ဦးဖြစ်ခဲ့ပြီး အဆင့် (၁) ကနေ (၃) အတွင်း အမြဲဝင်ခဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ဝင်တန်းရောက်ရှိလာချိန်မှာတော့ ရန်ကုန်မှာကျောင်းလာတက်ခဲ့ရပြီး ဒဂုံမြို့နယ် အထက(၃)မှာ တက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော် ၁၀ တန်းမှာက ဟယ်လ်ပင်ကျောင်းမှာ ဘော်ဒါသဘောမျိုးတက်ရတဲ့အခါ တစ်ယောက်တည်းလာတက်ရတာပေါ့။ မိဘတွေနဲ့ တစ်ချိန်လုံးရင်အုပ်မကွာ ကလေးလိုနေလာခဲ့ပြီးမှ အခုလိုအဆောင်လာနေရတဲ့အခါ အိမ်လွမ်းတဲ့စိတ်ဖြစ်တယ်။ အိမ်လွမ်းလို့စာပဲဖိကျက်မလားဆိုတော့လည်း မဟုတ်ဘူး။ အဲဒါနဲ့ပဲ ဆယ်တန်းအောင်စာရင်းထွက်တဲ့အခါ ဂုဏ်ထူးနှစ်ခုပါခဲ့တယ်။ ဆေးတက္ကသိုလ်တက်ဖို့ အမှတ်မီတယ်။ ဒါပေမဲ့ လုံးဝ၀ါသနာမပါဘူး။ အမေကလည်းဂုဏ်ထူးတွေ အများကြီးမပါလို့ ငိုယိုပြီးဖြစ်တာပေါ့နော်။ အဲဒီမှာဘာဆက်တက်မလဲဆိုပြီးဖြစ်တဲ့အခါ ရန်ကုန်မြို့တွင်းမှာပဲတက်လို့ရမယ့် UFL ကိုပဲ ရွေးချယ်လိုက်တယ်။ ကျွန်တော့်ဦးလေးတစ်ယောက်က ဂျာမနီမှာလည်းရှိတဲ့အခါကျတော့ ဂျာမန်ဘာသာစကားပဲသင်မယ်ဆိုပြီးတော့ ဂျာမန်ဘာသာ အထူးပြုယူဖြစ်သွားတာပါ” လို့ ပညာရေးနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို ကျော်ကျော်ကဆိုပါတယ်။

ငယ်စဉ်ကလေးဘဝမှာ ပျော်ပျော်နေတတ်တဲ့ကျော်ကျော်က ကျောင်းကပွဲတွေမှာ ပါဝင်ကပြရတာပျော်ရွှင်ရသလို ကဗျာတွေရေးစပ်ရတာကိုလည်း ၀ါသနာပါခဲ့တယ်လို့ ဆိုပါတယ်။ တက္ကသိုလ်တက်ရောက်ချိန်မှာလည်း မေဂျာအလိုက်ပြဇာတ်ကပြမှုတွေ၊ အနုပညာဖျော်ဖြေမှုတွေမှာ ပါဝင်ဖြစ်ခဲ့တယ်လို့ဆိုခဲ့ပါတယ်။ ဘွဲ့ရရှိပြီးချိန်အထိ မိမိမှာပိုင်ဆိုင်ထားတဲ့ အနုပညာဝါသနာကို သတိမပြုမိပေမဲ့ ဘဝရဲ့အချိုးအကွေ့တစ်ခုအဖြစ် Studio 35 ကခေါ်ယူတဲ့ ဇာတ်လမ်းတွဲသရုပ်ဆောင်သစ်တွေရွေးချယ်မှုမှာ ပါဝင်ရွေးချယ်ခံဖြစ်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

အစိမ်းသက်သက်နယ်မြေတစ်ခုဖြစ်တဲ့ အနုပညာနယ်ပယ်ထဲမှာ ရုန်းကန်လှုပ်ရှားရတဲ့အခါ စိတ်ဖိစီးမှုများစွာ၊ အခက်အခဲများစွာရင်ဆိုင်ခဲ့ရပေမယ့် ကြံ့ကြံ့ခံရင်ဆိုင်ပြီး ရှေ့ဆက်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ Studio 35 နဲ့ လက်တွဲပြီး ဇာတ်လမ်းတွဲတွေမှာပါဝင်ခဲ့ပေမယ့် အနည်းငယ်သာထုတ်လွှင့်ခွင့်ရခဲ့ပါတယ်လို့လည်း ပြောပြခဲ့ပါသေးတယ်။ ဒီနောက်မှာတော့ ဗီဒီယိုဇာတ်ကားတွေကို လက်ခံရိုက်ကူးခဲ့ပြီး “ဖေချစ်” အပါအဝင် ဇာတ်ကားများစွာမှာ ပရိသတ်သတိပြုလက်ခံလာစေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ရုပ်ရှင်ကားကြီး၊ ဗီဒီယိုနဲ့ရုပ်သံ ဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ခွင့် ရရှိလာခဲ့ပါတယ်။

လက်ရှိရောက်ရှိနေတဲ့အနေအထားနဲ့ပတ်သက်လို့တော့ ကျော်ကျော်က “ရှိတာကိုတော့ လက်ခံနိုင်ရမယ်။ ရောင့်ရဲတင်းတိမ်နေလို့တော့မရဘူးပေါ့။ ကိုယ်ဒီလိုလေးကြိုးစားလာခဲ့လို့သာ ဒီလိုပရိသတ် အသိအမှတ်ပြုမှုတစ်ခု ရလာတာပေါ့လေ။ ဘယ်လောက်အထိ ရှေ့ဆက်ပျံသန်းနိုင်မလဲဆိုတာ ကြိုးစားကြည့်ရမှာပေါ့။ သေချာတာကတော့ ကျွန်တော့်ရဲ့ကိုယ်ပိုင်ပုံစံတစ်ခုကိုတော့ ဖျက်မှာမဟုတ်ဘူး။ စေတနာထားပြီး သရုပ်ဆောင်တယ်။ အမူအရာ ကောင်းအောင်ကြိုးစားတယ်။ ဒါကိုတော့ ထိန်းသိမ်းပြီး ဆက်ကြိုးစားသွားမယ်။ လက်ရှိရောက်နေတဲ့အနေအထားကိုတော့ အမောပြေပါတယ်။ ကျေနပ်တယ်လို့တော့ ပြောလို့မရသေးပါဘူး” လို့ ဆိုခဲ့ပါတယ်။

ငယ်စဉ်ကလေးဘဝကတည်းက လက်ရှိအချိန်ထိ ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး ရိုက်ကွင်းရဲ့ အားလပ်ချိန်တွေမှာ စနောက်ရယ်မောနေတတ်သူ ကျော်ကျော်က လူမှုကွန်ရက်စာမျက်နှာမှာလည်း ပျော်ရွှင်ရယ်မောရမယ့် အကြောင်းအရာတွေနဲ့အတူ ပရိသတ်များရဲ့ရင်းနှီးချစ်ခင်မှုကိုရရှိထားသူဖြစ်ပါတယ်။ ပရိသတ်များကိုတော့ သရုပ်ဆောင်ကျော်ကျော်က ပရိသတ်များ ဘဝအမောပြေနိုင်မယ့် သရုပ်ဆောင်ကောင်းတစ်ယောက်အဖြစ် ဖျော်ဖြေနိုင်အောင် ကြိုးစားနေပါတယ်။ ပရိသတ်များက ဆက်လက်အားပေးကြပါဦးလို့ ရိုးရိုးသားသားပြောချင်ပါတယ်လို့ သတင်းစကားပါးခဲ့ပါတယ်။

အခုတစ်ပတ်မှာဖတ်ရှုခဲ့ကြရတာကတော့ သရုပ်ဆောင်ကျော်ကျော်က ပွင့်လင်းစွာပြောပြခဲ့တဲ့ ငယ်စဉ်ဘဝနေ့ရက်အမှတ်တရတွေပဲဖြစ်ပါတယ်။ နောက်တစ်ပတ်တွေမှာလည်း ပရိသတ်ချစ်ခင် အားပေးမှုရရှိထားတဲ့ အနုပညာရှင်တွေရဲ့ အမှတ်တရတွေကို မေးမြန်းဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးလို့ဆိုပါရစေ။

 


READ NEXT
Cancel OK