FG Live Lounge Season 2 ဖျော်ဖြေမှုအဖြစ် တေးသံရှင်စည်သူလွင်၏ ဖျော်ဖြေတင်ဆက်မှုများကို ဇန်နဝါရီ ၂၄ ရက်တွင် MRTV 4 ၌ ထုတ်လွှင့်ပြသရန် စီစဉ်ထားသည်ဟု သိရသည်။ အဆိုပါအစီအစဉ်ကို ည ၈ နာရီ ၄၅ မိနစ်တွင် စတင်မည်ဖြစ်ပြီး တေးသံရှင်စည်သူလွင်နှင့်အတူ Lucky Hand Music Band က တီးခတ်ဖျော်ဖြေမည်ဖြစ်သည်။ FG Live Lounge Season 2 ဖျော်ဖြေမှုမှာ Canal + Gita Channel တွင် ထုတ်လွှင့်ခဲ့ပြီးနောက် အခမဲ့ရုပ်သံလိုင်းဖြစ်သည့် MRTV 4 တွင် ပြသရန်စီစဉ်ထားခြင်းဖြစ်သည်။ ယင်းဖျော်ဖြေပွဲတွင် တေးသံရှင်စည်သူလွင်က ပရိသတ်များနှင့် အမှတ်တရ ရှိခဲ့သည့် တေးသီချင်းများ၊ ထွက်ရှိခဲ့ပြီးသည့် အယ်လ်ဘမ်များထဲမှ ထင်ရှားသည့် တေးသီချင်းများဖြင့် ဖျော်ဖြေမည်ဖြစ်ကာ တေးသီချင်း အပုဒ် ၂၀ ကျော် တင်ဆက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ယင်းဖျော်ဖြေပွဲတွင် ပရိသတ်များမပါဝင်စေဘဲ ဖျော်ဖြေရေးသီးသန့်သာ တင်ဆက်ခဲ့ခြင်းဖြစ်ပြီး ပရိသတ်များမှာ အွန်လိုင်းနှင့်ရုပ်သံတို့မှသာ ကြည့်ရှုအားပေးစေခြင်းဖြစ်သည်။
“ကိုဗစ်ကပ်ရောဂါကာလအတွင်းမှာ ပရိသတ်များနဲ့ အနုပညာရှင်များ တိုက်ရိုက်ထိတွေ့နိုင်ခြင်းမရှိတာကြောင့် New Normal အနေအထားနဲ့ပဲ ဖျော်ဖြေရပါတယ်။ ပရိသတ်တွေနဲ့ မတွေ့ရတာလည်းကြာပြီဆိုတော့ အခုလိုတွေ့ဆုံခွင့်ရတဲ့အတွက် ဝမ်းသာရပါတယ်။ အရင်လိုပရိသတ်တွေနဲ့အတူ အားပါးတရဖျော်ဖြေခွင့်မရပေမဲ့ အွန်လိုင်းကနေ အားပေးနေတဲ့ပရိသတ်တွေ၊ ရုပ်သံလိုင်းကနေ စောင့်ကြည့်အားပေးကြတဲ့ ပရိသတ်တွေကို ဖျော်ဖြေခွင့်ရတာကြောင့် ဝမ်းသာရပါတယ်။ ပရိသတ်များလည်း ကျွန်တော်တို့နဲ့အတူ သီချင်းတွေနားဆင်ရင်းပျော်ရွှင်ကြမယ်လို့ ယုံကြည်ပါတယ်” ဟု တေးသံရှင် စည်သူလွင်က ဆိုသည်။
FG Live Lounge ဂီတဖျော်ဖြေပွဲများကို ၂၀၁၉ ခုနှစ် မိုးရာသီကာလတွင် ဖျော်ဖြေပွဲများ အတန်ငယ်နားထားချိန်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အတွင်းမူ Season 2 ထပ်မံပြုလုပ်ရန်စီစဉ်ရာ၌ ကိုဗစ်ကပ်ရောဂါ ပြန့်ပွားလျက်ရှိသည့် အခြေအနေအရ ပရိသတ်များ ပါဝင်နိုင်ခြင်းမရှိဘဲ ရုပ်သံနှင့် အွန်လိုင်းမှသာ ကြည့်ရှုရန် ထုတ်လွှင့်တင်ဆက် ခဲ့ခြင်းဖြစ်သည်။ FG Live Lounge Season 2 ဖျော်ဖြေပွဲများ၏ တင်ဆက်မှုအသစ်များကို Canal+ Gita Channel တွင် ထုတ်လွှင့်လျက်ရှိကာ MRTV 4 တွင်လည်း ဆက်လက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ MRTV 4 တွင် လတ်တလောထုတ်လွှင့်ခဲ့ပြီးသည့် ဖျော်ဖြေပွဲများမှာ တေးသံရှင်ဂျေညီညီ၊ ဂျေမောင်မောင်၊ သာဒီးလူ၊ ဖော်ကာ၊ ဆုန်သင်းပါရ်တို့၏ တင်ဆက်မှုများကို ထုတ်လွှင့်ခဲ့ပြီးဖြစ်ကာ တေးသံရှင်စည်သူလွင်က ယခုတစ်ပတ်တွင် ပါဝင်မည်ဖြစ်သည်။