Top News

ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ရန် သမ္မတ အိုဘားမား ဖိတ်ကြား
24htopnews | November 20, 2024 10:12 PM CST

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန် ပြည်ထောင်စု၏ ဒုတိယ အမျိုးသား လုံခြုံရေး အကြံပေး ဘန်ရုဒ်သည် ဇူလိုင် ၂၀ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။ထိုသို့ တွေ့ဆုံစဉ် ဒုတိယအမျိုးသား လုံခြုံရေးအကြံပေး ဘန်ရုဒ်သည် ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ရန် သမ္မတ အိုဘားမားက တရားဝင် ဖိတ်ကြားသည့်စာအား ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့ကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်နိုင်ရေး အတွက်လည်း ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက ပြောကြားသည်။“အဓိကကတော့ သူ (ဒုတိယအမျိုးသား လုံခြုံရေး အကြံပေး ဘန်ရုဒ်) က ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ကို ချစ်ကြည်ရေးခရီး လာရောက်ဖို့အတွက် သူတို့ သမ္မတ (အိုဘားမား)က တရားဝင် ဖိတ်ကြားတဲ့ စာကို လာပေးအပ်တာပါ။ ပြီးတော့ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်လို့ရမယ့် ကိစ္စတွေကိုလည်း သူတို့ဘက်က ဆွေးနွေးခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း အခုလုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ၊ ရခိုင်ပြည်နယ် ကိစ္စတွေ၊ ဒေသဖွံ့ဖြိုးရေးတွေနဲ့ ပတ်သက်ပြီး ပြန်လည် ဆွေးနွေးခဲ့တယ်” ဟု ဒေါ်အေးအေးစိုးက ပြောကြားသည်။ဆက်လက်ပြီး ဒုတိယအမျိုးသား လုံခြုံရေး အကြံပေး ဘန်ရုဒ်က အမေရိကန်၏ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု သက်တမ်းတိုးခြင်းနှင့် ပတ်သက်၍ လက်ရှိ အခြေအနေကို မေးမြန်းခဲ့ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကလည်း အရေးယူပိတ်ဆို့မှုသည် မြန်မာနိုင်ငံအပေါ် ထိခိုက်မှု ကြီးကြီးမားမား မရှိကြောင်း၊ မှန်ကန်သည့် လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်၍ အချိန်တန်လျှင် အရေးယူ ပိတ်ဆို့မှုများ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ဒေါ်အေးအေးစိုးက ပြောကြားသည်။ထို့ပြင် ဒုတိယအမျိုးသား လုံခြုံရေး အကြံပေး ဘန်ရုဒ်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်နှင့်လည်း တွေ့ဆုံခဲ့ကြောင်း အမေရိကန် သံရုံး၏ သတင်းထုတ်ပြန်မှုအရ သိရသည်။အမေရိကန် သမ္မတ အိုဘားမား၏ အမျိုးသား လုံခြုံရေးကောင်စီ အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဘန်ရုဒ်သည် သမ္မတ အိုဘားမားအတွက် မဟာဗျူဟာ လမ်းညွန်ချက်များကို ပံ့ပိုးပေးရသူဖြစ်ပြီး အိုဘားမား၏ မဲဆွယ်ပွဲများအတွက် မိန့်ခွန်းရေးပေးရသူ အကြီးတန်းအရာရှိလည်း ဖြစ်ကြောင်း သိရသည်။၎င်း၏ ခရီးစဉ်သည် အိုဘားမား အုပ်ချုပ်ရေးအဖွဲ့၏ ထိပ်တန်းအရာရှိ တစ်ဦးအတွက် မြန်မာနိုင်ငံ၏ အဓိက အရေးပါသော ခေါင်းဆောင်များနှင့် တတ်သိပညာရှင်များထံမှ သတင်းစကားများကို တိုက်ရိုက် ကြားသိရမည်ဖြစ်ပြီး ယင်းအရေးကြီးသော သတင်းစကားများကို အိမ်ဖြူတော်သို့ ပြန်လည် ယူဆောင်သွားမည့် အရေးကြီးသော အခွင့်အလမ်းတစ်ရပ် ဖြစ်ကြောင်း၊ ဒုတိယ အမျိုးသား လုံခြုံရေး အကြံပေး ဘန်ရုဒ်၏ ခရီးစဉ်သည် အမေရိကန် ပြည်ထောင်စုနှင့် မြန်မာနိုင်ငံအတွက် အစိုးရများနှင့် ပြည်သူလူထု အကြား ဆက်ဆံရေးကို ပိုမို အားဖြည့်ပေးရန်အတွက် အဓိက အရေးပါသော နောက်ထပ် ခြေလှမ်းဖြစ်ကြောင်း အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားကြောင်း သိရသည်။မြန်မာနိုင်ငံတွင် NLD ပါတီ ဦးဆောင်သည့် အစိုးရ တက်လာပြီးနောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ အလည်အပတ် ခရီးစဉ်များ လာရောက်ခဲ့ရာ မေ ၂၂ ရက်တွင် နိုင်ငံခြားရေးဝန်ကြီး Mr. John Kerry သည် နေပြည်တော်သို့ တစ်ရက်တာ ခရီးစဉ်၊ ပဋိပက္ခနှင့် တည်ငြိမ်ရေး လုပ်ငန်းများဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Robinson သည် ဇွန် ၂၂ ရက်မှ ၂၅ ရက်အထိ ခရီးစဉ်နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Mrs. Kristie Kenney သည် ဇူလိုင် ၁၂ ရက်မှ ဇူလိုင် ၁၄ ရက်အထိ လာရောက်ခဲ့ကြောင်း သိရသည်။  


READ NEXT
Cancel OK