Top News

နှင်းဆီအဖွဲ့သားများ၏ ‘နှင်းဆီပုဝါခြုံတဲ့လက်’ အငြိမ့်ဖျော်ဖြေပွဲ ဇန်နဝါရီ ၁၁ ရက်နှင့် ၁၂ ရက်များတွင် ရန်ကုန်မြို့၌ ပြုလုပ်မည်
24htopnews | November 20, 2024 8:13 AM CST

နှင်းဆီအဖွဲ့သားများ၏ နှင်းဆီအငြိမ့်ခန်း တင်ဆက်မှုအသစ်အား ၂၀၁၉ နှစ်ဆန်းတွင် ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်ကြောင်းသိရသည်။ ‘နှင်းဆီပဝါခြုံတဲ့လက်’ နှင်းဆီအငြိမ့်ခန်း အစီအစဉ်အား ဇန်နဝါရီ ၁၁ ရက်နှင့် ၁၂ ရက် များတွင် ရန်ကုန်မြို့ တော်ဝင်ဂါးဒင်း ဟိုတယ်၌ ပြုလုပ်မည်ဖြစ်သည်။ နှင်းဆီအငြိမ့် အစီအစဉ်တွင် အကယ်ဒမီ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) စီစဉ်တင်ဆက်မည်ဖြစ်ကာ လူရွှင်တော်များအဖြစ် သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီ နေတိုး၊ ကျော်ကျော်ဗိုလ်၊ အကယ်ဒမီ ထွန်းထွန်း၊ ရဲလေးတို့ ပါဝင်မည်ဖြစ်သည်။ မင်းသမီးများအဖြစ် ဖူးစုံ၊ မေကဗျာ၊ မိုးယုစံနှင့် မိုးပြည့်ပြည့်မောင်တို့ ပါဝင် ကပြတင်ဆက် ကြမည်ဖြစ်သည်။

“နှင်းဆီအငြိမ့်ကို ဒီဇင်ဘာလကုန်မှာ လုပ်ဖို့စီစဉ်ထားပေမဲ့ အားလုံးအဆင်ပြေတဲ့ ရက်ဖြစ်သွားအောင်၊ နှစ်သစ်မှာလည်း ကပြချင်တာကြောင့် ဇန်နဝါရီမှာ လုပ်ဖို့ စီစဉ်ထားပါတယ်။ နှစ်ရက်က ပြသွားမှာပါ။ နှင်းဆီအငြိမ့်ရဲ့ ထုံးစံအတိုင်းပဲ လူတွေကြားက အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေ၊ ခံစားမှုတွေကို အပြုသဘောဆောင်တဲ့ တင်ပြမှုတွေနဲ့ ပြက်လုံးတွေ ထုတ်သွားပါမယ်။ ကြည့်ရတဲ့ပရိသတ်တွေအတွက် ပျော်ရွှင် ရယ်မောရင်း၊ စဉ်းစား ဆင်ခြင်စရာလေးတွေကိုပါ စဉ်းစားဆင်ခြင်နိုင်ဖို့ တင်ဆက်သွားမှာပါ။ ပြက်လုံးတွေကတော့ ကျွန်တော်တို့ အချိန်ရတာနဲ့ တွေ့ဆုံပြီး တိုင်ပင်ဖြစ်တယ်။ ပြင်ဆင် ဖြစ်တယ်။ မကခင်ညအထိလည်း နောက်ဆုံးဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေပေါ်မူတည်ပြီး ထည့်သွင်းပြောဆိုသင့်တဲ့ အကြောင်းအရာတွေဆို တိုင်ပင်ဆွေးနွေးပြီး ထည့်ဖြစ်မှာပါ။ အကောင်းဆုံးတော့ ပြင်ဆင်သွားမှာပါပဲ” ဟု သရုပ်ဆောင် ကျော်ကျော်ဗိုလ်က ပြောကြားသည်။

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ကလည်း “ဦးမျိုးတို့ရဲ့ နှင်းဆီအငြိမ့်ကို တစ်နှစ်ကို တစ်ပွဲတော့ ကဖို့ ရည်ရွယ်ထားတဲ့ အတိုင်းပဲ အခုနှစ်ကုန်မှာ ကဖို့ စီစဉ်ထားကြတယ်။ ဒါပေမဲ့ အားလုံးအဆင်ပြေမယ့် ရက်ကို ရွေးချယ်ရင်းနဲ့ ဇန်နဝါရီလဆန်းမှာ ကဖြစ်မှာပါ” ဟု ဆိုသည်။

နှင်းဆီပုဝါခြုံတဲ့လက် အငြိမ့်အတွက် ကြိုတင် လက်မှတ်များကိုလည်း ရောင်းချ သွားမည်ဖြစ်ကာ လက်မှတ်စျေးနှုန်းများအား VIP ၊ ကျပ်တစ်သိန်း၊ ငါးသောင်းနှင့် သုံးသောင်းဟု သတ်မှတ်ထားကြောင်း သိရသည်။ Media Launching ပြုလုပ်သောနေ့တွင် Fan Meeting ကိုပါ တစ်ပါတည်း ပြုလုပ်ကာ လက်မှတ်ရေးထိုး ရောင်းချမည့် အစီအစဉ်ပါဝင်မည်ဖြစ်ပြီး ယင်းနေ့ကို ကြေညာသွားမည်ဟု သိရသည်။              


READ NEXT
Cancel OK