Top News

သရုပ်ဆောင်တေးသံရှင် Mary နှင့် တွေ့ဆုံခြင်း
24htopnews | November 15, 2024 8:12 AM CST

ထူးခြားသည့်အသံ၊ ဆိုဟန်များဖြင့် ဂီတလောကထဲသို့ ရောက်ရှိလာကာ ကိုယ်ပိုင်ဟန်တစ်ခုဖြင့် တေးသီချင်းများအား ဖန်တီးတတ်သူ တေးသံရှင် Mary က သရုပ်ဆောင် နယ်ပယ်အတွင်းသို့ ပထမဆုံးခြေလှမ်းအဖြစ် ‘အဟောင်း’ ဟု အမည်ပေးထားသည့် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မည် ဖြစ်သည်။ သီချင်းဆိုရာတွင် ထူးခြားသည့်ဆိုဟန် တစ်ခုအဖြစ် သီဆိုတတ်သူ Mary က သရုပ်ဆောင်မှု ပထမဆုံး အတွေ့အကြုံအတွက်လည်း စိတ်လှုပ်ရှားလျက်ရှိကာ ပထမဆုံး ကာရိုက်တာအတွက် ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။ တေးသီချင်းများလည်း ထပ်မံထွက်ရှိမည်ဖြစ်ကာ ရုပ်ရှင်နှင့် ဂီတနယ်ပယ်နှစ်ခုလုံးတွင် ကြိုးစားအားထုတ်သွားမည်ဟု ဆိုလာသူ Mary နှင့်တွေ့ဆုံ၍ ဇာတ်ကားအတွက် ပြင်ဆင်ထားမှုများ၊ စိတ်လှုပ်ရှားရင်ခုန်မှုများအား မေးမြန်းဖြစ်ခဲ့ပါသည်။

မေး- Mary ရဲ့ပထမဆုံး ရုပ်ရှင်ဇာတ်ကားအတွက် ပြင်ဆင်မှုလေးတွေ ပြောပြပါဦး။

ဖြေ- ဒီဇာတ်ကားက Mary ရဲ့ပထမဆုံး ကာရိုက်တာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ မထင်ထားတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေရဲ့ ရှေ့မှောက်ကို ရောက်လာဖို့ ရှိပါတယ်။

မေး- အပြင်က Mary ဆိုတဲ့ ကာရိုက်တာနဲ့ အခုသရုပ်ဆောင်ရတဲ့ ကာရိုက်တာက ဘာတွေ ကွာခြားမလဲ။

ဖြေ- အပြင်မှာကတော့ Mary က သီချင်းဆိုတယ်။ သီချင်းတွေကို ဖန်တီးရတာ ကြိုက်တဲ့သူတစ်ယောက်ပေါ့နော်။ ဇာတ်ကားထဲမှာကျတော့ သာမန်လူတစ်ယောက်ရဲ့ကာရိုက်တာပေါ့။ ကွာဟချက်တော့ အများကြီးရှိပါတယ်။ ကိုယ်မဟုတ်တဲ့ သူတစ်ယောက်ရဲ့ စိတ်ခံစားမှု၊ အကြောင်းအရာတွေကို ခံစားသက်ဝင်ပြီး သရုပ်ဆောင်ရတာဆိုတော့ မလွယ်ကူပါဘူး။

မေး- သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါဝင်ဖို့ ဘာကြောင့်လက်ခံဖြစ်တာလဲ။

ဖြေ- အဓိကတော့ Timing ပေါ့နော်။ အရင်ကလည်း ကမ်းလှမ်းခဲ့ဖူးတာတွေ ရှိတယ်။ သို့သော်လည်းပဲ အဲဒီအချိန်မှာ Mary ကအဆင်သင့် မဖြစ်သေးဘူး။ အခုလည်း အသင့်ဖြစ်လှတယ် မဟုတ်ပေမယ့် ကိုယ့်ကိုယ်ကိုယ် Challenge လုပ်ချင်တဲ့အချိန်တစ်ခုမှာ ကမ်းလှမ်းခံရတယ်။ သူတို့ကမ်းလှမ်းလာတာလည်း ကြော်ငြာတစ်ခုမှာ သရုပ်ဆောင်တာကို သဘောကျလို့ကမ်းလှမ်းတာလို့ ပြောပါတယ်။ အဲဒီအတွက် Mary လက်ခံဖြစ်ပါတယ်။

မေး- ဒီဇာတ်ကားမှာ ကိုကြံ့တို့၊ ပိုင်ဖြိုးသုတို့လို အမူအရာပိုင်း အများကြီး လုပ်နိုင်သူတွေလည်းပါတော့ ဘယ်လိုခံစားရလဲ။

ဖြေ- အဓိကတော့ Mary စီနီယာတွေ ဖြစ်တဲ့အတွက် အများကြီး စိတ်လှုပ်ရှားပါတယ်။ အသစ်တစ်ယောက်အနေနဲ့ ဘာမှလည်း မတတ်သေးဘူး။ အတူ တွဲဖက်ပါဝင်ခွင့်ရတဲ့ စီနီယာတွေဆီက ကောင်းမွန်တဲ့ အနုပညာဖန်တီးမှုတွေ သင်ယူခွင့်ရချင်တယ်။ အများကြီးလည်း ကြိုးစားသွားမှာပါ။

မေး- သုသု(ပိုင်ဖြိုးသု)က Mary ရဲ့သီချင်းလေးတွေ ကြိုက်တယ်လို့ ပြောထားတယ်။ Mary အနေနဲ့ရော ပိုင်ဖြိုးသုရဲ့သရုပ်ဆောင်မှုအပေါ် အမှတ်တရဖြစ်တာမျိုး ရှိလား။

ဖြေ- အဓိကတော့ Mary မသုရဲ့ဇာတ်ကားတွေ ကြည့်ဖြစ်တယ်။ အခုတင်နေတဲ့ Now & Ever ဇာတ်ကားလည်း ကြည့်ဖြစ်တယ်။ မသုရဲ့သဘာဝဆန်တဲ့ သရုပ်ဆောင်မှုတွေကို ပိုသဘောကျတယ်။ အိုဗာအက်တင် ဖြစ်မနေဘူး။ မင်းသမီးဆိုတာထက် အပြင်မှာရှိနေတဲ့သူတစ်ယောက်ရဲ့ ခံစားမှုဆိုတာကိုပဲ အမြဲမြင်ရတယ်။ အဲဒါကိုအရမ်းသဘောကျတယ်။

မေး- သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်ရာမှာ ကိုယ့်အတွက် Challenge ဖြစ်စေတာက ဘာတွေဖြစ်မလဲ။

ဖြေ- Challenge ဖြစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့ မလုပ်ဖူးတဲ့အတွက် စိတ်ပူတယ်။ ပြီးတော့ စကားပြောရင်လည်း လေးလေးပင်ပင် ပျင်းရိပျင်းတွဲပြောတတ်တဲ့အတွက် စိတ်ပူပါတယ်။ Mary ကို ပထမဆုံးကြည့်ဖူးတဲ့အခါ သူစကားပြောတာ ဆွဲဆောင်မှုမရှိဘူး၊ လေးလေးပင်ပင် ဖြစ်နေတယ်လို့ ခံစားရမှာ စိုးရိမ်တယ်။ သွက်သွက်လက်လက်နဲ့ ဒီကာရိုက်တာအတွက် ထပ်တူကျအောင် ကြိုးစားနေပါတယ်။ အဓိကတော့ ကြောက်စိတ်၊ ရှက်စိတ်၊ စိုးရိမ်စိတ်တွေကို ဖယ်ရှားနိုင်ဖို့ ကြိုးစားနေပါတယ်။

မေး- ဇာတ်ကားရိုက်ကူးပြီးလို့ ပြသတဲ့အခါ ကောင်းခြင်းဆိုးခြင်းတွေကို ဝေဖန်အကြံပေးတာတွေ ရှိလာမယ့်အပေါ် ဘယ်လိုပြင်ဆင်ထားလဲ။

ဖြေ- ဝေဖန်အကြံပေးတာတွေရှိသလို သဘောမကျဘူးဆိုပြီး ပြောတာမျိုးတွေလည်း ရှိလာနိုင်ပါတယ်။ ဘယ်လိုလေးပြင်လိုက်ရင် ကောင်းသွားမယ်ဆိုတာမျိုးတော့ Mary ပြောင်းလဲရမှာပေါ့နော်။ လိုအပ်ချက်တွေ ထောက်ပြတဲ့အခါမှာတော့ လက်ခံရမယ်။ တိုက်ခိုက်တာမျိုးတွေကတော့ သီချင်းစထွက်ကတည်းက တွေ့ကြုံခဲ့ပြီးသား။ ဇာတ်ကားဖြစ်တဲ့အတွက် သီချင်းထက်ပိုပြီး တိုက်ခိုက်တာတွေ ကြုံတွေ့ရနိုင်တယ်။ ဒီအတွက်တော့ ပြင်ဆင်ထားပါတယ်။

မေး- ဇာတ်ကားနဲ့ပတ်သက်လို့ ပရိသတ်ကို ကြိုပြောချင်တာများ ရှိမလား။

ဖြေ- အဓိကတော့ သီချင်းဆိုတဲ့အပိုင်းမှာ ပိုပြီးကြိုးစားသွားမှာပါ။ သရုပ်ဆောင်အပိုင်းကို လက်ခံဖြစ်တယ်ဆိုပေမယ့် သီချင်းဆိုတဲ့အပိုင်းကို ပိုကြိုးစားချင်တယ်။ သီချင်းဆိုတာကို ပစ်သွားမှာမဟုတ်ဘူး။ သရုပ်ဆောင်ပိုင်းမှာလည်း အကောင်းဆုံး ကြိုးစားသွားမယ်။ နှစ်ဖက်လုံးမှာ အကောင်းဆုံး လုပ်သွားမယ်။ စီနီယာထဲမှာလည်း အဆိုရော သရုပ်ဆောင်ပိုင်းမှာပါ အောင်မြင်တဲ့သူတွေရှိတော့ သူတို့လိုပဲ အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်အောင် ကြိုးစားသွားပါမယ်။

မေး- နောက်ထပ်ရော ဇာတ်ကားတွေ လက်ခံဖြစ်မလား။

ဖြေ- ဒီတစ်ခုကို ပထမဆုံး Challenge လုပ်ကြည့်တာပေါ့။ ဒါရဲ့ result ပေါ်မှာ အများကြီး မူတည်မယ် ထင်ပါတယ်။ ဘယ်အရာမဆိုမှာ ကြိုးစား ကြည့်ချင်ပါတယ်။

မေး- ဂီတနဲ့ပတ်သက်လို့ လှုပ်ရှားမှု ဆိုရင်ရော။

ဖြေ- ဂီတနဲ့ပတ်သက်လို့ ကို Ar-T နဲ့ နှစ်ယောက်တွဲ သီချင်းလေးထွက်ဖို့ ရှိမယ်။ Single Song တစ်ပုဒ်လည်း ထွက်ဖို့ရှိပါ တယ်။ EP အယ်လ်ဘမ် ထွက်ဖို့ရှိတယ်။ အချစ်သီချင်းတွေပဲ။ ဗယ်လင်တိုင်းမတိုင်ခင် ထွက်ဖို့ ရှိပါတယ်။ အဲဒီမှာ သရုပ်ဆောင်သွားဖို့လည်း ရှိပါတယ်။

မေး- အနုပညာပိုင်းနဲ့ပတ်သက်လို့ ၀ါသနာပါတဲ့ သူတစ်ယောက်အနေနဲ့ ဝမ်းစာပြည့်ဖို့ ဘာတွေလေ့လာနေလဲ။

ဖြေ- အဓိကတော့ သီချင်းဖန်တီးတဲ့အခါမှာ အကြောင်းအရာပေါ် မူတည်ဖန်တီးတာ ဖြစ်တဲ့အတွက် အကြောင်းအရာတွေ များများသိအောင် လုပ်ရတယ်။ သူငယ်ချင်းတွေ ပြောပြတဲ့ ခံစားမှုဆိုလည်း နားထောင်ပေးတယ်။ အခုသရုပ်ဆောင်ပိုင်းအတွက်ကတော့ ဇာတ်ကားတွေ ကြည့်ဖြစ်တယ်။    

 


READ NEXT
Cancel OK