ကေပေါ့ပ်စူပါစတားအဖွဲ့ဖြစ်သည့် BTS သည် Love Yourself: Speak Yourself ကမ္ဘာလှည့်ဖျော်ဖြေပွဲအတွက် လက်မှတ်ရောင်းချမှု ဝင်ငွေ ဒေါ်လာ ၁၁၆.၆ သန်း အထိ စံချိန်တင် ရရှိခဲ့သည်ဟု Billboard က နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
BTS အဖွဲ့သည် ၂၀၁၉ ခုနှစ် မေမှ အောက်တိုဘာလအတွင်း မြောက်အမေရိက၊ တောင်အမေရိက၊ ဥရောပ၊ ဂျပန်နှင့် ဆော်ဒီအာရေဗျရှိ မြို့ ၁၀ မြို့တွင် ဖျော်ဖြေပွဲ ၂၀ ပြုလုပ်ခဲ့သည်။ ယင်းကမ္ဘာလှည့် ဖျော်ဖြေပွဲခရီးစဉ်အတွင်း လက်မှတ်စောင်ရေ စုစုပေါင်း ၉၇၆,၂၈၃ ရောင်းချနိုင်ခဲ့ပြီး ဖျော်ဖြေပွဲတစ်ခုအတွက် ပျမ်းမျှလက်မှတ်စောင်ရေ ၄၈,၈၁၄ ရောင်းချခဲ့ရကာ ဒေါ်လာ ၅.၈ သန်း ရရှိခဲ့သည်ဟု Billboard ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ဆော်ဒီအာရေဗျရှိ King Fahd International အားကစားကွင်းနှင့် ဆိုးလ်ရှိ အိုလံပစ်အားကစားကွင်းတို့တွင် ပြုလုပ်ခဲ့သည့် နောက်ဆုံးဖျော်ဖြေပွဲလေးခုအတွက် လက်မှတ်ရောင်းချမှု ဝင်ငွေ ဒေါ်လာ ၁၆.၄၉ သန်း ရရှိခဲ့သည်ဟု Billboard Boxscore တွင် ဖော်ပြခဲ့သည့် အချက်အလက်များအရ သိရသည်။ ယင်းအတွက်ကြောင့် BTS အဖွဲ့ သည် Billboard ၏ နိုဝင်ဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့သည့် Hot Tours စာရင်း၌ အယ်လ်တန်ဂျွန်ပြီးလျှင် ဒုတိယနေရာ၌ ဖော်ပြခံခဲ့ရသည်။
၂၀၁၈ ခုနှစ် သြဂုတ်တွင် စတင်ခဲ့သည့် Love Yourself ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်၏လက်မှတ်များ အကုန်ရောင်းထွက်ခဲ့ပြီးနောက် BTS အဖွဲ့သည် နောက်ထပ် ထပ်တိုးဖျော်ဖြေပွဲခရီးစဉ်အဖြစ် အားကစားကွင်းများတွင်သာ ပြုလုပ်သည့် Love Yourself: Speak Yourself ကမ္ဘာလှည့် ဖျော်ဖြေပွဲခရီးစဉ်ကို ၂၀၁၉ ခုနှစ် မေတွင်စတင်ခဲ့ပြီး အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဘရာဇီး၊ ဂျပန်၊ ဆော်ဒီအာရေဗျနှင့် တောင်ကိုရီးယားရှိ မြို့ ၁၀ မြို့တွင် ဖျော်ဖြေခဲ့သည်။
အဆိုပါ ကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးစဉ် နှစ်ခုပေါင်းအတွက် လက်မှတ်ရောင်းချမှု ဝင်ငွေ စုစုပေါင်း ဒေါ်လာ ၁၇၁.၄ သန်းကျော် ရရှိခဲ့သည်။
၂၀၁၃ ခုနှစ်တွင် အမျိုးသားအဆိုတော် ခုနစ်ဦးဖြင့် ဖွဲ့စည်းခဲ့သည့် BTS အဖွဲ့သည် အချိန်တိုအတွင်း ကမ္ဘာတစ်ဝန်း အောင်မြင်မှုရရှိသည့် ကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ ဖြစ်လာခဲ့သည်။
Bangtan Boys ဟုလည်း ခေါ်ဆိုသည့် BTS အဖွဲ့သည် Billboard 200 စာရင်းတွင် တစ်နှစ်ကြာ ဖော်ပြခံခဲ့ရသည့် ပထမဆုံး ကေပေါ့ပ်အဆိုတော်အဖွဲ့အဖြစ်လည်း ယခုလအစောပိုင်းတွင် စံချိန်တင်ခဲ့သည်။
-
တေးသံရှင်မျိုးကျော့မြိုင်၏ Mini Concert ကို မေ ၃၁ ရက်တွင် ရန်ကုန်မြို့ရှိ M Cube Music Bar ၌ ပြုလုပ်မည်
-
ဂျန်ဒေါင်ဂန်းနှင့် ဆောင်ဂျွန်ကီတို့ အဓိကဇာတ်ကောင်များအဖြစ် ပါဝင်ထားသည့် Arthdal Chronicles ဇာတ်လမ်းတွဲကို ဇွန် ၁ ရက်တွင် စတင်ထုတ်လွှင့်မည်
-
ပရော်ဖက်ရှင်နယ်မော်ဒယ်တစ်ယောက်အဖြစ် အနုပညာအလုပ်တွေ အများကြီးဆက်လုပ်သွားဖို့ရှိတဲ့ Mဆိုင်းလူရဲ့ ငယ်စဉ်ဘဝ အမှတ်တရ ဖြတ်သန်းရာ
-
1 MDB အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်သည့် ဂျိုလိုနှင့် ညစာစားပွဲတက်ဖူးသည်ဟု PSY ပြောကြား
-
U2 အဖွဲ့က စင်ကာပူတွင် ပထမဆုံးအကြိမ် ဖျော်ဖြေပွဲ ပြုလုပ်မည်