တစ်နှစ်တာတွင် ဇာတ်ကားသုံးကား (သို့မဟုတ်) လေးကားခန့်သာ ရွေးချယ်ရိုက်ကူးလေ့ရှိပြီး ပါဝင်ခွင့်ရသည့် ဇာတ်ရုပ်တိုင်းတွင် ပီပြင်သောအမူအရာ သရုပ်ဆောင်မှုများဖြင့် ပရိသတ်အား ဖမ်းစားနိုင်သူမှာ သရုပ်ဆောင် အကယ်ဒမီ ဖွေးဖွေးပင်ဖြစ်သည်။ ကျန်းမာရေးအတွက် အနားယူပြီးနောက် ဇာတ်ကားများ ပြန်လည်ရိုက်ကူးချိန်တွင် အဆိုတော်များနှင့် သရုပ်ဆောင်များ ပူးပေါင်းပါဝင်ကြမည့် ရောသမမွှေ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မည် ဖြစ်သည်။ ရောသမမွှေ ဇာတ်ကားအတွက် အကယ်ဒမီ ဖွေးဖွေး၏ ပြင်ဆင်ထားမှုများနှင့် ပတ်သက်၍ မေးမြန်းဖြစ်ခဲ့ပါသည်။
မေး - ရောသမမွှေဇာတ်ကား ရိုက်ကူးဖြစ်တာလေး အရင်ပြောပြပေးပါဦး။
ဖြေ - ရောသမမွှေဆိုတဲ့ နာမည်လေးကလည်း ဇာတ်လမ်းပုံစံနဲ့ လိုက်ဖက်နေတယ်။ ပါဝင်တဲ့သူတွေအားလုံးကလည်း ရုပ်ရှင်သရုပ်ဆောင်တွေရော၊ ဂီတအဆိုတော်တွေရော၊ Facebook cele တွေရောဆိုတော့ အားလုံးစုံတယ်။ Theme နဲ့လည်း လိုက်တယ်။ အားလုံးလည်း ကိုယ့်ပရိသတ်နဲ့ကိုယ် ရှိပြီးသားဆိုတော့ ပရိသတ်တွေလည်း သဘောကျမယ့် ဇာတ်ကားမျိုး ဖြစ်မှာပါ။
မေး -ဖွေးက ဟာသဇာတ်ကားတွေ သိပ်အများကြီး မရိုက်ဖြစ်ဘူးနော်။
ဖြေ - ဖွေးကတစ်နှစ်လုံးမှာ ဇာတ်ကားအများကြီး မရိုက်ဖြစ်ဘူးလေ။ အားလုံးပေါင်းမှ သုံးကားလောက်ပဲ ရိုက်တာကိုး။ အများဆုံးမှ လေးကားပေါ့။ ဒါတောင်မှ တော်တော်များနေပြီ။ မျှအောင်ရိုက်တဲ့ သဘောပါပဲ။ အက်တင်တွေ အထူကြီးလုပ်ရတဲ့ကားမျိုးလည်း ရိုက်သလို အက်တင်ပါးပါးလေး ရိုက်ရတဲ့ကားမျိုးလည်း ရိုက်တယ်။ ဟာသကားလည်း တစ်ကားလောက် ရိုက်တယ်။ ပြီးတော့ အချစ်ကားမဟုတ်တဲ့ ဘာသာရေးကားတို့? နိုင်ငံရေးကားတို့၊ သရဲကားတို့ ရိုက်ရတာလည်း ဖွေးကြိုက်တယ်။ ကိုယ့်အတွက် ဇာတ်ကားအရေအတွက် နည်းနည်းလေးနဲ့ ဇာတ်လမ်းပုံစံစုံအောင်တော့ ရိုက်ဖြစ်ပါတယ်။
မေး - ဖွေးစိတ်ထဲမှာ ခံစားရတာတွေကို ပရိသတ်တွေကို အသိပေးဖြစ်ခဲ့တာလည်း ပြောပြပါဦး။
ဖြေ - ဖွေးစိတ်ထဲမှာ ဖြစ်တာရဲ့ အကြိမ် ၁၀၀ မှာ တစ်ကြိမ်လောက်ပဲ ပရိသတ်တွေကို အသိပေးဖြစ်တာပါ။ အဲဒီတုန်းကတော့ ဘာဆက်လုပ်ရမယ်မှန်းလည်း မသိတော့ဘူး။ တချို့တွေကျတော့ အသိအမှတ် မပြုကြဘူးပေါ့နော်။ ကိုယ့်ကိုချစ်တဲ့သူတွေကိုပဲ အာရုံစိုက်နေရင်းနဲ့ တိုက်ခိုက်ခံရပါ များလာတော့ စိတ်နည်းနည်း ယိုင်သွားတဲ့သဘောပေါ့။ ဒါပေမဲ့ မဖြူ (ဖြူဖြူကျော်သိန်း) လို အရမ်းတန်ဖိုးရှိတဲ့ အနုပညာရှင်က အားပေးလိုက်တဲ့အခါမှာ လုံးဝကို ပြန်ထောင်သွားတာ။ ပရိသတ်တွေကလည်း ပေးသိသင့်တယ်ထင်လို့ ပေးသိလိုက်တာပါ။ မဖြူကိုရော ဖွေးကိုချစ်တဲ့ ပရိသတ်တွေအားလုံးကိုပါ ရင်ထဲမှာ ထည့်ထားပါတယ်။ နှစ်တွေများလာတော့လည်း တိုက်ခိုက်ခံရတဲ့အခါ ခံစားရတာတွေ ရှိတာပေါ့နော်။ အခုတော့ပြန်ပြီး အေးဆေးဖြစ်သွားပါပြီ။
မေး - လောကမှာ ကြုံတွေ့ရတတ်တဲ့ အမှန်အမှားဆိုရင်ရော ဘယ်လိုသဘောထားလဲ။
ဖြေ - လောကမှာ အမှန်နဲ့အမှား၊ လူအများနဲ့ အနည်းဖြစ်လေ့ရှိတဲ့ နိယာမ တရားတွေနဲ့ ပတ်သက်လို့တော့ ကိုယ့်ယုံကြည်ချက်အတိုင်းပဲ ဆက်သွားဖြစ်ပါတယ်။ တချို့ကိစ္စလေးတွေကျတော့လည်း ဇဝေဇဝါဖြစ်စရာလေးတွေ အများကြီးပဲ။ အခုကတော့ စိတ်ကိုအရှင်းဆုံးထားပြီး ရှေ့ဆက်ကြိုးစားသွားမှာပါ။
မေး - အနုပညာသက်တမ်းတစ်လျှောက် ကြိုးစားအားထုတ်ခဲ့တဲ့ အမှတ်တရ ဆိုရင်ရော။
ဖြေ - ဖွေး အနုပညာလောကထဲမှာ မရပ်မနားဘဲ ကြိုးစားလာတာ ၁၃ နှစ်ကျော်ပြီပေါ့။ ဒီကာလတောက်လျှောက်လုံးမှာ အကောင်းတွေရော၊ အဆိုးတွေရော အားလုံးကို ကြံ့ကြံ့ခံပြီး ရပ်တည်ပေးပြီး အားပေးခဲ့တဲ့ ပရိသတ်တွေအားလုံးက တကယ်အရေးကြီးပါတယ်။ ဆက်ပြီးတော့လည်း ကြိုးစားသွားပါဦးမယ်။
မေး - ရောသမမွှေဇာတ်ကားမှာက ငါ့ကိုနမ်းမယ့် မုန်တိုင်းဇာတ်ကားထဲက ရဲရင့်အောင်ရော လွှမ်းပိုင်နဲ့ပါ ပြန်ဆုံရမယ့် အမှတ်တရလေး ပြောပါဦး။
ဖြေ - ငါ့ကိုနမ်းမယ့် မုန်တိုင်းမှာ သုံးယောက်လုံးက ငိုနေရတယ်။ ဒရာမာ လုပ်ရတယ်။ အဲဒီတုန်းက ပြောဖြစ်တာက ငါတို့သုံးယောက် ဟာသကားလေးရိုက်ရရင် ကောင်းမှာပဲလို့လေ။ အခုတော့ တကယ်ရိုက်ဖြစ်သွားတာပေါ့။
မေး - ရောသမမွှေ ဇာတ်ကားမှာ ပါဝင်ရမယ့် ကာရိုက်တာ ဆိုရင်ရော။
ဖြေ - ဒီဇာတ်ကားမှာ ပါဝင်ရမယ့် ကာရိုက်တာကတော့ လျှို့ဝှက်ထားရသေးတယ်။ ဘာမှပြောပြလို့မရသေးဘူး။ ဖွေးရဲ့ကာရိုက်တာ နာမည်က အိုပါးစံ။
မေး - ဒီဇာတ်ကားမှာက အဆိုတော်တွေ အများကြီးပါတော့ အရင်ဇာတ်ကားတွေနဲ့ ဘာကွာခြားမယ်ထင်လဲ။
ဖြေ - သူငယ်ချင်းထဲမှာလည်း အဆိုတော်တွေပဲ များတယ်။ မင်းသား မင်းသမီး အချင်းချင်း သိပ်မတွဲဖြစ်ဘူး။ အဆိုတော်တွေနဲ့က ခင်ပြီးသားဆိုတော့ သိပ်ပြဿနာမရှိပါဘူး။
မေး - ကျန်းမာရေးအတွက် ခဏနားပြီး ဇာတ်ကားပြန်ရိုက်ဖြစ်တဲ့အချိန်မှာ ရိုက်ဖြစ်တဲ့ကားတွေကို စိတ်တိုင်းကျတယ်လို့ ပြောလို့ရမလား။
ဖြေ - ရပါတယ်။ ဖွေး ကျန်းမာရေးကြောင့် ခဏနားနေတဲ့အချိန်မှာလည်း ဇာတ်ကားပြန်ရိုက်ရင် အချစ်ကားလေး ရိုက်ချင်တဲ့စိတ်မျိုး ဖြစ်တယ်။ တကယ်တမ်း ပထမဆုံးပြန်ရိုက်တဲ့အခါ အချစ်ကားလေး လာကမ်းလှမ်းတော့ အရမ်းပျော်ပါတယ်။ ဇာတ်ကားကလည်း အရမ်းကောင်းသလို ပါဝင်တဲ့ သူတွေအားလုံးလည်း အရမ်းကြိုးစားရတဲ့ ဇာတ်ကားလေး ဖြစ်တယ်။ အဲဒီဇာတ်ကားလေးကလည်း ပရိသတ်တွေကြည့်ရတဲ့အခါ ကျေနပ်စေမယ့် ဇာတ်ကားမျိုးဖြစ်မှာပါ။ အခုထပ်ရိုက်ရမယ့် ရောသမမွှေဆိုလည်း ကိုယ်တိုင်တောင် ပရိသတ်တစ်ယောက်အနေနဲ့ကြည့်ချင်တဲ့ ဇာတ်ကားမျိုးပေါ့။
-
ဒီဇင်ဘာ ၈ ရက်တွင် စတင်ကျင်းပမည့် ၂၀၂၄ Asean Cup ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း နိုဝင်ဘာ ၂၅ ရက်တွင် ပြန်လည်လေ့ကျင့်မည်
-
စာချုပ်သစ်ချုပ်ဆိုရန် ငြင်းဆန်ခဲ့ပါက အသင်းတောင်ပံကစားသမား ခွာရတ်စကယ်လီယာကို ရောင်းထုတ်ရန် နာပိုလီ အသင့်ရှိ
-
မန်စီးတီးတွင် အနာဂတ်လှုပ်ခတ်နေသည့် နည်းပြ ဂွါဒီယိုလာကို ကမ်းလှမ်းရန် PSG အသင်း စီစဉ်
-
လာလီဂါချန်ပီယံဆုမှာ မိမိတို့လက်ထဲရောက်နေပြီဟု ဘာစီလိုနာနောက်ခံလူ ယော်ဒီအယ်လ်ဘာ ပြောကြား
-
အသင်း ၆၀ မှ ၈၀ အထိပါဝင်မည့် ဥရောပစူပါလိဂ်အစီအစဉ်သစ်မှာ ပြည်တွင်းလိဂ်များအတွက်ခြိမ်းခြောက်မှုဖြစ်ပြီး ထိပ်သီးအသင်းများ၏ အကျိုးစီးပွားအတွက်သာဖြစ်ကြောင်း လာလီဂါထုတ်ပြန်