နိုင်ငံတကာတွင် ပြသလျက်ရှိသည့် သည်းထိတ်ရင်ဖိုဇာတ်ကား Doctor Sleep ရုပ်ရှင်ကို ရန်ကုန်နှင့် မန္တလေးတို့တွင် နိုဝင်ဘာ ၁၄ ရက်မှ စတင်ကာ ရုံတင်ပြသထားသည်ဟု သိရသည်။
အဆိုပါဇာတ်ကားကို အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအများအပြား၌ နိုဝင်ဘာ ၈ ရက်မှစတင်ကာ ရုံတင်ပြသခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာတစ်လွှားတွင် ယင်းဇာတ်ကား ပြသမှုမှရရှိသည့် ရုံတင်ဝင်ငွေသည် နိုဝင်ဘာ ၁၀ ရက်အထိ ဒေါ်လာ ၃၄ သန်းကျော် ရရှိသွားပြီဖြစ်ကြောင်း သိရသည်။
Dan Torrance သည် ငယ်စဉ်ဘဝက Overlook ဟု အမည်ရသည့် ဟိုတယ်တစ်ခုတွင် ဖြစ်ပွားခဲ့သည့် အဖြစ်များကြောင့် စိတ်ဒဏ်ရာ အကြီးအကျယ်ရရှိခဲ့ပြီး အရက်စွဲသည့်ဝေဒနာကိုပါ ခံစားရင်း ဘဝကိုခက်ခဲစွာ ဖြတ်သန်းနေရသူတစ်ဦး ဖြစ်သည်။
ဆယ်ကျော်သက်ကောင်မလေး Abra သည် သာမန်လူတို့ထက် ထူးကဲသည့်အစွမ်းရှိကာ အကြားအမြင်ရှိသည့် Shine ဟု လူသိများသည့် အစွမ်းကိုပိုင်ဆိုင်ထားသူ ဖြစ်သည်။ Abra သည် သူ၏စွမ်းရည်များကို မျှဝေသုံးစွဲနေသူသည် Dan ဖြစ်သည်ကို သိရှိသွားခဲ့ပြီးနောက် Dan ကိုလိုက်လံရှာဖွေတော့သည်။
Abra သည် ရက်စက်ပြီး သနားညှာတာမှုကင်းမဲ့သည့် Rose ဟုအမည်ရသည့် အမျိုးသမီးဦးဆောင်နေသည့် True Knot ဟူသည့် ဘာသာရေးဂိုဏ်းကို ဆန့်ကျင်တော်လှန်မှုများ ပြုလုပ်ရန်အတွက် Dan ကိုရှာဖွေကာ သူနှင့်အတူ ပူးပေါင်းပါဝင်ရန် စည်းရုံးနိုင်ခဲ့သည်။
မသေမျိုးဖြစ်ရေးအတွက် ကြိုးပမ်းရင်း တစ်ပါးသူတို့၏ အသက်ကိုစတေးနေသည့် True Knot ဂိုဏ်းအား ရင်ဆိုင်ရန်ကြိုးစားကြသည့် Abra နှင့် Dan တို့ကြုံတွေ့ရသည် အကြောင်းအရာများကို Doctor Sleep ဇာတ်ကားတွင် စိတ်လှုပ်ရှားဖွယ် ရိုက်ကူးတင်ဆက်ထားသည်။
Doctor Sleep ဇာတ်ကားကို ဒါရိုက်တာ Mike Flanagan ရိုက်ကူးပြီး Rebecca Ferguson, Ewan McGregor, Danny Lloyd တို့ ပါဝင်သရုပ်ဆောင်ထားသည်။ ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ နေပြည်တော်၊ မင်္ဂလာ(ဂမုန်းပွင့်၊Gold Class)၊JCGV ၊ Mega Ace(ကန်သာယာ၊ Capital)နှင့် မန္တလေးမြို့ရှိ မင်္ဂလာဒိုင်းမွန်း ရုပ်ရှင်ရုံများတွင် တစ်ပြိုင်တည်း ရုံတင်ပြသထားသည်။
-
ပင်လယ်အော်တောင်ပိုင်း၌ ဖြစ်ပေါ်မည့် မုန်တိုင်းငယ် အိန္ဒိယနှင့် သီရိလင်္ကာသို့ ရောက်ရှိမည်ဟု မိုးဇလ ခန့်မှန်း
-
မကြာမီအချိန်အတွင်း ထောင်နှင့်ချီသည့် မြောက်ကိုရီးယားစစ်သားများ ယူကရိန်းစစ်ပွဲအတွင်း ဝင်ရောက်လာလိမ့်မည်ဟု အမေရိကန်ပြောကြား
-
တနသာင်္ရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား ဒေသခံများက တိုင်ကြားထားမှုနှင့် ပတ်သက်ပြီး NLD ပါတီက တိုင်ကြားထားသူများကို ခေါ်ယူမေးမြန်း
-
ဂန့်ဂေါမြို့တွင် မူးယစ်ဆေးဝါးအမှုဖြင့် တရားစွဲခံရသော ကျန်းမာရေးဆရာမအား မူးယစ်ဆေးဝါး ပုဒ်မဖြင့် စွဲချက်တင်
-
တရားရုံးများတွင် အမှုပွဲစားများ ကျက်စားလေ့ ရှိခြင်းကြောင့် တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းမှု မရှိစေအောင် ဖော်ထုတ် အရေးယူရန် လိုအပ်လျက်ရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးပြောကြား