အခုနှစ်ပိုင်းတွေအတွင်းမှာ လူငယ်မျိုးဆက်သစ်အနုပညာရှင်တွေ များစွာထွက်ပေါ်လာသလို လူငယ်တွေရဲ့ ဖန်တီးမှုအနုပညာအသစ်တွေကိုလည်း ပရိသတ်တွေက တန်ဖိုးထားစောင့်ကြည့် အားပေးလာခဲ့ကြပါတယ်။ ဒီလိုအရှိန်အဟုန်ပြင်းပြင်း ချီတက်လာတဲ့ လူငယ်မျိုးဆက်သစ်တွေထဲမှာ ပရိသတ်သတိပြုမိလာသူတစ်ဦးက “မီ” ဇာတ်ကားထဲက မောင်ကိုလေးဇာတ်ရုပ်နဲ့ ပီပြင်ခဲ့သလို ပျောက်ဆုံးနေသောအမှန်တရား ဇာတ်လမ်းတွဲမှာ ကျရာဇာတ်ရုပ်ကနေ ပီပြင်အောင်ပုံဖော်နိုင်ခဲ့တဲ့ သရုပ်ဆောင်အောင်ရဲထိုက်ပါပဲ။ သရုပ်ဆောင်အောင်ရဲထိုက်ကို လူငယ်တွေ စုပေါင်းဖန်တီးထားကြတဲ့ “ည” ဇာတ်ကားနဲ့ ပထမဆုံး စတင်သတိပြုမိခဲ့ကြတာဖြစ်ပြီး “မီ” ၊ “ပျောက်ဆုံးနေသောအမှန်တရား” နဲ့ “လိပ်ပြာ -အမှန်တရားအတွက် ဓားတစ်လက်” ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိလာသူပါ။ သူပြောပြခဲ့တဲ့ ငယ်စဉ်ဘဝအမှတ်တရ ပုံရိပ်တချို့ကို ဖော်ပြပေးချင်ပါတယ်။
သရုပ်ဆောင်အောင်ရဲထိုက်က ဖေဖော်ဝါရီ ၂၃ ရက်မှာ မွေးဖွားခဲ့သူဖြစ်ပြီး ရန်ကုန်ဇာတိဖြစ်ပါတယ်။ မွေးချင်းမောင်နှမသုံးယောက်အနက် အကြီးဆုံးဖြစ်ပြီး ညီမအငယ်နှစ်ယောက်ရှိပါတယ်။ ငယ်စဉ်ကလေးဘဝမှာ အဆော့မက်တဲ့ အောင်ရဲထိုက်က ကလေးဘဝမှာ ကစားမက်တာကြောင့် ဒဏ်ရာတွေ မကြာခဏရခဲ့ဖူးတာ အမှတ်တရပါလို့ဆိုပါတယ်။
“ကျွန်တော်ငယ်ငယ်က ကစားအရမ်းမက်တယ်။ တစ်ချိန်လုံး ဘယ်လိုကစားရင်ကောင်းမလဲပဲ စဉ်းစားနေတာ။ ငယ်ငယ်က ကစားမက်လွန်းလို့ ဒဏ်ရာတွေလည်း ခဏခဏရဖူးတယ်။ မှတ်မှတ်ရရကတော့ ကစားရင်းနဲ့ ပေါင်မှာ ရေနွေးပူလောင်ဖူးတယ်။ အခုထိလည်း ဒဏ်ရာရှိသေးတော့ အမှတ်တရပါ” လို့ အောင်ရဲထိုက်က ရယ်မောရင်းဆိုပါတယ်။
အောင်ရဲထိုက်က ကျောင်းပညာရေးကိုတော့ မူလတန်းကနေအထက်တန်းအထိ အ.ထ.က(၃) ဗိုလ်တထောင်မှာ တက်ရောက်ခဲ့ပါတယ်။ ကျောင်းစာမှာ မတော်ဘဲကစားဖို့ပဲ စိတ်ရောက်နေတတ်ပြီး အနုပညာလှုပ်ရှားမှုတွေကိုတော့ ငယ်စဉ်ကတည်းက စိတ်ဝင်စားခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းကပွဲတိုင်းမှာ ပါဝင်တတ်သလို ကျောင်းက လုပ်တဲ့ အနုပညာနဲ့ ဆက်စပ်တဲ့ပွဲတိုင်းမှာလည်း ပါဝင်ဖြစ်ခဲ့သူပါ။ ငယ်စဉ်ဆယ်ကျော်သက် ဘဝတစ်လျှောက်မှာတော့ စာအုပ်တွေဖတ်တာ၊ သီချင်းတွေ နားထောင်တာနဲ့ ဖြတ်သန်းကုန်ဆုံးစေခဲ့တယ်လို့ ဆိုပါတယ်။
“ကျွန်တော်ငယ်ငယ်က စာညံ့တယ်။ ကျောင်းစာကလွဲရင် ကျန်တာ အကုန်စိတ်ဝင်စားတာကိုး။ အနုပညာကိုလည်း ၀ါသနာပါတယ်။ ကျောင်းကပွဲတိုင်းမှာ ပါတာချည်းပဲ။ အနုပညာနဲ့ဆက်စပ်တာတွေဆို ကျွန်တော် ပါဖြစ်တာများတယ်။ ငယ်ငယ်က စာဖတ်တာ အရမ်းဝါသနာပါတယ်။ စာအုပ်ဆိုလည်း အစုံဖတ်တယ်။ သုတရောရသရော ကြိုက်တယ်။ အဖိုးက အိမ်မှာနေ့တိုင်း သတင်းစာယူတော့ မနက်မိုးလင်းပြီဆိုတာနဲ့ သတင်းစာဖတ်တယ်။ တခြားစာအုပ်မျိုးစုံလည်း ဖတ်ဖြစ်တယ်။ သီချင်းနားထောင်ရတာကိုလည်း အရမ်းကြိုက်တယ်” လို့ အောင်ရဲထိုက်က ဆိုပါတယ်။
ဆယ်ကျော်သက်အရွယ် ကျော်လွန်ပြီးချိန်မှာတော့ သရုပ်ဆောင်အောင်ရဲထိုက်က ဂီတလုပ်ငန်းတွေကို လုပ်ကိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ကိုယ်တိုင်ရေးသားထားတဲ့သီချင်းတွေကို သီဆိုပြီးနောက် အွန်လိုင်းကနေ လွှင့်တင်ခဲ့သလို Underground ဂီတလောကမှာလည်း နေရာတစ်နေရာရဖို့ ကြိုးစားခဲ့ပါတယ်။ အခက်အခဲများစွာကြားကပဲ အားမလျှော့ဘဲ ဆက်လက်ကြိုးစားလာခဲ့ရင်းက မမျှော်လင့်ဘဲ သရုပ်ဆောင်လမ်းကြောင်းပေါ်ကိုပါ ရောက်ရှိလာခဲ့တာပါ။ ဒီနောက်မှာတော့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးရိုက်ကူးမယ့် “ည” ဇာတ်ကားအတွက် casting ဝင်ရောက်ရွေးချယ်ခံရင်း ပါဝင်ခွင့်ရခဲ့ပါတယ်။ “ည” ဇာတ်ကား ရုံတင်ချိန်မှာတော့ ပရိသတ်စတင်သတိထားမိစေခဲ့ပြီး အောင်ရဲထိုက်က ဒုတိယခြေလှမ်းအနေနဲ့ “မီ” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ “မီ” ဇာတ်ကားအပြီးမှာတော့ သရုပ်ဆောင်အောင်ရဲထိုက်က ပရိသတ်အသိအမှတ်ပြု အားပေးမှုနဲ့အတူ အနုပညာလှုပ်ရှားမှုအသစ်တွေ ဆက်တိုက်လုပ်ကိုင်ခွင့်ရလာခဲ့ပါတယ်။ “ပျောက်ဆုံးနေသောအမှန်တရား” ဇာတ်လမ်းတွဲမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးနေသလို ဖခင်အထင်ကြီးခံရဖို့ မလုပ်သင့်တဲ့ အမှားတွေ လုပ်မိတဲ့ လူငယ်တစ်ယောက်အနေနဲ့ ပီပြင်စွာ သရုပ်ဆောင်ထားပါတယ်။ “လိပ်ပြာ-အမှန်တရားအတွက် ဓားတစ်လက်” ဇာတ်ကားမှာလည်း ပရိသတ်စိတ်ဝင်စားမှု ရရှိနေသူပါ။ လတ်တလောမှာ ဒါရိုက်တာသီဟစိုးရိုက်ကူးမယ့် “အဟောင်း” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်အကယ်ဒမီ ကျော်ကျော်ဗိုလ်၊ အကယ်ဒမီပိုင်ဖြိုးသု၊ Mary နဲ့ အနုပညာရှင်များစွာနဲ့အတူ ပါဝင်သွားမှာပါ။
“ကျွန်တော်ခံယူထားတာတစ်ခုက ကံသည် အလုပ်၊ အလုပ်သည် ကံပါပဲ။ ဒါကြောင့် အလုပ်ကိုကြိုးစားရင် ကံလည်းပဲကောင်းလာမယ်။ ရိုးသားဖို့တော့ လိုတာပေါ့လေ။ အဲဒါလေးကို အမြဲတမ်းစိတ်ထဲမှာ စွဲမြဲထားပြီး ကျင့်သုံးဖြစ်တယ်။ ကျွန်တော့်ကိုအားပေးကြတဲ့ ပရိသတ်တွေကိုလည်း အများကြီးဆက်ပြီးကြိုးစားသွားမှာပါ။ အားပေးကြပါလို့ ပြောချင်ပါတယ်” လို့ သရုပ်ဆောင်အောင်ရဲထိုက်က သူ့ရဲ့ခံယူချက်ကို မျှဝေခဲ့ပါတယ်။
-
ပင်လယ်အော်တောင်ပိုင်း၌ ဖြစ်ပေါ်မည့် မုန်တိုင်းငယ် အိန္ဒိယနှင့် သီရိလင်္ကာသို့ ရောက်ရှိမည်ဟု မိုးဇလ ခန့်မှန်း
-
မကြာမီအချိန်အတွင်း ထောင်နှင့်ချီသည့် မြောက်ကိုရီးယားစစ်သားများ ယူကရိန်းစစ်ပွဲအတွင်း ဝင်ရောက်လာလိမ့်မည်ဟု အမေရိကန်ပြောကြား
-
တနသာင်္ရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား ဒေသခံများက တိုင်ကြားထားမှုနှင့် ပတ်သက်ပြီး NLD ပါတီက တိုင်ကြားထားသူများကို ခေါ်ယူမေးမြန်း
-
ဂန့်ဂေါမြို့တွင် မူးယစ်ဆေးဝါးအမှုဖြင့် တရားစွဲခံရသော ကျန်းမာရေးဆရာမအား မူးယစ်ဆေးဝါး ပုဒ်မဖြင့် စွဲချက်တင်
-
တရားရုံးများတွင် အမှုပွဲစားများ ကျက်စားလေ့ ရှိခြင်းကြောင့် တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းမှု မရှိစေအောင် ဖော်ထုတ် အရေးယူရန် လိုအပ်လျက်ရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးပြောကြား